"ဒီရေတောအနုပညာပွဲတော်" မော်လမြိုင်မြို့မှာ ကျင်းပ

RFA Burmese
2024.11.19
"ဒီရေတောအနုပညာပွဲတော်" မော်လမြိုင်မြို့မှာ ကျင်းပ “ဒီရေတောအနုပညာ ပွဲတော်” ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညပန်းခြံတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့သည်ကို တွေ့ရစဉ်။
ဒီရေတောအနုပညာ ပွဲတော်

ဒီရေတောနဲ့ပတ်သက်တဲ့ အသိပညာတွေကို အနုပညာကတစ်ဆင့် ပေးနိုင်ဖို့အတွက် “ဒီရေတောအနုပညာပွဲတော်”ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညပန်းခြံမှာ နိုဝင်ဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။

မော်လမြိုင်မြို့ဟာ ကမ်းရိုးတန်းဒေသမြို့ဖြစ်ပြီး ဒီရေတောတွေ ရှိတဲ့မြို့တစ်မြို့ပါ။ ပွဲကိုတော့ သဘာဝ ပတ်ဝန်းကျင်အခြေပြု လူထုအကျိုးပြုစီမံကိန်းတစ်ခုဖြစ်တဲ့ Gulf of Mottama Project (GoMP) လို့ခေါ်တဲ့ မုတ္တမ ပင်လယ်ကွေ့ စီမံချက်က ပံ့ပိုးတဲ့ “မုတ္တမပင်လယ်ကွေ့ ရမ်ဆာရေဝပ်ဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများနှင့် ကမ်းရိုးတန်း ထိန်းသိမ်းရေးအစီအစဉ်"က လူငယ်လေးယောက် ဦးဆောင်ကျင်းပတာပါ။

မြန်မာနိုင်ငံမှာ ကမ်းရိုးတန်းဂေဟစနစ် ထိန်းသိမ်းရေး အားနည်းနေတာကြောင့် ဒီရေတော ထိန်းသိမ်းရေးကို အဓိကထား လုပ်ဖြစ်တာလို့ ဒီရေတောအနုပညာပွဲတော်ရဲ့ စီမံကိန်းညှိနှိုင်းရေးမှူး ကိုအုပ်စိုးထက်က ပြောပါတယ်။

“သစ်တောလို့ပြောရင် လူအတော်များများနားလည်ပြီး ပြေးမြင်ကြတယ်။ ဒီရေတောလို့ပြောရင် တချို့က သိပေမဲ့ တချို့က မသိကြသေးဘူး။ ဥပမာ ပြောရရင် ကုန်းတွင်းပိုင်း ဂေဟစနစ်ထိန်းသိမ်းရေးဆို မြန်မာနိုင်ငံအနေနဲ့ ရာခိုင်နှုန်းများများလုပ်နေတာ တွေ့ရပြီး ကမ်းရိုးတန်းဂေဟစနစ်ထိန်းသိမ်းရေးဆိုရင် လူအများစုအာရုံစိုက်မှု နည်းပါးပြီး ထိန်းသိမ်းဖို့ မေ့နေတတ်ကြတယ်။ ဒါကြောင့် ဒီရေတောကို အဓိက ထားရတာဖြစ်တယ်”

ပြီးခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်က မြန်မာနိုင်ငံရဲ့ ဒီရေတောရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းလောက် ပျက်စီးနေပြီး အခုဆိုရင် ရာသီဥတုပြောင်းလဲမှုတွေကြောင့် ပိုပျက်စီးနေပြီလို့လည်း သူက ဆက်ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

သစ်နဲ့ သယံဇာတ အလွန်အကျွံထုတ်ယူမှုကြောင့် သစ်တောပြုန်းတီးမှုများလာ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမျှဝေပေးနေတဲ့ အမျိုးသမီးလူငယ်အဖွဲ့

ငှက်ပျောပင်ကနေ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု တွင်ကျယ်လာအောင် ကြိုးပမ်းနေ


အခုလိုပွဲတော်တွေကနေတစ်ဆင့် မြန်မာနိုင်ငံက ဒီရေတောတွေကို သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ ဒေသခံတွေက ထိန်းသိမ်းတတ်ဖို့၊ ဘယ်လိုထိန်းသိမ်း တန်ဖိုးထားမယ်ဆိုတာ နားလည်သိရှိဖို့၊ လူထုအနေနဲ့ ဒီရေတော ထိန်းသိမ်းရေးလုပ်ငန်းစဥ်မှာ တက်တက်ကြွကြွ ပါဝင်နိုင်အောင် နှိုးဆော်ပေးနိုင်ဖို့၊ ဒီရေတောပြန်လည်ထူထောင်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ၊ သုတေသနအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဒီပွဲကို ကျင်းပတာ ဖြစ်ပါတယ်။

“ဒီရေတောအနုပညာ ပွဲတော်” ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညပန်းခြံတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့သည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဒီရေတောအနုပညာ ပွဲတော်)
“ဒီရေတောအနုပညာ ပွဲတော်” ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညပန်းခြံတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့သည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဒီရေတောအနုပညာ ပွဲတော်)

နိုဝင်ဘာ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ပွဲတော်မှာတော့ ဒီရေတောနဲ့ပတ်သက်တဲ့ အသိပညာပေးပြခန်း၊ ဗီဒီယိုပြခန်း၊ အနုပညာလက်မှုပစ္စည်းပြခန်း၊ ဒီရေတောထိန်းသိမ်းရေး ချန်ပီယံဓာတ်ပုံပြခန်း၊ "ကားတဲ" နှင့် "ဝဲပတန်" ကျေးရွာတွေမှာ ကျင်းပခဲ့တဲ့ ပွဲတော်ပုံရိပ်ပြခန်း၊ ဒီရေတောထံသို့ ပေးစာကဏ္ဍနဲ့ အမေးအဖြေကဏ္ဍ၊ ဒီရေတောကရတဲ့ ခရုခွံလေးတွေပေါ်မှာ ဆေးရောင်ခြယ်တဲ့ အသေးစားအနုပညာလှုပ်ရှားမှုတွေပါဝင်ခဲ့ပါတယ်။

"သူတို့ဒေသမှာရှိတဲ့ ဒီရေတောတွေဟာ သူတို့ရွာလေးကို ဘယ်လို ကာကွယ်ပေးလဲ။ ဘယ်လောက်တောင် ဂေဟစနစ်ဝန်ဆောင်မှု ပေးနေလဲဆိုတာ သိစေချင်တယ်"

စီမံကိန်းမန်နေဂျာ မပြုံးသန္တာခိုင်ကလည်း ကလေးတွေကို ငယ်စဥ်ကတည်းက ဂေဟစနစ်ရဲ့ တန်ဖိုးကို သိစေချင်ပြီး လူကြီးပိုင်းတွေကိုလည်း ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပါဝင်စေချင်တယ်လို့ ပြောပါတယ်။

“ဂေဟစနစ်ရဲ့တန်ဖိုးကို သေချာနားလည်စေချင်တဲ့သဘောနဲ့ ဒီရေတောတွေ တကယ်ရှိတဲ့နေရာ၊ တကယ် ထိန်းသိမ်းသင့်တဲ့ နေရာမှာရှိတဲ့ ကျေးရွာစာသင်ကျောင်းက ကလေးတွေကို ပညာရေးရည်ရွယ်ချက်နဲ့ လုပ်တာ ရှိတယ်။ သူတို့ဒေသမှာရှိတဲ့ ဒီရေတောတွေဟာ သူတို့ရွာလေးကို ဘယ်လို ကာကွယ်ပေးလဲ။ ဘယ်လောက်တောင် ဂေဟစနစ်ဝန်ဆောင်မှု ပေးနေလဲဆိုတာ သိစေချင်တယ်။ နောက်တစ်ခုက လူကြီးပိုင်းတွေရော ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပါဝင်လာအောင် ဘယ်လိုအားပေးရမလဲ။ သူတို့လက်ခံလာအောင် အသိပညာပေးရမလဲ အဲဒါကို မိတ်ဆက်ပေးတဲ့သဘောပါ”

“ဒီရေတောအနုပညာ ပွဲတော်” ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညပန်းခြံတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့သည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဒီရေတောအနုပညာ ပွဲတော်)
“ဒီရေတောအနုပညာ ပွဲတော်” ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညပန်းခြံတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့သည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဒီရေတောအနုပညာ ပွဲတော်)

ပွဲကို လူဦးရေနှစ်ရာကျော်တက်ရောက်ခဲ့ပြီး ရရှိတဲ့ ရန်ပုံငွေတွေကိုတော့ မုတ္တမပင်လယ်ကွေ့မှာရှိတဲ့ "ကားတဲ" နဲ့ "ဝဲပတန်" ကျေးရွာတွေက ဒီရေတောတွေ ပြန်လည်စိုက်ပျိုးရေနဲ့ ထိန်းသိမ်းတဲ့ အစီအစဉ်တွေအတွက် ပြန်လှူသွားမှာဖြစ်ပါတယ်။

ပထမအကြိမ်"ဒီရေတောအနုပညာပွဲတော်" ကို မုတ္တမပင်လယ်ကွေ့ ဒေသအတွင်းမှာရှိတဲ့ ပေါင်မြို့နယ်က "ကားတဲ" ကျေးရွာနဲ့ ၊ဒုတိယအကြိမ်ကိုတော့ မုတ္တမပင်လယ်ကွေ့နဲ့ နီးတဲ့ "ဝဲပတန်" ကျေးရွာက စာသင်ကျောင်း တစ်ခုမှာ ကျင်းပနိုင်ခဲ့ပြီး အခု မော်လမြိုင်မြို့မှာတော့ တတိယအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။