အနုပညာနဲ့ မြန်မာ့အရေးကို ပုံဖော်နေသူ
2024.12.09
ပါဖောင့်မန့် အနုပညာရှင်အဖြစ် နှစ်ပေါင်းနှစ်ဆယ်နီးပါး ဖြတ်သန်းလာခဲ့တဲ့ မိုးစက်ဟာ ထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ နိုင်ငံတကာပြပွဲတွေ လှည့်လည်ပြသခဲ့သူပါ။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာတော့ အာဏာရှင်ကို လက်မခံနိုင်တာကြောင့် ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ အနုပညာမိတ်ဆွေတွေနဲ့အတူ ဆန္ဒပြလှုပ်ရှားမှုနဲ့ ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (က) နဲ့ အင်းစိန်အကျဉ်းထောင်မှာ ထောင်သုံးလကျခဲ့ပါတယ်။
အကျဉ်းထောင်ကနေ ပြန်လွတ်လာချိန်မှာ သူချစ်တဲ့အနုပညာနဲ့ ဆက်လက်ရှင်သန်နိုင်ဖို့ နယ်သာလန်နိုင်ငံကို ထွက်ခဲ့ပြီး လွတ်လပ်တဲ့ အနုပညာဖန်တီးမှုတွေ ဆက်လက်လုပ်ဆောင်နေတာပါ။
အခုတော့ သူ့ရဲ့ပါဖောင့်မန့်အနုပညာလက်ရာတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ လက်ရှိပကတိအခြေအနေတွေ ထင်ဟပ်ပြသနိုင်ဖို့ နိုင်ငံတကာကို လှည့်လည်ပြီး နိုင်ငံတကာအနုပညာရှင်တွေနဲ့အတူ တင်ဆက်နေပါတယ်။
“ဒဏ်ရာအနာတရဖြစ်တယ်ဆိုရင် ကျိုးတယ် ပဲ့တယ်ဆိုရင် ပလာစတာပတ်တီးပတ်ပြီး လုပ်ရတယ်။ အဲဒီဟာကို ကျွန်တော်သုံးတယ်။ ကျွန်တော်တို့ရဲ့ တိုင်းပြည်အခြေအနေပေါ့နော်။ ကျိုးပဲ့နေတဲ့ ဒဏ်ရာအနာတရဖြစ်နေတဲ့ဟာ ကုစားဖို့အတွက်က အဲဒီလိုမျိုး။ အဲဒါ ကျွန်တော်က Live Performance ကနေ Sculpture ကို ပြောင်းလိုက်တယ်”
ပြီးခဲ့တဲ့ အောက်တိုဘာလကပဲ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က Tate Modern အနုပညာပြတိုက်မှာ နိုင်ငံတကာက မော်ဒန်အက်အနုပညာရှင်တွေနဲ့အတူ မျက်နှာနဲ့ လက်ချောင်းတွေပြကွက်ကို တင်ဆက်ခဲ့တာပါ။ လာရောက်ကြည့်ရှုသူပရိတ်တွေရဲ့ ခံစားမှုတစ်ခုခုကို သိမ်းယူနိုင်ခဲ့မယ်လို့လည်း မိုးစက်က ယုံကြည်ထားပါတယ်။
ပါဖောင့်မန့်အနုပညာပြကွက်တွေ တီထွင်ဖန်တီးရာမှာ အနုပညာရှေ့တန်းထားပြီး တင်ဆက်နိုင်ဖို့ လိုအပ်သလို နိုင်ငံရေးကို ထင်ဟပ်နိုင်မယ့် ပြကွက်တွေတင်ဆက်ရာမှာလည်း ဘက်မျှနိုင်ဖို့လိုအပ်တယ်လို့ သူယုံကြည်ထားပါတယ်။ လက်ရှိ သူ့အတွက် စိန်ခေါ်မှုကတော့ အနုပညာနဲ့ နိုင်ငံရေးကြားက မျှခြေဖြစ်အောင် သူ့ဖန်တီးမှုတွေကို တင်ဆက်ပြသနိုင်ဖို့ပါပဲ။
“ကျွန်တော်တို့ ဖန်တီးမှု (Creation) ပိုင်းမှာ နည်းနည်းလေးကျလာတယ်ပေါ့ဗျာ၊ နိုင်ငံရေး (Political) ကဲတဲ့အခါမှာ အဲဒီဟာကျလာတော့ အဲဒါကိုလည်း ကျွန်တော်မလိုချင်ဘူး။ ဒီဘက်က လုံးလုံးနိုင်ငံရေးမပါတဲ့ လက်ရာရယ် နိုင်ငံရေးဆန်တဲ့လက်ရာရယ် ပြီးတော့ နိုင်ငံရေးလုံးလုံးမဆန်တဲ့လက်ရာရယ် အဲဒီလိုမျိုးကြားထဲက လယ်ဗယ်နှစ်ခုကြားထဲကပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ အတုံးလိုက် အတစ်လိုက်ကြီးတွေ ဖြစ်လာတော့ Art ပိုင်းဆိုင်ရာမှာ နည်းနည်းအားလျော့လာသလားလို့ပေါ့နော်။ အဲဒီအတွက် (Balance) ကို ကျွန်တော်ညီစေချင်တာပေါ့။ ကျွန်တော်အခုအချိန်အထိ ရှာဖွေနေတုန်းပါပဲ။ ရတော့မရသေးဘူး။ ဒါပေမဲ့ တစ်ချိန်တော့ ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်”
မြန်မာရဲ့လက်ရှိအခြေအနေနဲ့ တစ်ဦးတစ်ယောက်တည်း ခံစားနေရတာမဟုတ်ဘဲ အားလုံးကိုပုံဖော်နိုင်တဲ့ ပြကွက်တွေဖြစ်ဖို့ သူဖန်တီးနေတာလို့ ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
ထောက်ပို့ ကာတွန်းဆရာဖြစ်လာတဲ့ PDF
လက်မှုအနုပညာနဲ့ ထိုင်းနိုင်ငံမှာ ရပ်တည်နိုင်ရေး ကူညီပေးတဲ့သင်တန်း
နိုင်ကျဉ်းတွေရဲ့ လက်လုပ်တူရိယာတွေနဲ့ ဖျော်ဖြေတဲ့ ဂီတပွဲ ကျင်းပ
သူဖန်တီးထားတဲ့ လက်ချောင်းပုံစံ ပြကွက်နဲ့ Body Inside T-shirt တင်ဆက်မှုတွေက အခုအချိန် မြန်မာ့နိုင်ငံရေးပုံရိပ်ကို ဖော်ဆောင်ထားတာကို ခံစားသက်ဝင်နိုင်မယ်လို့ သူယုံကြည်ထားပါတယ်။
“တီရှပ်ထဲမှာ နေနေပြီးတော့ လှုပ်နေတာပေါ့။ ကျွန်တော့တစ်ကိုယ်လုံးက တီရှပ်ထဲမှာနေနေပြီးတော့ အခုကာလနဲ့သွားတိုက်ဆိုင်တယ်ပေါ့နော်။ ကျွန်တော်တို့ကို အပြင်ကကြည့်တဲ့ဟာပေါ့နော်။ အပြင်က ပြည်တွင်းထဲမှာ တစ်ခုခုဖြစ်နေတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ဘာမှန်း မသိရဘူး”
မြန်မာပြည်သူတွေရဲ့အသံတွေကို နိုင်ငံတကာက ခံစားသက်ဝင်ပြီး သိရှိလာရင် တွန်းအားတစ်ခုဖြစ်လာမယ်လို့ မိုးစက်က ဆိုပါတယ်။
“တချို့အရာတွေက ကိုယ်မတွေ့ရရင် ကိုယ်မခံစားရရင် အတွေ့အကြုံမရှိရင် ဘယ်လိုမှ စာနာမပေးနိုင်ဘူး။ ကျွန်တော်တို့ဖြစ်နေတာကိုလည်း ဖြစ်နေတာပဲလားဆိုပြီး ဒီလိုလောက်ပဲ။ အဲဒီလိုမျိုးမဟုတ်ဘဲ သူတို့ကိုနည်းနည်းလှုပ်နိုင်တဲ့ဟာ တစ်ခုခုပေါ့နော်။ အဲဒီလိုမျိုးဟာကို လုပ်နိုင်အောင်ပေ့ါ။ ဒါပေမဲ့အဲဒီလိုမျိုးဟာ ဘယ်လိုလဲဆိုတာ မသိသေးဘူးပေါ့နော်”
မြန်မာနိုင်ငံမှာလည်း တားဆီးချုပ်နှောင်မှုတွေမရှိတဲ့ အနုပညာရပ်ဝန်းဖန်တီးနိုင်မဲ့နေ့ရောက်လာဖို့ကို မျှော်လင့်ရင်း စိတ်ခံစားမှုရသအမျိုးမျိုးပေးနိုင်တဲ့ မတူညီတဲ့ ပါဖောင့်မန့်အနုပညာတင်ဆက်မှုတွေကို ထပ်မံဖန်တီးဖော်ဆောင်နိုင်ဖို့ မိုးစက်တစ်ယောက် ကြိုးစားနေပါတယ်။