သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ရောင်းချနေတဲ့ ပစ္စည်းတွေ ဝယ်သူနည်းပါး

RFA Burmese
2024.10.17
သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ရောင်းချနေတဲ့ ပစ္စည်းတွေ ဝယ်သူနည်းပါး ရန်ကုန်တိုင်း၊ လသာမြို့နယ်နယ်တွင် မီးရှူးမီးပန်းနှင့် မီးပုံးရောင်းချနေသည့်အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

သီတင်းကျွတ် ရာသီရောက်တိုင်း အနယ်နယ်အရပ်ရပ်ကနေ ဝယ်ယူသူတွေနဲ့ ပြည့်နေတတ်တဲ့ ရန်ကုန်မြို့ သိမ်ကြီးစျေးက မီးပုံးဆိုင်တွေ၊ မီးရှူး၊ မီးပန်းဆိုင်တွေဟာ အခုဆိုရင် ဝယ်ယူသူနည်းပါးပြီး ရောင်းအား ကျဆင်းနေတယ်လို့ စျေးသည်တွေက ပြောပါတယ်။

နိုင်ငံရေးမတည်ငြိမ်တာ၊ အထွေထွေ ကုန်စျေးနှုန်း မြင့်တက်လာတဲ့အပြင် သဘာဝဘေး အန္တရာယ်တွေပါ ရင်ဆိုင်နေရတာကြောင့် သီတင်းကျွတ် မီးထွန်းပွဲတော် အတွက် မီးပုံးတွေ၊ အမွှေးတိုင်၊ ဖယောင်းတိုင်နဲ့ မီးရှူး၊ မီးပန်းတွေ ဝယ်ယူသူနည်းလာတယ်လို့ စျေးသည်တွေနဲ့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

"သူတို့လည်း တတ်နိုင်သလောက် အရင်တုန်းက ငါးထုတ်ဝယ်တဲ့သူ ဆိုလို့ရှိရင် အခု နှစ်ထုတ်၊ သုံးထုတ် အဲလိုပဲ ဝယ်တယ်"

ရန်ကုန်မြို့၊ သိမ်ကြီးစျေးမှာ သီတင်းကျွတ် မီးထွန်းပွဲတော်ရောက်တိုင်း တရုတ်နိုင်ငံကထုတ်တဲ့ မီးရှူး၊ မီးပန်းတွေကို ရောင်းချသူ အများအပြားရှိပြီး နိုင်ငံတစ်ဝန်းက လာရောက်ဝယ်ယူကြပါတယ်။ အခုနှစ်မှာတော့ ကုန်စျေးနှုန်း အဆမတန်မြင့်တက်သွားသလို ရေကြီးရေလျှံမှုတွေကြောင့် အရင်လို ရောင်းမကောင်းတော့ဘူးလို့ သိမ်ကြီးစျေးမှာ နှစ်သုံးဆယ်ကျော် မီးရှူး၊ မီးပန်းရောင်းလာတဲ့ ဒေါ်ဘုတ်က ပြောပါတယ်။

“အရင်တုန်းက သုံးထောင်ဆိုရင် ပစ္စည်းတစ်ခုကို သုံးသောင်းရှိတယ်။ အရင်တုန်းက ဒါမျိုးလေးဆို တစ်ထောင့်ငါးရာ အခု တစ်သောင်းခွဲ ဖြစ်သွားပြီ။ ရောင်းအားတော့ ကျတာပေါ့။ နယ်သမားတွေက အခုဆိုရင်လေ ရေမြုပ်တဲ့သူနဲ့၊ ဘာနဲ့ ရေကြီးတယ်ဆို အဲဒီဘက်တွေ မလာကြတော့ဘူး။ သူတို့ရှိရင် အရမ်းရောင်းရတာ”


ဆက်နွှယ်သော သတင်းများ

ကုန်ကြမ်းစျေးမြင့်ပြီး တရုတ်မီးပုံးတွေကြောင့် ရိုးရာမီးပုံးလုပ်သူ နည်းပါးလာ

အရင်လိုမစည်ကားတဲ့ ရန်ကုန် သီတင်းကျွတ်

ကျိုက်ထီးရိုး ဆီမီးကိုးထောင်ပူဇော်ပွဲ


သီတင်းကျွတ် ကာလရောက်တဲ့အခါ မီးပုံးအရောင်းဆိုင်မှာ လူတွေ ပြည့်နေတတ်ပေမဲ့ အခုနှစ်မှာတော့ ဝယ်ယူသူနည်းပြီး စျေးနှုန်းလည်း မြင့်သွားတယ်လို့ လသာမြို့နယ်မှာ မီးပုံးရောင်းနေတဲ့ မအေးချမ်းမိုးက ပြောပါတယ်။

“ဝယ်သူကလည်း သိပ်ပြီးမလာဘူး။ အရင်တုန်းကဆိုလို့ရှိရင် မီးပုံးတွေခင်းထားရင် လူတွေဆိုတာ ကြိတ်ကြိတ်တိုးနေတာ။ ဒီနှစ်က နည်းနည်းလေး အရောင်းပါးတယ်။ ရောင်းတော့ ရောင်းရတယ်။ တချို့ကျတော့လည်း ထွန်းကြတယ်။ တချို့ကျတော့လည်း မထွန်းကြဘူးပေါ့။ ပိုက်ဆံတွေလည်း အရမ်းကွာသွားတယ်။ စျေးကလည်း မြင့်သွားတယ်လေ။ ကုန်စျေးနှုန်းတွေ ထက်ဝက်ကျိုးတွေ တက်တာပေါ့”

သီတင်းကျွတ် မီးထွန်းပွဲတော်မှာ ဆီးမီးပူဇော်ဖို့ဝယ်ရတဲ့ ဖယောင်းတိုင် အသေးဆုံးတစ်ထုတ်ကို ပြီးခဲ့တဲ့နှစ်က ငွေကျပ် ရှစ်ရာသာရှိပါတယ်။ လက်ရှိမှာတော့ ကျပ်တစ်ထောင်ငါးရာအထိ မြင့်တက်သွားတယ်လို့ ပြောကြပါ တယ်။

အသက်ကြီးသူတွေကို ကန်တော့တဲ့ မုန့်တစ်ဗူးဟာ အရင်နှစ်က ကျပ်ငါးထောင်သာရှိပေမယ့် အခုဆိုရင် ကျပ်တစ်သောင်းကျော်သွားတယ်လို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်က ဆိုင်ရှင်ဖြစ်သူ ဒေါ်ဝေဝေက ပြောပါတယ်။ အခြေခံပြည်သူတွေဟာ ကုန်စျေးနှုန်းကြီးမြင့်ပြီး အလုပ်အကိုင်ရှားပါးနေတာကြောင့် သီတင်းကျွတ် မီးထွန်ပွဲမှာ မီးပူဇော်ဖို့တောင် အရင်လို မဝယ်နိုင်ကြတာလို့ သူက ပြောပါတယ်။

“ရိုးရာပေါ့ သားရယ်။ သီတင်းကျွတ် ပွဲတော်အတွက်ကို မရှိပေမဲ့လည်း သူ့ဟာနဲ့သူတော့ လှူကြတန်းကြ၊ ဝယ်ကြချမ်းကြ၊ ကန်တော့ကြတာပေါ့။ သူတို့လည်း တတ်နိုင်သလောက် အရင်တုန်းက ငါးထုတ်ဝယ်တဲ့သူ ဆိုလို့ရှိရင် အခု နှစ်ထုတ်၊ သုံးထုတ် အဲလိုပဲ ဝယ်တယ်။ ဘယ်လိုကြောင့် လျော့လည်းဆိုတော့ စီးပွားရေး ကျပ်တည်းတယ်။ အလုပ်အကိုင် ငွေရေးကြေးရေး အဆင်မပြေကြတာတွေပေါ့။ ကုန်စျေးနှုန်းကြီးလို့ ”

သီတင်းကျွတ် မီးထွန်းပွဲတော်ရောက်လာပေမဲ့ စီးပွားရေးကျပ်တည်းတာကြောင့် အရင်လို ပျော်စရာ မကောင်းတော့ဘူးလို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်မှာနေတဲ့ မရီရီလွင် က ပြောပါတယ်။

“ခါတိုင်းဆိုရင်တော့ သီတင်းကျွတ်တယ်ဆိုရင် ပျော်ဖို့အရမ်းကောင်းတယ်။ အခု ဒီနှစ်သီတင်းကျွတ်ကတော့ ပျော်စရာလည်း မကောင်းဘူး။ စျေးနှုန်းတွေကလည်းကြီးတော့ ပျော်စရာ မရှိသလိုမျိုးပဲ။ အရင်တုန်းကဆိုရင် ဆီတွေပေါတဲ့ အချိန်အခါလောက်ဆိုရင်လည်း ဆီမီးတွေ ထွန်းကြတယ်။ ရပ်ကွက်ကလည်း လုပ်ကြတာပေါ့နော်။ ပိုက်ဆံတွေ အဲဒီလိုမျိုးစုပြီးတော့ ဖယောင်းတိုင်တွေဘာတွေ ဝယ်ထွန်းကြတယ်။ တစ်လမ်းလုံးတောက်လျှောက်။ ဒီနှစ်တော့ ဘာမှအစီအစဉ်ကို မရှိကြဘူး”

ရန်ကုန်တိုင်း၊ လသာမြို့နယ်နယ်တွင် မီးရှူးမီးပန်းနှင့် မီးပုံးရောင်းချနေသည့်အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
ရန်ကုန်တိုင်း၊ လသာမြို့နယ်နယ်တွင် မီးရှူးမီးပန်းနှင့် မီးပုံးရောင်းချနေသည့်အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

သီတင်းကျွတ် မီးထွန်းပွဲတော်ဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ ပွဲတော်တစ်ခု ဖြစ်ပါတယ်။ မြတ်စွာဘုရားဟာ တာဝတိံသာနတ်ပြည်မှာ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်ကို ပြန်လည်ကြွချီခဲ့တယ်လို့ ယုံကြည်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေဟာ ဆီမီး၊ အမွှေးတိုင်တွေနဲ့ ထွန်းညှိပူဇော်ပြီး ကြိုဆိုကြတဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်နဲ့ ပုစွန်ထောင်မြို့နယ်မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ရေကျော်ပွဲစျေးဟာ သီတင်းကျွတ် ရာသီရောက်တိုင်း လူစည်ကားသလို ထင်ရှားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါနဲ့ နိုင်ငံရေး ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်နောက်ပိုင်း ကျင်းပနိုင်ခြင်းမရှိဘဲ ရပ်နားထားရသလို ရန်ကုန်မြို့ရဲ့ သီတင်းကျွတ် ညတွေကလည်း အရင်လို မစည်ကားတော့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။