ကုန်ကြမ်းစျေးမြင့်ပြီး တရုတ်မီးပုံးတွေကြောင့် ရိုးရာမီးပုံးလုပ်သူ နည်းပါးလာ

RFA Burmese
2024.10.15
ကုန်ကြမ်းစျေးမြင့်ပြီး တရုတ်မီးပုံးတွေကြောင့် ရိုးရာမီးပုံးလုပ်သူ နည်းပါးလာ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာအနီးတွင် ခါတော်မီလုပ်ငန်းဖြစ်တဲ့ သီတင်းကျွတ် မီးပုံးများ ဆော့ကစားနေသည့် ကလေးများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၂ နေ့က တွေ့ရစဉ်။
Photo: RFA

သီတင်းကျွတ်ရင် ဗုဒ္ဓဘာသာဝင်အများစုဟာ ရိုးရာအလှမီးပုံးတွေကို အိမ်တွေမှာ ချိတ်ဆွဲလေ့ရှိကြပါတယ်။ ကလေးတွေကတော့ လက်နဲ့တွန်းလို့ရတဲ့ အရုပ်ပုံပါမီးပုံးလေးတွေနဲ့ ဆော့ကစားကြတာပါ။

"စီးတီးမတ်တို့၊ အိုးရှင်းတို့၊ ဂျန်းရှင်းစီးတီးတို့၊ စိန်ဂေဟာတို့ဆိုတာ နှစ်တိုင်းလုပ်ပေးရတာ၊ ဒီနှစ်ကျဘယ်သူကမှ မအပ်တော့ဘူး"

ဒါကြောင့် သတင်းကျွတ်ခါနီးတိုင်း မီးပုံးအဝယ်တွေ ရှိလာတာကြောင့် မြန်မာ့ရိုးရာ မီးပုံးလုပ်သူတွေ အပြိုင်အဆိုင် လုပ်ခဲ့ကြရပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း မီးပုံးအတွက် ကုန်ကြမ်းစျေးနှုန်းမြင့်လာတဲ့အပြင် တရုတ်နိုင်ငံဘက်ကဝင်လာတဲ့ အလှမီးပုံးတွေကြောင့် ဘိုးဘွားအစဉ်အဆက် ရိုးရာမီးပုံး လုပ်ငန်းလုပ်သူတွေ အခက်အခဲကြုံနေရပါတယ်။

မီးပုံးလုပ်ငန်းလုပ်သက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ အသက် ၆၄ နှစ်အရွယ် ဦးဖြူလေးက "တရုတ်မီးပုံးတွေ ဝင်လာတဲ့အခါကျတော့ ဘယ်လိုက်နိုင်တော့မလဲ၊ ဦးတို့မလုပ်နိုင်တော့ဘူးပေါ့၊ အားလည်းမရတော့ပါဘူး၊ အစုံဝင်လာတာ၊ နောက်ဆုံး လက်တွန်းလှည်းတွေကအစ တရုတ်လက်တွန်းလှည်းလေးတွေရှိတယ်၊ အဲဒါလေးတွေ ထိုးဖောက်လာတဲ့အခါမှာ ဦးတို့ဆီက မီးပုံးလုပ်ငန်း ရောင်းဝယ်ရေးက တဖြည်းဖြည်း ကျကျ၊ ကျကျ လာတာ၊ ပညာရှင်ကလည်း နည်းသွားပါပြီ" လို့ ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

ရိုးရာမပျက် ဆက်လက်လုပ်ကိုင်နေကြတဲ့ မီးပုံးလုပ်ငန်း

ရိုးရာစက္ကူမီးပုံးလုပ်တဲ့ လူရွှင်တော်

အရင်လိုမစည်ကားတဲ့ ရန်ကုန် သီတင်းကျွတ်


အရင်က ကြည့်မြင်တိုင်မြို့နယ် ဗားကရာအနီးမှာ တစ်ရပ်ကွက်လုံးနီးပါး မီးပုံးလုပ်ငန်း လုပ်ခဲ့ကြပေမဲ့ အခုနောက်ပိုင်း တဖြည်းဖြည်းမီးပုံးလုပ်သူ နည်းပါးလာပြီး ဒီနှစ်မှာ ဆယ်ယောက်တောင် မရှိတော့ဘူးလို့ ဦးဖြူလေးက ဆိုပါတယ်။

မီးပုံလုပ်ငန်း ဆက်လုပ်ကိုင်နေတဲ့ တော်ဝင်ဘောဂ လက်မှုမီးပုံးလုပ်ငန်းပိုင်ရှင် ဦးကျော်မိုးက မိရိုးဖလာလုပ်ငန်း မပျောက်ဖို့ရော စျေးကွက်အကြိုက်ဖြစ်အောင်ရော ကြိုးစားနေရတယ်လို့ RFA ကို ပြောပါတယ်။

"အဲလို အရုပ်တွေ၊ ကစားစရာတွေ ဝင်လာတဲ့အခါကျတော့ ကိုယ့်ဘက်ကလည်း နည်းနည်း ကိုယ့်ရဲ့ အရုပ်ပိုင်းလေးတွေကို အဆင့်မြှင့်တင်ဖို့ အရုပ်အဆန်းလေးတွေလုပ်ဖို့ နောက်ဒီဟာဆိုတာကလည်း ကလေး တော်တော်များများဆော့မှ မပျောက်ပျက်မှာ၊ ကလေးတော်တော်များ ဆော့နိုင်အောင် ကိုယ်ဘယ်လို လုပ်ရမလဲ၊ စျေးကွက်မှာ ဘယ်လိုဝင်ရမလဲ"

မိဘရဲ့ မိရိုးဖလာမီးပုံးလုပ်ငန်း မပျောက်ပျက်အောင် ဝိုင်းကူနေသူတစ်ဦးကတော့ အသက် ၁၂ နှစ်အရွယ် မစန်းနဒီမိုးပါ။

"လူကြီးတွေက မီးပုံးအကြီးကြီးတွေကို ဝယ်တယ်ပေါ့နော်။ မီးပုံးတွေက အိမ်ရှေ့မှာ ချိတ်လို့ရတယ်လေ၊ ပြီးတော့ အလှတွေလည်း ဆင်လို့ရတယ်၊ ဘုရားမီးလုံးလေးတွေလည်း ထည့်ပြီးတော့ အလှဆင်လို့ရတယ်။ ကလေးတွေကျတော့ ဒီလိုမျိုးအရုပ်တွေကို ပိုပြီးတော့ တွန်းကြတယ်၊ ကလေးတွေဆိုတော့ အရုပ်တွေ ကြိုက်ကြတယ်လေ၊ တွန်းရင် အသံလည်းမြည်တယ်၊ ကလေးတွေက ဒါလေးတွေကို ပိုကြိုက်တယ်။ အတွင်းထဲမှာ မီးလေးတွေ ထည့်လို့ရတော့ ပိုကြိုက်ကြတယ်"

ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာအနီးတွင် ခါတော်မီလုပ်ငန်းဖြစ်တဲ့ သီတင်းကျွတ် မီးပုံးများ ပြုလုပ်နေသည်အား  ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၂ နေ့က တွေ့ရစဉ်။ (RFA Photo)
ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာအနီးတွင် ခါတော်မီလုပ်ငန်းဖြစ်တဲ့ သီတင်းကျွတ် မီးပုံးများ ပြုလုပ်နေသည်အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၂ နေ့က တွေ့ရစဉ်။ (RFA Photo)

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ တရုတ်ဘက်က ဝင်လာတဲ့ မီးပုံးတွေဟာ လှပပြီး စျေးနှုန်းသက်သာသလို ရောင်စုံ၊ ဆိုဒ်စုံ ရွေးချယ်လို့ရနေတာကြောင့် လူကြိုက်များနေတာလို့ သုံးသပ်ပါတယ်။

မီးပုံးလုပ်ငန်းလုပ်ကိုင်သူ ဦးဖြူလေးကတော့ နှစ်စဉ်အော်ဒါမှာသူတွေတောင် ဒီနှစ်မှာ လုံးဝမမှာတော့တာကြောင့် မြန်မာ့ရိုးရာလုပ်ငန်း ပျောက်ကွယ်သွားမှာ စိုးရိမ်နေပါတယ်။

"စီးတီးမတ်တို့၊ အိုးရှင်းတို့၊ ဂျန်းရှင်းစီးတီးတို့၊ စိန်ဂေဟာတို့ဆိုတာ နှစ်တိုင်းလုပ်ပေးရတာ၊ ဒီနှစ်ကျဘယ်သူကမှ မအပ်တော့ဘူး။ ပျောက်သွားမှာ စိုးတာပါပဲ၊ ကျန်တာတော့ မရှိပါဘူး၊ ဒီလုပ်ငန်းကြီး လုံးဝပျောက်သွားပြီ ဆိုရင်တော့ ဦး စိတ်မကောင်းဖြစ်ရမှာ"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။