ရိုးရာမပျက် ဆက်လက်လုပ်ကိုင်နေကြတဲ့ မီးပုံးလုပ်ငန်း
RFA Burmese
2023.10.01
2023.10.01

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ဗားကရာအနီးဝန်းကျင်မှာနေတဲ့သူတွေဟာ သီတင်းကျွတ်ခါနီးတိုင်း မီးပုံးလုပ်ငန်း လုပ်ကိုင်ကြပါတယ်။ မီးပုံးလုပ်ငန်းကို ခါတော်မီလုပ်ငန်းလို့လည်း ခေါ်ကြပါတယ်။
သီတင်းကျွတ်ရောက်ရင် ဗုဒ္ဓဘာသာဝင်တွေဟာ အိမ်တွေမှာ အလှမီးပုံးတွေ ချိတ်ဆွဲလေ့ရှိကြပါတယ်။ ကလေးတွေကတော့ လက်နဲ့တွန်းလို့ရတဲ့ အရုပ်ပုံ မီးပုံးတွေနဲ့ ဆော့ကစားကြပါတယ်။
အရုပ်ပုံစံတွေ အနေနဲ့ ကြက်ဖ၊ ဒေါင်း၊ ငါး၊ ယုန်၊ ဇီးကွက်နဲ့ ဂျိုကာ စတဲ့ပုံတွေကို လုပ်ကြပြီး မှာယူတဲ့အရုပ်ပေါ်မူတည်ပြီး လုပ်ပေးရတာလည်း ရှိတယ်လို့ မီးပုံးလုပ်သူတွေက ပြောပါတယ်။ ကုန်ဈေးနှုန်းတက်ပေမဲ့ မီးပုံးလုပ်ငန်းကိုတော့ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းပြီး လုပ်နေကြတာလို့လည်း မီးပုံးလုပ်သူတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက တရုတ်လုပ်မီးပုံးတွေ ပေါ်လာပေမဲ့ မြန်မာ့လက်မှု မီးပုံးတွေကတော့ လက်ရှိအချိန်အထိ ရောင်းနေရဆဲ ဖြစ်ပါတယ်။ အရင်က ဗားကရာဝန်းကျင်မှာ အလုပ်သမားအများအပြားနဲ့ မီးပုံးလုပ်ငန်းကို လုပ်ကြပေမဲ့ အခုတော့ တစ်ပိုင်တစ်နိုင်ပဲ လုပ်နိုင်ကြတော့တယ်လို့ မီးပုံးလုပ်သူတွေက ပြောပါတယ်။
လက်ရှိမှာ မီးပုံးတွေကို မြန်မာငွေ ၁၅၀၀ ကျပ်ကနေ တစ်သောင်းကျော်အထိ ပုံစံပေါ်မူတည်ပြီး ဈေးအမျိုးမျိုးနဲ့ ရောင်းနေကြပါတယ်။