အရင်လိုမစည်ကားတဲ့ ရန်ကုန် သီတင်းကျွတ်

RFA Burmese
2023.11.02
အရင်လိုမစည်ကားတဲ့ ရန်ကုန် သီတင်းကျွတ် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းတစ်နေရာကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

သီတင်းကျွတ်မီးထွန်းပွဲတော်ဟာ မြန်မာနိုင်ငံရဲ့ အထင်ကရပွဲတော်တစ်ခုဖြစ်ပါတယ်။

မြတ်စွာဘုရားဟာ တာဝတိံသာနတ်ပြည်မှာ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားပြီး သီတင်းကျွတ်လပြည့်နေ့မှာ လူ့ပြည်ကို ပြန်လည်ကြွချီခဲ့တယ်လို့ ယုံကြည်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေဟာ ဆီမီး၊ အမွှေးတိုင်တွေနဲ့ ထွန်းညှိပူဇော်ပြီး ကြိုဆိုကြတာပါ။

သီတင်းကျွတ်မီးထွန်းပွဲတော်ကို မြန်မာနှစ်ရဲ့ သီတင်းကျွတ်လဆန်း ၁၄ရက်၊ သီတင်းကျွတ်လပြည့်နေ့နဲ့ လပြည့်ကျော် ၁ ရက်နေ့တွေမှာ နိုင်ငံတစ်ဝန်း ကျင်းပလေ့ရှိပါတယ်။ မီးထွန်းပွဲကာလ ရန်ကုန်မြို့က ရေကျော်ပွဲဈေးဟာ လည်ပတ်သူများတဲ့အတွက် ထင်ရှားပါတယ်။

ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ ခုနှစ်ကစပြီး ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပဋိပက္ခတွေကြောင့် ရေကျော်ပွဲဈေး မကျင်းပနိုင်တော့သလို သီတင်းကျွတ် မီးထွန်းပွဲတော်လည်း အရင်လို မစည်ကားတော့ပါဘူး။

"လူတွေရဲ့ စားဝတ်နေရေးရယ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းကြောင့်ပဲ ပြောလို့ရမှာပေါ့"

လူတွေ စားဝတ်နေရေးကျပ်တည်းလာတာကြောင့် မစည်ကားတော့တာလို့ သခင်မြပန်းခြံမှာ အအေးမျိုးစုံရောင်းတဲ့ ရန်ကုန်မြို့ခံ ဦးသန်းထွန်းက ပြောပါတယ်။

"ဒီနှစ်သီတင်းကျွတ် ရန်ကုန်မြို့ရဲ့ အခြေအနေကတော့ဗျာ၊ လူသွားလူလာလည်း နည်းနည်းပိုရှင်းပါတယ်၊ အရင်ထက်။ အလုပ်လာလုပ်တဲ့သူတွေလည်း ရွာပြန်ကြတယ် ထင်ပါတယ်။ စီးပွားရေး မပြေလည်ကြတာလည်းပါတာပေါ့။ ဘာကြောင့်လဲတော့ မဟုတ်ပါဘူး ဒါက။ လူတွေရဲ့ စားဝတ်နေရေးရယ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းကြောင့်ပဲ ပြောလို့ရမှာပေါ့"

အာဏာမသိမ်းခင်က ဆိုရင် ရန်ကုန်သီတင်းကျွတ်မီးထွန်းပွဲတော်ကို လူကြီး၊ လူငယ်မရွေး ပါဝင်ဆင်နွှဲကြပြီး အလှူအတန်းတွေနဲ့ စည်ကားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အခုတော့ နိုင်ငံရေးပဋိပက္ခကြောင့် လူငယ်တွေကြားမှာ ပျော်ပွဲရွှင်ပွဲတွေ မသွားချင် လောက်အောင် လွတ်လပ်မှုတွေ ဆုံးရှုံးသွားတယ်လို့ ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ နေထိုင်တဲ့ ကိုဆန်းဖြိုးကျော်က ပြောပါတယ်။

"ထိခိုက်တာပေါ့။ တော်ရုံတန်ရုံလူငယ်တွေဆိုရင် လွတ်လပ်ခွင့်တွေ မရှိတော့ဘူး။ အပြင်သွားရ၊ လာရတာကအစ။ ကျွန်တော်တို့ လူလတ်ပိုင်းတွေဆို ပိုဆိုးတယ်။ သွားရ လာရတာ၊ စစ်တယ်၊ ဆေးတယ်။ အဲလိုမျိုးတွေပေါ့။ ကျွန်တော်တို့ကျတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေနေသေးတယ်လို့ပဲ ပြောရမှာပေါ့။ အဆင်ပြေအောင် နေနေတယ်ပေါ့။ အဲလိုမျိုးပြောရမှာပေါ့။ ကိုယ်လုပ်နိုင်တာပဲ မိသားစုအတွက် ကြည့်ပေးတယ်ပေါ့။ တချို့ဆို မိသားစုအတွက် မကြည့်နိုင်တော့တာတို့၊ ဘာတို့ အဲလိုမျိုးတွေလည်း ရှိတာပဲ။ ဒီကာလမှာ လူငယ်တွေအများကြီးပဲ၊ ဆုံးရှုံးသွားတာလည်း ရှိတယ်"

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၆၇ နှစ်အရွယ် ဒေါ်အေးသိန်း ကလည်း မီးထွန်းပွဲတော်မှာ အလှူအတန်းလုပ်သူတွေ နည်းသွားတယ်လို့ ပြောပါတယ်။

"အခုကျတော့ သြော်လို့ တကယ်တမ်းတွေးကြည့်လိုက်တော့ ဒီလောက်အခက်အခဲတွေ ကြုံနေတဲ့ဟာ ဘယ်လိုလုပ်ပြီးတော့ စိတ်တွေ ပျော်တဲ့သူရှိတော့မလဲ။ လူငယ်လေးတွေ (ကလေးတွေ)ကတော့ ဘာမှမသိတော့ ပျော်ကြတာပေါ့။ လူကြီးပိုင်းတွေကတော့ စားဝတ်နေရေးတွေ ကျဉ်းမြောင်းတယ်လေ။ နှစ်တိုင်းနဲ့မှ မတူတာကြီးကို ဒီနှစ်က။ အလှူအတန်းတွေတောင် ဘယ်မှာလဲ။ ဘယ်နေရာ ဘယ်မှာပါလို့လဲ"

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြော်သူများအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် (သီတင်းကျွတ်လပြည့်နေ့ည) တွင် တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြော်သူများအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် (သီတင်းကျွတ်လပြည့်နေ့ည) တွင် တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်မြို့တွင်း ဘုန်းတော်ကြီးကျောင်းတချို့နဲ့ ရွှေတိဂုံဘုရားလို အထင်ကရ နေရာတွေမှာတော့ ပြည်သူတွေ သွားရောက်ဖူးမြော် မီးထွန်းပူဇော် ကန်တော့ခဲ့ပါတယ်။

ရန်ကုန်မြို့တွင်းလမ်းမတွေနဲ့ ရပ်ကွက်တွေထဲမှာတော့ မီးထွန်းပူဇော်တာတွေ နည်းပါးခဲ့သလို ဈေးပွဲတော်တွေမရှိတဲ့အတွက် လူသွားလူလာ ခြောက်ကပ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

"သီတင်းကျွတ်က လူတွေကဘာဖြစ်လဲဆိုတော့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာ များပါတယ်။ ပျော်ပွဲ ရွှင်ပွဲအတွက် သိပ်ပြီးအာရုံမစိုက်နိုင်တဲ့ သဘောပဲ ဖြစ်တယ်။ ငွေပိုငွေလျှံ မရှိတာလည်းပါတာပေါ့။ သီတင်းကျွတ်လပြည့်နေ့ ညတော့ အရင်နှစ်တွေနဲ့မတူဘူးလေ။ နည်းနည်းခြောက်သလိုဖြစ်နေတယ်။ ပွဲလမ်းသဘင်မှ မရှိတာကိုး"

ရန်ကုန်တိုင်းစစ်ကောင်စီကတော့ သီတင်းကျွတ်မီးထွန်းပွဲတော်ကို အရင်လိုစည်ကားဖို့ အတွက် အောက်တိုဘာလ ၂၇ ရက်ကနေ အောက်တိုဘာ ၃၀ အထိ ပြည်သူ့ရင်ပြင်မှာ ဈေးရောင်းပွဲတော်ကျင်းပခဲ့ပါတယ်။

ဒါပေမဲ့ မိုးရွာသွန်းတာအပြင် လုံခြုံရေးစိုးရိမ်တာကြောင့် စစ်ကောင်စီရဲ့ ဈေးရောင်းပွဲတော်ကို လာရောက်သူ နည်းပါးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။