ခေတ်အဆက်ဆက် လျှပ်စစ်မရှိတဲ့ ရန်ကုန်မြို့က ပြည်သူတချို့

RFA Burmese
2024.10.31
ခေတ်အဆက်ဆက် လျှပ်စစ်မရှိတဲ့ ရန်ကုန်မြို့က ပြည်သူတချို့ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၆၁) ရပ်ကွက်တွင် နေထိုင်သည့် မိသားစုတစ်စုအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာပြည်ရဲ့အကြီးဆုံး၊ လူဦးရေအများဆုံး၊ အတိုးတက်ဆုံးလို့ သတ်မှတ်ထားတဲ့ ရန်ကုန်မြို့ကြီးမှာ လျှပ်စစ်မီးရောင် ထိန်ထိန်လင်းနေတဲ့ ရပ်ကွက်တွေရှိသလို၊ ခေတ်အဆက်ဆက် လျှပ်စစ်မီးမရှိဘဲ နေရတဲ့သူတွေကိုလည်း တွေ့နိုင်ပါတယ်။ အဲဒီလို မီးမရှိတဲ့ဘဝနဲ့ နေရတဲ့သူတွေထဲမှာ ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် (၆၁) ရပ်ကွက်က လူတွေလည်း ပါပါတယ်။

အိမ်ခြေခုနစ်ရာလောက်ရှိတဲ့ အဲဒီရပ်ကွက်မှာ လျှပ်စစ်မီးမရှိလို့ ဖယောင်းတိုင်၊ ဘက်ထရီ၊ ဆိုလာ၊ ထင်းနဲ့ မီးစက်တွေသုံးပြီး ရှင်သန်နေထိုင်လာတာ စစ်အစိုးရအဆက်ဆက်ရှိနေပြီလို့ ပြောပြကြပါတယ်။

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၆၁) ရပ်ကွက်ရှိ လျှပ်စစ်ဓာတ်အား မရရှိသည့် နေအိမ်အချို့နှင့် အနီးဝန်းကျင်ရှိ လျှပ်စစ်မီးများ ထိန်လင်းနေသည့် အထပ်မြင့်တိုက်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၆၁) ရပ်ကွက်ရှိ လျှပ်စစ်ဓာတ်အား မရရှိသည့် နေအိမ်အချို့နှင့် အနီးဝန်းကျင်ရှိ လျှပ်စစ်မီးများ ထိန်လင်းနေသည့် အထပ်မြင့်တိုက်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မိသားစု ခုနစ်ယောက်ရှိတဲ့ အသက် ၄၀ အရွယ် ကိုတင့်ခိုင်က အဲဒီရပ်ကွက်မှာနေတာ ခြောက်နှစ်ရှိပါပြီ။ သူနေခဲ့တဲ့သက်တမ်းတစ်လျှောက် ကျူးကျော်ရပ်ကွက်ဖြစ်တာကြောင့်ဆိုပြီး လျှပ်စစ်မီးမရတာလို့ ပြောပြပါတယ်။

"ကျူးမို့လို့ ကိုယ်မရတာပေါ့။ အဲဒီလို ဘယ်လိုခေါ်မလဲ၊ ကိုယ်လည်း ဆင်းရဲတာကိုး။ ဆင်းရဲတော့ မရဘူး။ အဲဒါ ကျူးထဲမှာနေရတော့ ဘယ်လျှပ်စစ်ကမှ ဆွဲမပေးဘူးလေ။ ဟိုညကဆိုရင် လေတွေ မိုးတွေ ချနေတာ။ အကုန်မှောင်မည်းနေတာ။ အရှေ့ဆိုက်တွေကတော့ အကုန်လင်းနေတာလေ။ အိမ်တွေမြုပ်ပြီဆိုရင် ဒီလမ်းပေါ်ပဲတက်။ အဲဒီ မီးထိန်နေတာလေးကို အားကိုးပြီးတော့။ အဲဒီကနေ တက်သွားရတာ"

ကိုတင့်ခိုင်တို့ မိသားစုအတွက် လျှပ်စစ်မီးမရှိလို့ ထင်းဖိုး၊ မီးဖိုး တစ်ရက်ကို ငွေ ၃၅၀၀ လောက်ကုန်ပါတယ်။ စက်ရုံအလုပ်သမားတွေဖြစ်တဲ့ သူတို့အတွက် လျှပ်စစ်မီးမရလို့ အစားထိုး လောင်စာဖိုးကုန်ရတဲ့ငွေက ပိုများတယ်လို့ သူက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ကျူးကျော်ရပ်ကွက်နေ ပြည်သူတွေကို ဝမ်းရေးကူညီပေးနေတဲ့ Team KG အဖွဲ့

အင်အားသုံးဖယ်ရှားမှုတွေကြောင့် သောကရောက်သူများ

စစ်အာဏာရှင်လက်ထက်မှာ ဆင်းရဲနွမ်းပါးသူတွေ စားဝတ်နေရေးပိုခက်ခဲ


အဲဒီရပ်ကွက်မှာနေလာတာ ဆယ်နှစ်လောက်ရှိပြီဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်စန်းထူးကလည်း လျှပ်စစ်မီးမရလို့ တစ်ရက် လေးရာတန် ဘက်ထရီမီးကို သုံးရပြီး ဖုန်းတစ်လုံးကို ငွေငါးရာနဲ့ အားသွင်း နေရတယ်လို့ ပြောပြပါတယ်။

"ပြောမယ်ဆိုရင် တစ်ရပ်ကွက်လုံး မရတာလေ။ အဲဒီလို ခုန ဆန်စက်တို့၊ ဆန်စက်နဲ့ ပတ်သက်ပြီး ပိုက်ဆံရှိတဲ့သူတွေ ဒီလောက်ပဲရတာလေ။ တစ်ဦး၊ နှစ်ဦး ဒါပဲ။ ပိုက်ဆံရှိတဲ့သူတွေ။ ကျန်တဲ့သူတွေက တစ်ယောက်မှမရတာ အကုန်လုံး။ ဒီနေရာက သူ့ဟာနဲ့သူ လုပ်ငန်းကိုင်ငန်းတွေ သူတို့ဟာနဲ့သူတို့ ဖွံ့ဖြိုးလို့ စည်သွားရင်တော့ ပေးရင်လည်း ပေးမှာပေါ့။ ဒါပေမဲ့ အဲဒီလိုစည်သွားရင်လည်း ကိုယ်တွေ ဒီကျူးတွေက မနေရတော့ဘူး။ ဖျက်ခိုင်းမှာပဲလေ သူတို့"

မိသားစုခြောက်ယောက်ရှိတဲ့ အသက် ၄၀ အရွယ် နော်မိစိကလည်း သူတို့နားက အထပ်မြင့် တိုက်တွေမှာ လျှပ်စစ်မီးလင်းနေပြီး၊ သူတို့ရပ်ကွက်က ကလေးတွေကတော့ ဖယောင်းတိုင်မီးနဲ့ စာဖတ် နေရတာ စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပါတယ်။

"ဘက်ထရီအိုးက တစ်ညကို လေးရာ ငှားရတယ် ဟုတ်လား။ တစ်ညကို လေးရာဆိုတော့ ဆယ်ညဆိုရင် လေးထောင် ဟုတ်လား။ တစ်လဆိုရင် လေးသုံးလီ ဆယ့်နှစ်၊ တစ်သောင်းကျော် ကုန်ပါတယ်။ တချို့ဆိုလို့ရှိရင် မငှားနိုင်ဘူး။ ဖယောင်းတိုင်မီးနဲ့ပဲ ထွန်းပြီးတော့ အများသောအားဖြင့် နေရပါတယ်။ စိတ်ထဲတော့ မကောင်းဘူးပေါ့။ သူများနေရာမှာ မီးတော့လင်းတယ်။ ကိုယ့်ကလေးတွေက စာဖတ်ဖို့ မီးမရှိဘူး။ ဖယောင်းတိုင်မီးလေးထွန်းပြီးတော့ ဖတ်နေရပါတယ်"

"သူများနေရာမှာ မီးတော့လင်းတယ်။ ကိုယ့်ကလေးတွေက စာဖတ်ဖို့ မီးမရှိဘူး။ ဖယောင်းတိုင်မီးလေးထွန်းပြီးတော့ ဖတ်နေရပါတယ်"

ရန်ကုန်မြို့မှာ ကျူးကျော်လို့သတ်မှတ်ခံထားရတဲ့နေရာတွေ တော်တော်များများ ရှိပါတယ်။ အဲဒီလို သတ်မှတ်ခံထားရတဲ့အိမ်တွေကို လျှပ်စစ်ဓာတ်အား မပေးတာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးဌေးအောင်နဲ့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကို RFA က အောက်တိုဘာလ ၂၃ ရက်နေ့က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

အရင်ကတည်းက လူတိုင်းအတွက် လျှပ်စစ်မီးမလုံလောက်တဲ့ ရန်ကုန်မြို့မှာ VIP လို့သတ်မှတ်ထားတဲ့ အာဏာပိုင်တွေနေတဲ့ ရပ်ကွက်တွေပဲ မီးပုံမှန်ရပြီး သာမန်ပြည်သူတွေရဲ့ ရပ်ကွက်တွေက မီးပုံမှန် မရပါဘူး။ အခုတစ်ခါ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီး ပိုဆိုးလာတယ်လို့ မြို့သူမြို့သားတွေက အမြဲလိုလို ပြောနေကြပါတယ်။ ဒီလိုအခြေအနေမှာ ခေတ်အဆက်ဆက် မီတာပုံး၊ လျှပ်စစ်ဓာတ်ကြိုး မရှိခဲ့တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် (၆၁) ရပ်ကွက်က ပြည်သူတွေလို အောက်ခြေလူတန်းစားတွေအတွက် လျှပ်စစ်မီးဟာ အလှမ်းဝေးနေဦးမယ်ဆိုတာ သိနေကြပါတယ်။

"ကျူးကတော့ ဒီအီးပီစီမီးကတော့ ရမယ်လို့ မထင်ပါဘူး။ နောက်လည်း ရလာမှာလည်း မဟုတ်ဘူး။ မျှော်တော့ မျှော်လင့်တာပေါ့။ မျှော်တော့ မျှော်လင့်တာပေါ့ဆိုတာက ဒီမီးရပြီဆိုရင်လည်း လူတော်တော်များများက အဆင်ပြေသွားမှာလေ။ မျှော်တော့ မျှော်လင့်တယ်။ ကျလာဖို့လည်း မလွယ်ဘူး။ ရဖို့လည်း မလွယ်ဘူး"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။