ကျူးကျော်ရပ်ကွက်နေ ပြည်သူတွေကို ဝမ်းရေးကူညီပေးနေတဲ့ Team KG အဖွဲ့
2023.08.22

Team KG လို့ နာမည်ပေးထားတဲ့ ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့က ထမင်းနဲ့ဟင်းတွေ အလကားဝေမယ်ဆိုတာကြောင့် မနက် ခြောက်နာရီလောက် ကတည်းက ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ကျူးကျော်ရပ်ကွက်လေးတစ်ခုမှာ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတာဖြစ်ပါတယ်။
လူကြီးရော ကလေးပါမကျန် ရာနဲ့ချီတဲ့ ရပ်ကွက်နေသူတွေဟာ ထည့်စရာ ကိုယ်စီ ကိုယ်စီနဲ့ နေရာဦးဖို့ တန်းစီနေတာပါ။
ဒီရပ်ကွက်တွေမှာ အလုပ်လက်မဲ့တွေများလာသလို ကုန်စျေးနှုန်း မြင့်တက်လာတာတွေ ကြောင့် အရင်ကထက် စားဝတ်နေရေး ကျပ်တည်းလာပါတယ်။ ဒါကြောင့် ထမင်းတစ်နပ်ရဖို့ နာရီနဲ့ချီပြီး တန်းစီစောင့်ဆိုင်းနေကြတာပါ။
ကျူးကျော်ရပ်ကွက်တွေမှာ ထမင်းနဲ့ဟင်း လှူတဲ့အခါ အနည်းဆုံး လူ ၅၀၀ ကနေ လူ ၂၀၀၀ ဝန်းကျင်အထိ ရပ်ကွက်လူဦးရေ အနည်းအများကိုကြည့်ပြီး Team KG အဖွဲ့က အလှည့်ကျ လှူဒါန်းတာ ဖြစ်ပါတယ်။
အခုနှစ်မှာတော့ အရင်ကထက် ထမင်းနဲ့ဟင်းကို တန်းစီပြီးယူကြတဲ့သူ ပိုများလာတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကုန်ကျစရိတ်ကလည်း အရင်နှစ်တွေထက် နှစ်ဆလောက် ပိုများလာတာပါ။ ဒါပေမဲ့ တန်းစီသူ ဘယ်လောက်များများ လှည့်မပြန်သွားဘဲ စောင့်ဆိုင်းယူကြတယ်လို့ Team KG အဖွဲ့ဦးဆောင်သူ ကိုမြင့်ဇော်က ပြောပါတယ်။
"တစ်ခါတလေ အံ့သြမိတယ်။ လူတွေကလျှံပြီး ကားလမ်းမပါ လျှံပြီး အများကြီးပဲ။ ကိုယ်သာဆိုရင် တန်းစီမလား၊ မစီဘူး။ အဲလောက်အကြာကြီး မစောင့်နိုင်ဘူးပေါ့။ အဲလိုစိတ်ထဲရှိမှာပေါ့လေ သဘောက။ အရင်တုန်းကလည်း အဲလိုရှိကြပါတယ်။ တချို့ဆိုရင် မသွားဘူးပေါ့။ စောင့်ရတာကြာတယ်၊ မယူကြတော့ဘူး။ အခုတော့ ကျွန်တော်တို့ကို သူတို့ကခေါ်တာ ကိုကိုညီညီအဖွဲ့တဲ့။ ကလေးတွေကအစ ခေါ်တယ်။ ကိုကိုညီညီ ကိုကိုညီညီဆိုတော့ ကျွန်တော်တို့ကားတွေမြင်ရင် သူတို့က ပြေးလိုက်လာတယ်"
ကိုကြီးနဲ့ညီအစ်ကို မောင်နှမများ ပရဟိတအဖွဲ့ဟာ ကျူးကျော်ရပ်ကွက်တွေမှာ ကိုဗစ်ကာလကစပြီး ထမင်းနဲ့ အာဟာရ ကျွေးမွေးလှူဒါန်းနေတာပါ။
ဒီအဖွဲ့ရဲ့ အလှူကို စောင့်ဆိုင်းသူတွေထဲမှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်(၆၇)ရပ်ကွက်မှာ နေထိုင်တဲ့ မခင်လေးမူလည်း ပါဝင်ပါတယ်။
"ကျွန်မတို့ ဒီရပ်ကွက်က စားဝတ်နေရေးအတွက် အခက်အခဲရှိတာပေါ့။ ကျွန်မတို့တွေက တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ ကုန်စျေးနှုန်းကြီးတော့လည်း ပိုက်ဆံက တစ်သောင်းလောက်ရလည်း မလောက်ပါဘူးဗျာ၊ အိမ်မှာက။ ကုန်စျေးနှုန်းတွေကတက်နေတော့ ဟိုဟာဝယ်လည်း စျေးကတက်၊ ဒီဟာဝယ်လည်း စျေးကတက်တော့ တစ်သောင်းရလည်း ကုန်တာပဲ"
အဲဒီမှာ ထမင်းတစ်နပ်ရဖို့ စောင့်ဆိုင်းနေသူတွေထဲ နောက်ထပ်တစ်ယောက်ကတော့ ဒေါ်ဌေးဌေးမွန်ပါ။ ဒေါ်ဌေးဌေးမွန်ကတော့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော် အနီးက ကျူးကျော်တဲမှာ နေထိုင်ပြီး မိသားစု ခုနစ်ဦးရှိပါတယ်။ ဝင်ငွေနဲ့ထွက်ငွေ မမျှတော့တဲ့ ဒေါ်ဌေးဌေးမွန်တို့ မိသားစုအတွက် Team KG အဖွဲ့ရဲ့ အလှူဟာ သူတို့တစ်နပ်စားဝတ်နေရေးကို ပြေလည်စေပါတယ်။
"ခက်ခဲတာတော့ တော်တော်ခက်ခဲတယ်။ ဆန်တစ်ပြည် လေးထောင်။ ကိုယ်လည်း တစ်ခါမှမတိုးဖူးဘူး။ ခုမှတိုးတာ။ အခုဆိုရင် မိသားစုလေးယောက်လာတော့ တစ်နပ်စာတော့ သက်သာတာပေါ့"
ကလေးငယ် ကျောပိုးပြီး တန်းစီစောင့်နေသူ မလှလှဝင်းကလည်း Team KG အဖွဲ့ ရဲ့ ထမင်းဟင်းအလှူဟာ သူတို့မိသားစုအတွက် ထမင်းတစ်နပ်စာအခက်အခဲကို ဖြေရှင်းနိုင်တယ်လို့ ပြောပါတယ်။
"ဒီလို လာဝေတော့ ကျေးဇူးတင်တာပေါ့။ ဘယ်လိုပြောမလဲ၊ ထမင်းဟင်းလာဝေတယ် ဆိုတော့လေ။ ထမင်းတစ်နပ်သက်သာလည်း မနည်းဘူးဆိုတော့လေ"
မလှလှဝင်းရဲ့ ခင်ပွန်းဟာ ဆိုင်ကယ် ကယ်ရီဆွဲပေမယ့် အဲဒီဝင်ငွေဟာ ပုံမှန် မိသားစု စားဝတ်နေရေးကို မဖြေရှင်းနိုင်လို့ ခက်ခဲနေပါတယ်။
Team KG အဖွဲ့ ထမင်းဟင်းလာလှူတဲ့အခါ သူ့ကိုပြောပေးထားဖို့ မိတ်ဆွေတွေကတစ်ဆင့် တကူးတက ချိတ်ဆက်ထားသူကတော့ အသက် (၆၀)အရွယ် ဒေါ်နွဲ့ပါ။
"အဆင်ပြေသွားတယ်၊ ဒီတစ်နေ့စာတော့လေ၊ အဲလို အဆင်ပြေသွားတယ်။ တစ်ခါတလေတော့လည်း ညနေစာရတယ်။ နှစ်ခေါက်တိုးတယ်။ မဟုတ်တာမပြောဘူး။ ဒေါ်ကြီးက အသက် ခြောက်ဆယ်အတိနော်။ နှစ်ခေါက်တိုးတယ် အခု နှစ်ခေါက်။ အဲဒါမှန်တာပြောရရင် ညနေစာပါ"
နွမ်းပါးသူတွေကို အခုလိုကူညီနိုင်ဖို့ Team KG အဖွဲ့မှာ ကူညီအားဖြည့်နေသူတစ်ဦးက ကိုစအောင်ပြည့်ဖြိုးပါ။
"မနက် မိုးလင်းတာကစ ညအထိကို ကျွန်တော်တို့က အမြဲတမ်း လူတွေကို ကူညီနေရတာ အမြဲတမ်းဖြစ်နေတာဆိုတော့ အဲဒိပရဟိတကိုဗျာ ပရဟိတစစ်စစ်လိုမျိုး လုံးဝလုပ်နေရတဲ့အခါကျတော့ ကျွန်တော်တို့ မမြင်ဖူးဘူးဗျာ။ မတွေ့ဖူးဘူး။ စိတ်ထဲမှာလည်း တကယ်ကို ပီတိဖြစ်တယ်။ အဲလိုမျိုးကြောင့်လည်းပါတယ်"
အခု ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ တည်ထောင်သူ ကိုမြင့်ဇော်ဟာ ပရဟိတလုပ်ငန်းတွေ လုပ်နေတာ (၁၃)နှစ် ရှိနေပါပြီ။ သူဟာ လူနာတင်ယာဥ် (၁၀) စီးနဲ့ အထပ်မြင့်တွေမှာ နေထိုင်တဲ့ လူနာတွေကိုလည်း အိမ်တိုင်ရာရောက် အခမဲ့ ကူညီပေးနေသူ ဖြစ်ပါတယ်။
"သူတို့က သူတို့ရက်နားနီးရင် စောင့်စောင့်နေတယ်။ စောင့်ပြီးမလာရင် မျှော်နေပြီ"
ထမင်းတစ်နပ်အတွက် သူ့ကိုမျှော်နေသူတွေကြောင့်ပဲ ကိုမြင့်ဇော်တစ်ယောက် အခုလို ပရဟိတအလုပ်တွေ ဆက်လုပ်နေရဆဲဖြစ်ပါတယ်။
"ကျွန်တော်က rotate (အလှည့်ကျ) သွားတာပေါ့။ တစ်နေရာကို ခုနစ်ရက်ဖြစ်မလား။ ဆယ်ရက်ဖြစ်မလား ပတ်လည်ကို ပတ်ပတ်သွားနေတာ။ သူတို့က သူတို့ရက်နားနီးရင် စောင့်စောင့်နေတယ်။ စောင့်ပြီးမလာရင် မျှော်နေပြီ။ အဲဒါလေးတွေဖြစ်နေတော့ ပင်ပန်းလည်း ကျွန်တော်တို့မှာ မနားရက်။ ဒီစိတ်ကလေးတွေနဲ့ သူတို့ကိုစားပါစေတော့ ဒီဟာလေးကို စားစေချင်တဲ့စေတနာလေးတွေနဲ့ ကျွန်တော်တို့ ဆက်လုပ် ဖြစ်နေ တာပေါ့နော်"
ရန်ကုန်မြို့က ကျူးကျော်ရပ်ကွက်တွေမှာ အလှည့်ကျ ထမင်း၊ ဟင်း ဝေနေတဲ့ ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့ (Team KG) ဟာ စားဝတ်နေရေး ကျပ်တည်းနေတဲ့ ပြည်သူတွေအတွက် အားကိုးစရာတစ်ခု ဖြစ်လာနေပါတယ်။