ကျိုက်ထီးရိုး ဆီမီးကိုးထောင်ပူဇော်ပွဲ

မိယဉ်စနိုင်း
2024.01.07
ကျိုက်ထီးရိုး ဆီမီးကိုးထောင်ပူဇော်ပွဲ ကျိုက်ထီးရိုးဘုရားအား ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က အဝေးမှ ဖူးမြင်ရစဉ်။
Photo: RFA

ကျိုက်ထီးရိုးစေတီတော် ၄၆ ကြိမ်မြောက် ဆီမီးကိုးထောင်ပူဇော်ပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ ကျင်းပခဲ့ပြီး ဘုရားဖူးဧည့်သည်တွေနဲ့ စည်ကားခဲ့ပါတယ်။

၂၀၂၄ နှစ်သစ်ကူးညတွေမှာ ကျိုက်ထီးရိုးမှာ ဘုရားဖူးဧည့်သည်တွေ အတော်များတာတွေ့ရပါတယ်။ ရင်ပြင်မှာ ညအိပ်တဲ့သူတွေ၊ တည်းခိုခန်း၊ ဟိုတယ်၊ ထမင်းဆိုင်တွေမှာ ဧည့်သည်တွေ ပြည့်နေပါတယ်။

ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာမသိမ်းခင်ကာလတွေနဲ့ ယှဉ်ရင်တော့ ဘုရားဖူးဧည့်သည် အတော့်ကို နည်းခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“အခုပြန်တက်တဲ့အချိန်မှာ ဘာမှမဆိုင်ဘူး ဆီမီးကိုးထောင်ကိုသာ ပုံဖော်ထားပေမဲ့ ဟန်ပြအနေလောက်ပဲ အရင်က ဆီမီးကိုးထောင်ဆိုတာ ရင်ပြင်မှာ ကျပ်ပိတ်သိပ်နေတာပဲ။ အရင်က ဆီမီးကိုးထောင်နဲ့ ဘာမှမဆိုင်ဘူး”

ကျိုက်ထီးရိုးစေတီကို ၂၀၂၀ ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ စစ်တပ်အာဏာသိမ်းပြီး ဖြစ်လာတဲ့ အခြေအနေတွေကြောင့် ဘုရားဖူးတွေ မသွားရဲကြသလို ၂၀၂၂ ခုနှစ်အောက်တိုဘာလမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး လူပေါင်းတစ်ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ နောက်ဆုံးအပတ် သီတင်းကျွတ်လပြည့်နေ့မှာတော့ ဘုရားပွဲတစ်ရာသီစာအတွက် ဖွင့်ပွဲပြန်လုပ်ခဲ့ပါတယ်။

ဒါကြောင့် ဘုရားဖူးဧည့်သည်တွေ ပြန်ရှိလာပေမဲ့ အရင်လိုအခြေအနေမဟုတ်လို့ အလုပ်သမားတွေ၊ ဈေးသည်တွေမှာ အဆင်မပြေသေးဘူးလို့ ပြောပြကြပါတယ်။

“ကိုဗစ်ဖြစ်တယ်။ ရောဂါတွေဖြစ်တယ်။ အခု စစ်တွေကဖြစ်တော့ လူတွေက မလာရဲကြတာများတယ်။ ကားခတွေ ကုန်ဈေးနှုန်းတွေက ဈေးကြီးတော့ တော်ရုံမပြေလည်တဲ့သူတွေက ဒီဘက်ကို ဘယ်လာနိုင်တော့မလဲ စားဝတ်နေရေးက အဓိကဖြစ်တယ်လေ။ မရှိဆင်းရဲသားတွေအတွက်က”

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က မြင်တွေ့ရသည့် ကျိုက်ထီးရိုးဘုရားမှ အထမ်းသမားတစ်ဦး။ (Photo: RFA)
၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က မြင်တွေ့ရသည့် ကျိုက်ထီးရိုးဘုရားမှ အထမ်းသမားတစ်ဦး။ (Photo: RFA)

ဘုရားဖူးဧည့်သည်တွေအနေနဲ့ တောင်ခြေကင်းမွန်စခန်းက တောင်တက်ကားလက်မှတ် ဖြတ်တဲ့နေရာတွေမှာ မိုဘိုင်းဖုန်းတွေ၊ ကင်မရာတွေနဲ့ ဓာတ်ပုံ ဗီဒီယိုမရိုက်ရဘူးလို့လည်း စစ်ကောင်စီတပ်ဖွဲ့တွေက တားမြစ်ပိတ်ပင်ထားပါတယ်။

အရင်က ကျိုက်ထီးရိုးဘုရားဖူးဧည့်သည် တစ်နှစ်ကို သိန်း ၃ဝ ရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာတော့ ဘုရားဖူးဧည့်သည် တစ်သောင်းနီးပါး ရှိခဲ့တယ်လို့ ကျိုက်ထီးရိုးဂေါပကရုံး က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။