မြန်မာအကြောင်း ရိုးရာအကနဲ့ ကမ္ဘာသိအောင် ကြိုးစားနေသူ
2024.02.28

ဗြိတိန်နိုင်ငံမှာရောက်နေတဲ့ မလွင်ဟာ မြန်မာ့ရိုးရာအကတွေ ကပြဖျော်ဖြေရင်း မြန်မာနိုင်ငံအကြောင်းကို နိုင်ငံခြားသားတွေ စိတ်ဝင်စားလာအောင် ကြိုးစားနေသူပါ။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစလို့ သူတတ်ထားတဲ့ အကပညာနဲ့ တော်လှန်ရေးရန်ပုံငွေရှာဖွေးရေးမှာပါဝင်ကူညီရင်း မြန်မာ့နိုင်ငံရေးအကြောင်းကို နိုင်ငံတကာကသူတွေ သိလာအောင် မြန်မာအကနဲ့ ကြိုးစားပုံဖော်ပြသလာတယ်လို့ ဆိုပါတယ်။
“တော်လှန်ရေးအချိန်ကာလမှာ မြန်မာအကြောင်းကို လူတွေပိုပြီး စိတ်ဝင်စားလာအောင်၊ နိုင်ငံရေးစိတ်မဝင်စားတဲ့သူတွေလည်း မြန်မာအကြောင်းကို စိတ်ဝင်စားလာအောင် အနုပညာပဲ စိတ်ဝင်စားတဲ့သူတွေက မြန်မာအကြောင်းကို သိချင်မှသိမှာလေ။ အဲဒီတော့ မြန်မာအကကို မြင်လိုက်တာနဲ့ ဪ ဒါမြန်မာပါလား၊ ဒါဆို မြန်မာပြည်က ဘယ်နေရာလဲ၊ ဘာဖြစ်နေလဲဆိုတာကို သိအောင်လို့ ပိုပြီးတော့ ဒီအချိန်မှာတော့ ကြိုးစားပမ်းစားနဲ့ ပိုပြီး ကဖြစ်တယ်ပေါ့နော်။”
မလွင်တစ်ယောက် တော်လှန်ရေးအတွက် ကျရာနေရာက ပံ့ပိုးကူညီပါဝင်နေသလို မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ ပွဲတွေမှာလည်း ကူညီနေပါတယ်။ ဗြိတိန်နိုင်ငံက ဗြိတိန်ပြတိုက်မှာကျင်းပတဲ့ Burma To Myanmar ပွဲမှာ ဗြိတိန်ပြတိုက်ရှေ့မှာ မြန်မာအကကို ဖျော်ဖြေရာမှာ နိုင်ငံခြားသားခရီးသွားတွေ စိတ်ဝင်စားမှု ရခဲ့တယ်လို့ ဆိုပါတယ်။
နေ့စဉ် ခရီးသွားဧည့်သည် သိန်းကျော်လာရောက်တဲ့ ဗြိတိန်ပြတိုက်မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာ့သမိုင်းကြောင်းလေ့လာလိုသူတွေအတွက် ပြခန်းဖွင့်လှစ်ပြသခွင့်ရခဲ့ချိန် သူတတ်ထားတဲ့ အပျိုတော်အကအလှနဲ့ ကပြဖျော်ဖြေခွင့်ရခဲ့တာပါ။
“အမှန်ကတော့ ပြတိုက်(Museum) ဆိုတာ နိုင်ငံရေးနဲ့မပတ်သက်ဘူး။ ဒါပေမဲ့ သူတို့က ပြခန်းကို တာဝန်ယူပြီး ပြသတဲ့သူတွေက မြန်မာပြည်ကိုအရမ်းကို ရင်ထဲမှာ မြတ်နိုးတဲ့အတွက်ကြောင့် အခုလောလောလတ်လတ်ဖြစ်နေတဲ့ အနေအထားပေါ့။ ဒီစစ်အစိုးရကနေ နှိပ်စက်နေတဲ့ဟာတွေကိုပါ သူတို့က Projector နဲ့ပြသထားတဲ့အတွက် ဒီပြခန်းကိုလာတဲ့ နိုင်ငံတကာက ဧည့်သည်တွေအကုန်လုံး မြန်မာပြည်မှာ လောလောလတ်လတ်ဖြစ်နေတဲ့ နောက်ဆုံးအခြေအနေ (Update) ကို သူတို့ မြင်သွားရတယ်။ အဲဒါကြောင့်မို့လို့ အမတို့က အရမ်းလည်း ဝမ်းသားတယ်။ အရမ်းလည်း မြန်မာအကြောင်းကို လူတွေပိုသိတဲ့အတွက်ကြောင့်မို့လို့ မြန်မာ့အရေးဟာ ကမ္ဘာပေါ်မှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သိတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ကဖြစ်တယ်။”
နိုင်ငံတကာက မြန်မာ့ယဥ်ကျေးမှုသမိုင်းကြောင်းကို သိရှိနားလည်ပြီး မြန်မာ့ရိုးရာအကတွေကိုလည်း သိရှိလာတဲ့အခါ လက်ရှိမြန်မာ့နိုင်ငံရေးကိုလည်း ထည့်သွင်းပြောကြားနိုင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
“နည်းမျိုးစုံနဲ့ပေါ့နော်။ တော်လှန်ရေးထဲမှာ ပါဝင်ပြီးတော့ လှုပ်ရှားနေတဲ့အတွက်ကြောင့်မို့ အဲလိုမျိုး ကပြလိုက်တဲ့အတွက် လူတစ်ယောက်က လာမေးတယ်ဆိုရင်တောင် အောင်မြင်မှု (Achievement) တစ်ခုဖြစ်တယ်လို့ ခံစားရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကိုယ်တို့နိုင်ငံအကြောင်း လူတစ်ယောက်ပိုသိသွားတယ်လေ။ ဖြစ်ပျက်နေတဲ့အကြောင်း လူတစ်ယောက်ပိုသိသွားတယ်။ အဲဒီလူကတစ်ဆင့် သူ့မိသားစုကို ပြောပြမယ်။ အဲအခါကျရင် သူ့မိသားစုကနေ တခြားသူတွေကို ပြောပြမယ်။ အဲ့လိုမျိုး ဆင့်ပွားဆင့်ပွားနဲ့ အသိအမြင် (Awareness) ကို ဖန်တီးလိုက်နိုင်တဲ့အတွက် အများကြီးလည်း ကျေနပ်တယ်။”
ငယ်စဥ်က အကအနုပညာကို ဝါသနာပါခဲ့ပေမဲ့ ဗြိတိန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်နေတဲ့ မလွင်ဟာ မြန်မာ့ရိုးရာအကကို မြန်မာပြည်အလွမ်းပြေအဖြစ် ပြည်ပနိုင်ငံမှာ ဆက်လက်သင်ယူလေ့လာနေသူပါ။
“အနုပညာဝါသနာပါတယ်။ ကိုယ်က မြန်မာလည်း မြန်မာ။ နိုင်ငံခြားမှာလည်း နေတယ်ဆိုတဲ့အခါကျတော့ ကိုယ့်မြန်မာပြည်ရဲ့ အကအလှတွေကို နိုင်ငံခြားမှာရှိတဲ့မြန်မာတွေက ကျကျနနဖော်ထုတ်ပြသနိုင်နိုင်အောင်လို့ မြန်မာအကကို ပိုပြီးတော့ လေ့လာလိုက်စားဖြစ်တယ်။”
စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအောင်ပွဲအတွက် ကျရာနေရာကနေ ပါဝင်ဖို့ အမြဲအဆင်သင့်ဖြစ်နေတယ်လို့ မလွင်က ဆိုပါတယ်။ အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် ထောက်ပို့လုပ်ဆောင်ရေးမှာ ကျရာနေရာကနေ ပါဝင်နေသူပါ။ ၂၀၂၁ ခုနှစ်က မြန်မာပြည်တွင်းက သူတွေကို ကူညီနိုင်ရေးရန်ပုံငွေရှာရာမှာ ကတုံးရိတ်တဲ့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး ရန်ပုံငွေရှာဖွေနိုင်ဖို့ သူချစ်မြတ်နိုးတဲ့ ဆံပင်ရှည်တွေကို ကတုံးရိတ်ပစ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ ဗြိတိန်ပေါင် တစ်သောင်းကျော်ရခဲ့ပြီး စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည်ပြည်သူတွေအတွက် ကူညီပေးပို့နိုင်ခဲ့ပါတယ်။
တဖြည်းဖြည်းနဲ့ ခက်ခဲကျပ်တည်းလာနေတဲ့ မြန်မာပြည်သူတွေအရေးအတွက် ပြည်ပမှာရှိတဲ့သူတွေက ပိုမိုကြိုးစားဖို့ လိုအပ်လာနေတယ်လို့ သူခံယူထားတဲ့အတွက် ထောက်ပံ့ကူညီပေးဖို့ ရန်ပုံငွေရှာဖွေရေး ပိုပြီးကြိုးစားလာရတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာမှာ မြန်မာအကြောင်း စိတ်ဝင်စားမှုလျော့နည်းလာတာတွေ မဖြစ်ရအောင် ပြည်ပရောက် မြန်မာတွေအနေနဲ့ နိုင်တဲ့အားနဲ့ ကမ္ဘာကသိအောင် သတင်းပို့ဆောင်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
“ကိုယ်ဝါသနာပါတဲ့ဟာကြောင့်မို့လို့ ကတယ်။ ကိုယ်ဝါသနာပါတဲ့ဟာကြောင့်မို့လို့ဆိုတယ်။ အဲဒီအချိန်မှာပဲကို ဒါ ငါတို့တိုင်းပြည်အတွက် ဒါလုပ်နေတယ်ဆိုတာနဲ့ ပိုပြီးတော့ စွမ်းစွမ်းတမံဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပြီး လုပ်နေပါတယ်။”
ဝါသနာပါတဲ့ အကနဲ့ အာဏာရှင်စနစ်တိုက်ဖျက်ရေးကို အင်အားတစ်ရပ်အနေနဲ့ ပါဝင်နေရတဲ့အတွက် မလျှော့တမ်း စိတ်ခွန်အားတွေနဲ့ အောင်မြင်မှုတွေကို ခံစားနိုင်မဲ့နေ့ အမြန်ဆုံးရောက်လာမယ်လို့ သူယုံကြည်ထားပါတယ်။