မြန်မာ့လက်မှုပစ္စည်းနဲ့ ဝမ်းရေး ရပ်တည်ကြသူများ
2025.03.21

မြန်မာ့လက်မှု ပစ္စည်းတွေ နေရာမှာ ပလတ်စတစ်ပစ္စည်းတွေက အကျယ်တဝင့် နေရာယူထားပေမဲ့ ဝါးနဲ့ ကြိမ်ထွက်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ စကော၊ ခမောက်၊ ဆွဲခြင်း၊ ယပ်တောင် စတာတွေကိုတော့ အမြတ်တနိုးနဲ့ အသုံးပြုနေကြသူ အများအပြားရှိနေဆဲပါ။
“ဒါလေးတွေက အကြမ်းလေးတွေ။ ဒါကတော့ ဆန်ကွဲချလေးတွေ ဒီမှာ။ ဒါ ဆန်ကွဲချလေးတွေ။ ဒါ ဆန်ကွဲချ။ ဒါကတော့ ကြိမ်ကုန်းလေးတွေပေါ့။ ဥပမာတစ်ခု ဒါကြိမ်ကူးလေးတွေပေါ့။ ဒါကတော့ ခံတယ်။ အကြာကြီးခံတယ်။ ဒါ ဒီကြိမ်ကူးဆိုရင် ဒီမှာ တောင့်တင်းမှုလည်း ရှိတယ်။ ဒီမှာ အကြီးကြီးတွေ ဒီမှာ။ ဒီကောင်လေးတွေက ဒါက ယူရတာက ကျွန်တော်တို့ ယူရတာက ဒါ ခုနစ်ထောင် ယူရတယ်။ ကျွန်တော်တို့ ၉၅၀၀ ပြန်ရောင်းတယ်။ ဒါလေးတွေက”
လှိုင်သာယာမြို့နယ်က အသက် ၄၀ အရွယ် ကိုကျော်ကြီးပါ။ သူ့မှာ မိသားစု ခုနစ်ဦးရှိပြီး မြန်မာ့လက်မှုပစ္စည်းတွေကို တွန်းလှည်းနဲ့ ရန်ကုန်မြို့အနှံ့ လှည့်လည်ရောင်းချပြီး မိသားစုဘဝ ရပ်တည်နေတာပါ။ သူ့ရဲ့တွန်းလှည်းပေါ်က လက်မှုပစ္စည်းတွေဟာ ငွေကျပ် ၁၅၀၀ ကနေ ကျပ်နှစ်သောင်းဝန်းကျင်အထိ အသီးသီးရှိပါတယ်။
“မြန်မာ့လက်မှုပစ္စည်းမျိုးစုံကို တွန်းလှည်းနဲ့လိုက်ရောင်းရတဲ့အပေါ် နေရာစုံ ရောက်ဖူးတာကြောင့် ပင်ပန်းပေမဲ့ ပျော်ပါတယ်”
အလားတူ အသက် ၃၅ နှစ်အရွယ် ကိုအောင်ဇော်ထက်ကလည်း ကိုကျော်ကြီးနဲ့အတူ လှိုင်သာယာမြို့နယ်ကနေ စျေးရောင်းထွက်လာသူပါ။ သူ့မှာ မိသားစုလေးဦးရှိပြီး ဒီအလုပ်နဲ့ ရပ်တည်နေတာ နှစ်နှစ်ဝန်းကျင်ရှိပါပြီ။ သူတို့အုပ်စုမှာ လူဆယ်ဦးဝန်းကျင်အထိရှိပြီး လှိုင်သာယာမြို့နယ်က သာကေတမြို့နယ်ကိုရောက်ဖို့ နာရီနဲ့ချီပြီး လက်တွန်းလှည်းကို တွန်းလာရတာလို့ ကိုအောင်ဇော်ထက်က ပြောပါတယ်။
“အဲဒီဒိုင်တွေကနေ ကျွန်တော်တို့ကို လှည်းထုတ်ပေးတယ်။ အဲဒီပစ္စည်း ထုတ်ပေးတယ်ပေါ့နော်။ ပြောရမယ်ဆိုရင် ကိုကြီးရယ် ကော်မရှင်စား ပုံစံမျိုး ကိုယ့်ဟာကိုယ်ရောင်း။ ရောင်းပြီးတော့ သူတို့ကို ပြန်မှ ပိုက်ဆံ ပြန်အပ်ရတယ်။ ရောင်းတာကတော့ နေရာကတော့ အနှံ့ပဲပေါ့။ အခု ကျွန်တော်တို့ ဒီသာကေတမှာ ရောင်းမယ်ဆိုရင်လည်း သာကေတကို ဆင်းလာကြတာပေါ့နော်။ ပြောမယ်ဆိုရင် နားလိုက်၊ တွန်းလိုက်၊ နားလိုက် တွန်းလိုက်နဲ့ဆိုရင် ဒီကို ငါးနာရီဝန်းကျင်လောက်တော့ ရောက်တာပေါ့”
သုံးခွမြို့နယ်က အသက် ၃၅ နှစ်အရွယ် မစံပယ်က ဝါး၊ ကြိမ်နဲ့ရက်လုပ်တဲ့ မြန်မာမှုပစ္စည်းတွေဟာ ရေရှည်ခံပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်လို့ ဝယ်ယူဖြစ်တယ်လို့ ပြောပါတယ်။
“ကော်တွေကျတော့ အပူမခံဘူး။ ခဏလေးနဲ့ ပျော်တာတို့ ပျက်စီးတာတို့ ပြီးတော့ ကော့စတိတ် များတယ်။ အပူနဲ့ထိတွေ့လိုက်ရင် ရောဂါအများကြီး ဖြစ်တယ်။ ဒီကောင်လေးတွေကကျတော့ ဘာတစ်ခု ကောင်းလဲဆိုရင် အပူဒဏ်ကိုလည်း ကာကွယ်တယ်။ ခေါင်းတွေ ဘာတွေ နာကျင်တာတို့ ကိုက်ခဲတာတို့ ဒီကြိမ်ပစ္စည်းက ကောင်းတယ်။ ဟို ပြောမယ်ဆိုရင်တော့ ကိုယ့်မြန်မာနိုင်ငံက ပစ္စည်းကို ကိုယ့်မြန်မာလူမျိုး ဝယ်တာ ပိုကောင်းတာပေါ့။ ဘာလူမျိုးဖြစ်ဖြစ်ပေါ့။ တခြားနိုင်ငံက ကော်ပစ္စည်းတွေနဲ့စာရင် ဒီဟာလေးတွေကို ပိုသဘောကျတယ်”
ဒဂုံမြို့နယ်မှာနေတဲ့ ကိုလင်းအောင်ကလည်း သဘာဝအတိုင်း ရက်လုပ်ထားတဲ့ ပစ္စည်းတွေကိုသာ ပိုပြီးတန်ဖိုးထားတယ်လို့ ပြောပါတယ်။
“ဒါလေးတွေက သဘာဝဆိုတော့ သူက အအေးဓာတ်လည်း ကောင်းတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်လေ။ ဟိုဟာကတော့ ကော်ကျတော့ ပူတယ်ညီလေးရ။ ဒါကတော့ လေပိုပါတယ်လေ။ သဘာဝအတိုင်းလည်း ဖြစ်တာပေါ့။ အဆင်ပြေတယ်လေ။ စျေးကတော့ သိပ်တော့ မကွာလှပါဘူး။ ဒါပေမဲ့ ဒါတွေကျတော့ သဘာဝအတိုင်းဆိုတော့ သဘာဝကို မက်တယ်။ လေလည်း အတူတူပဲ။ သဘာဝလေပဲ ကောင်းတယ်လေ”
ကိုအောင်ဇော်ထက်တို့ တစ်ရက်ကို ကျပ်ငါးသောင်းကနေ တစ်သိန်းဝန်းကျင်အထိ ရောင်းရတာကြောင့် အလုပ်အကိုင် ရှားပါးတဲ့ကာလမှာ ဒီအလုပ်က သူတို့ရဲ့ မိသားစု စားဝတ်နေရေးကို ပြေလည်စေတယ်လို့ ပြောပါတယ်။
မြန်မာ့လက်မှုပစ္စည်းကို ကြိုက်နှစ်သက်ပေမဲ့ ငွေကြေးအခက်အခဲတွေကြောင့် အရင်လိုတော့ မဝယ်နိုင်ကြတာတွေလည်း ရှိတယ်လို့ ကိုကျော်ကြီးက ပြောပါတယ်။
“ပိုက်ဆံလက်ထဲမှာ ပြတ်နေတဲ့အခါကျတော့လည်း မဝယ်နိုင်ကြဘူးပေါ့။ ဟိုဟာ လက်ထဲမှာ ရှိတဲ့အခါကျတော့လည်း ဝယ်ကြတာပေါ့။ ဝယ်ပေမဲ့လည်း ဒါပေမဲ့လို့ ဒါတွေက စားကုန်သောက်ကုန် ပစ္စည်းတွေမှ မဟုတ်တာ။ နည်းနည်းပါးပါးတော့လည်း ဝယ်ကြတာပေါ့။ အဲဒီလိုပေါ့နော်”
ဆက်နွှယ်သောသတင်းများ
မွန်ပြည်နယ်မှာ ခရီးသွားမရှိလို့ ရိုးရာလက်မှုလုပ်ငန်းတွေ ခက်ခဲလာ
လက်မှုအနုပညာနဲ့ ထိုင်းနိုင်ငံမှာ ရပ်တည်နိုင်ရေး ကူညီပေးတဲ့သင်တန်း
ရိုးရာလက်မှုထည်တွေကို အဆင့်မြှင့်ပြီး ပြည်ပစျေးကွက်ရှာပေးနေသူ
ကိုအောင်ဇော်ထက်ကတော့ မြန်မာ့လက်မှုပစ္စည်းမျိုးစုံကို တွန်းလှည်းနဲ့လိုက်ရောင်းရတဲ့အပေါ် နေရာစုံ ရောက်ဖူးတာကြောင့် ပင်ပန်းပေမဲ့ ပျော်တယ်လို့ ဆိုပါတယ်။
“ဒီလိုမျိုး လှည်းလေးနဲ့ လိုက်ရောင်းနေရတာ တချို့ ကိုယ်မရောက်ဖူးတဲ့ နေရာရောက်တော့ ပျော်တယ် ကိုကြီးရာ။ ပျော်လည်း ပျော်တယ်။ ဒါပေမဲ့ ကိုယ့်ကားနဲ့ သွားလို့ရှိရင် ရောက်ဖူးမှာ မဟုတ်ဘူးလေ။ တချို့နေရာတွေဆိုရင် ဒါ ဘုရားတွေ၊ ဘာတွေဆိုရင်လည်း အဲဒီလိုမျိုး ဝင်တည်း။ အိပ်၊ စားသောက်။ သူငယ်ချင်းတွေဆိုတော့ အဲဒီလိုပဲ သွားနေတာ။ တစ်ခါတလေကျရင်လည်း ပင်ပန်းလို့ ပင်ပန်းမှန်း မသိရပါဘူး”
လှိုင်သာယာမြို့နယ်မှာ အခုလို မြန်မာ့လက်မှုပစ္စည်းတွေကို တွန်းလှည်းနဲ့ရောင်းချသူ တစ်ရာဝန်းကျင်အထိ ရှိတယ်လို့ ဆိုပါတယ်။
သူတို့တွေ လှိုင်သာယာမြို့နယ်ကနေ ရန်ကုန်မြို့က မြို့နယ်အသီးသီးကို ဒီလက်မှုပစ္စည်းတွေ လှည့်လည်ရောင်းချဖို့ ခရီးတစ်ခေါက်ထွက်ရင် တစ်ပတ်ဝန်းကျင်အထိ ကြာတတ်ပါတယ်။ ခရီးလမ်းအတွင်း ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေနဲ့ တည်းခိုခန်းတွေမှာ တည်းခိုကြပြီး သူတို့ရဲ့ပစ္စည်းတွေကို လှည့်လည်ရောင်းချနေကြတာလည်း ဖြစ်ပါတယ်။