ရန်ကုန်မြို့လယ်က ပရဟိတဆံသဆရာများ

RFA Burmese
2024.06.14
ရန်ကုန်မြို့လယ်က ပရဟိတဆံသဆရာများ Myanmar Barber Academy (MBA) ဆံသကျောင်းဆရာများမှ အများပြည်သူအတွက် အခမဲ့ ဆံပင်ညှပ်ပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

Myanmar Barber Academy (MBA) ဆိုတဲ့ ဆံသကျောင်းက သင်တန်းဆရာတွေ ဦးဆောင်ပြီး ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ဝန်ကြီးများရုံးနားက မဟာဗန္ဓုလလမ်းမနဲ့ ၄၆ လမ်းထောင့်မှာ တစ်ပတ်နှစ်ရက် အခမဲ့ ဆံပင်ညှပ်ပေးနေတာ တစ်နှစ်ကျော်နေပါပြီ။

“ပုံမှန်ကတော့ ဆံပင်ညှပ်တာ သုံးထောင်၊ လေးထောင်၊ ငါးထောင်ကနေစသဖြင့် တစ်သောင်း၊ တစ်သောင်းခွဲ ဆိုင်တွေကတော့ အများကြီးပါပဲ။ သူ့စျေးနှုန်းနဲ့သူ ကောက်ခံနေကြတာပါ။ လက်ရှိ ဒီမှာလာတဲ့သူတွေကို ကျွန်တော်တို့က အခမဲ့ဝန်ဆောင်မှု ပေးပါတယ်”

စနေနဲ့ တနင်္ဂနွေနေ့တိုင်း မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ အဲဒီနေရာမှာ ဘယ်လိုလူမျိုးကိုမဆို ဆံပင်ညှပ်ပေးတာ တစ်ရက်ကို အယောက် ခြောက်ဆယ်ကနေ ရှစ်ဆယ်ခန့်အထိရှိတယ်လို့ ပြောပါတယ်။

“အပတ်တိုင်း အခမဲ့ဆံပင်ညှပ်ပေးခဲ့တာ တစ်နှစ်နဲ့နှစ်လ ရှိသွားပါပြီ”

အထွေထွေ အာမခံကုမ္ပဏီတစ်ခုရဲ့ လုံခြုံရေးဝန်ထမ်း ဦးကျော်ကျော်က ဒီသင်တန်းသားတွေညှပ်တာ ပုံထွက်ကောင်းလို့ သူညှပ်နေတာ နှစ်ပေါက်နေပြီလို့ ပြောပါတယ်။

“ပုံထွက်လက်ရာ ကောင်းတယ်၊ ညှပ်လာတာ အကြိမ်ပေါင်း နှစ်ဆယ်လောက်ရှိပါပြီ။ ၂၀၂၃ ခုနှစ်ကတည်းက ညှပ်လာတာ။ နောက်လည်း ဒီမှာပဲ ညှပ်ဦးမှာပါ”

(MBA) သင်တန်းကျောင်းဖွင့်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သင်တန်းသား သုံးရာကျော်မွေးထုတ်ခဲ့ပြီး အပတ်တိုင်း အခမဲ့ဆံပင်ညှပ်ပေးခဲ့တာ တစ်နှစ်နဲ့နှစ်လ ရှိသွားပြီလို့ သင်တန်းဆရာက ပြောပါတယ်။

မြန်မာဆံသ အကယ်ဒမီလို့ အဓိပ္ပာယ်ရတဲ့ (MBA) သင်တန်းကို ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်ကလေးစျေးလမ်းထဲမှာ ဖွင့်ထားတာပါ။ အခမဲ့ညှပ်နေတဲ့ ရည်ရွယ်ချက်က သင်တန်းသားတွေလည်း ပညာတိုး၊ ပြည်သူတွေလည်း တစ်ဖက်တစ်လမ်းက ငွေချွေတာနိုင်အောင်လို့ ရည်ရွယ်တဲ့အကြောင်း သင်တန်းဆရာ ကိုဟိန်းက ပြောပါတယ်။

“အခမဲ့ညှပ်ပေးတယ်ဆိုပေမဲ့လည်း တကယ်ကျွမ်းကျင်တဲ့ ကျောင်းသားတွေကနေ ညှပ်ပေးနေတာပါ။ ရည်ရွယ်ချက်ကတော့ ကျောင်းသားတွေ လေ့ကျင့်ရေးများများလုပ်ရဖို့နဲ့ လိုအပ်နေတဲ့ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ပါ”

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ဝန်ကြီးများရုံးအနီးတွင် (MBA) ဆံသကျောင်းဆရာများမှ အများပြည်သူအတွက် အခမဲ့ ဆံပင်ညှပ်ပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ဝန်ကြီးများရုံးအနီးတွင် (MBA) ဆံသကျောင်းဆရာများမှ အများပြည်သူအတွက် အခမဲ့ ဆံပင်ညှပ်ပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

MBA သင်တန်းသားတွေဆီ ဆံပင်လာညှပ်တဲ့သူတွေထဲမှာ ရန်ကုန်မြို့စွန် ရွှေပြည်သာမြို့နယ်ကတောင် တကူးတက လာညှပ်တဲ့သူလည်း တွေ့ခဲ့ရပါတယ်။

“ဦးတို့အနေထားက အပြင်မှာ ဆံပင်ညှပ်ခ မပေးရရင် စားစရိတ် ရသွားတာပေါ့၊ ပရဟိတအနေနဲ့ ညှပ်ပေးတော့ ပိုက်ဆံမကုန်တော့ဘူးပေါ့။ ညှပ်မဲ့အတွက် မကုန်ကျတော့ဘူး၊ ဒါကြောင့် ညှပ်ပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်”

အခုလို ပြည်သူတွေ အကျိုးရှိတယ်လို့ သိရတာကြောင့် ဒီထက်ပိုပြီးလုပ်နိုင်အောင် ကြိုးစားသွားမယ်လို့ (MBA) သင်တန်းဆရာ ကိုရဲလင်း ခေါ် James က ပြောပါတယ်။

“အဲဒီအသံလေးတွေ ပြန်ကြားတဲ့အခါမှာ လူတွေကို တစ်ဖက်တစ်လမ်းက ငါတို့လူတွေကို ဝင်ငွေတစ်ခုအနေနဲ့လည်း ထိန်းချုပ်သွားနိုင်ပြီ။ ကျွန်တော်တို့လည်း ကုသိုလ်ရသွားပြီ။ သူတို့ကို ဝမ်းသာအောင် လုပ်ပေးနိုင်လို့ ဒီအလုပ်က စေတနာသန့်သန့်နဲ့ ပရဟိတလုပ်နေတဲ့အလုပ်မို့ ပိုပြီးတော့ လုပ်သွားဖို့ရှိပါတယ်”

ဒါကြောင့် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့လယ်ရောက်ခဲ့ရင် ဆင်းရဲချမ်းသာမရွေး ဆံပင်ဝင်ညှပ်သွားနိုင်တယ်လို့ Myanmar Barber Academy (MBA) က ဖိတ်ခေါ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။