လပွတ္တာက ဆားဖိုလုပ်ငန်းတွေ အခက်အခဲကြုံနေ
2024.04.18

ပင်လယ်ရေကနေ ဆားအဖြစ်ရောက်ဖို့ စက်တွေနဲ့မောင်းတင်ရသလို လှန်းကွင်း ငါးဆင့်အထိ အဆင့်ဆင့်ဖြတ်သန်းရပါတယ်။ အဲဒီကနေ ရက်ပေါင်း နှစ်ဆယ်ကျော် နေပူလှန်းပြီးမှ ဆားဖြစ်တာပါ။
လပွတ္တာမြို့နယ်က ထွက်တဲ့ဆားကို ပုသိမ်နဲ့ ရန်ကုန်မြို့က ဆားစက်ရုံတွေဆီ တင်ပို့ရောင်းချပါတယ်။ အရင်နှစ်က ဆားကြမ်း တစ်ပိဿာကို ငွေ ၁၄၀ ကျပ်နဲ့ ရောင်းရပေမယ့် အခုနှစ်မှာတော့ ၉၀ ကျပ်သာ စျေးရပါတော့တယ်။ စျေးကွက်မကောင်းတော့ ဆားဖိုလုပ်ငန်းရှင်တွေ အရှုံးနဲ့ရင်ဆိုင်နေရပြီး အလုပ်သမားတွေကို လုပ်အားခတွေ တိုးမြှင့်မပေးနိုင်တော့ဘူးလို့ အလုပ်ရှင်တွေနဲ့ လုပ်သားတွေက ပြောကြပါတယ်။
“ဆားလုပ်သားတွေရဲ့ ဝင်ငွေဟာ ကုန်စျေးနှုန်းတွေ ကြီးလာတဲ့အတွက် စားရရုံသာရလို့ လုပ်ကိုင်သူ နည်းလာတာပါ”
ကုန်စျေးနှုန်းကတော့ တရိပ်ရိပ် မြင့်တက်နေပေမယ့် လုပ်အားခကတော့ တိုးမရတာကြောင့် ဆားလုပ်ငန်းခွင်တွေကို စွန့်ခွာသူ များလာတယ်လို့ ဆင်ခြေရာ ကျေးရွာနှင့် ကန့်ဘလာ ကျေးရွာအုပ်စု ဆားတိုက်နယ် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောပါတယ်။
“ဒါဟာ နှစ်တိုင်း စီစဥ်တာနဲ့ဆိုရင် လုပ်သားက သုံးပုံနှစ်ပုံလောက်ပဲရှိတယ်။ နှစ်တိုင်း ဆယ်ယောက်လာရင် အခု ခုနစ်ယောက်လောက်ပဲ ရှိတယ်။ သူတို့ရဲ့နောက်က မိသားစုက များတယ်လေ။ လုပ်နိုင်သူတစ်ယောက်နဲ့ အနောက်က သုံးယောက်၊ လေးယောက်၊ ငါးယောက် စားသုံးနေတာ ရှိတဲ့အခါကျတော့ သူတို့အတွက်ကလည်း ဒီမှာ အခုပေးတဲ့ တစ်လ တစ်သိန်းရှစ်သောင်း၊ နှစ်သိန်းနဲ့ လောက်ငမှုက အားနည်းတယ်”
ရန်ကုန်မြို့ကြီးတွေအပြင် ပြည်ပနိုင်ငံတွေဆီ ထွက်ခွာသွားကြသူတွေရှိသလို ရွေးချယ်စရာမရှိလို့ ဆက်လက်လုပ်ကိုင်နေရသူတွေလည်း ရှိပါတယ်။ ဆားထမ်းသမားဘဝကနေ လွတ်မြောက်ချင်ပေမယ့်လည်း ဆက်လုပ်နေရသူတွေထဲမှာ ကိုအောင်ပိုင်လည်း ပါဝင်ပါတယ်။
“ပူတာပေါ့။ ပြောမယ်ဆိုရင် ရေနွေးအိုးလို ဇွပ်ဇွပ်ပူနေတာ။ အဲဒါမျိုးပူနေတာ နေ့ခင်းကြောင်တောင်။ အဲဒါကြောင့် ဖိနပ်မရှိရင် မဆင်းနိုင်ဘူး။ တအားပူတာ။ ဒီအလုပ်တွေလည်း မလုပ်ချင်တော့ဘူး။ ကျွတ်ချင်နေပြီ။ အခုစျေးနာတွေနဲ့ ကျပြန်တော့လည်း လုပ်နေရတုန်းပေါ့။ မပြေလည်တဲ့အခါကျတော့လည်း လုပ်နေရတုန်းပေါ့။ မလုပ်ချင်လည်း လုပ်နေရတာပဲ”
ကိုအောင်ပိုင်က ဆားကျင်းကျေးရွာကနေ လပွတ္တာမြို့နယ်၊ ကန့်ဘလာကျေးရွာက ဧက ၅၀၀ ကျယ်ဝန်းတဲ့ ဆားကွင်းတစ်ခုမှာ ဆားလာထမ်းနေတာပါ။ ဆားတစ်ထမ်းကို သူ့အတွက် လုပ်အားခ ကျပ်နှစ်ရာရပြီး တစ်နေ့ကို သူ့အတွက် ကျပ် ရှစ်ထောင်ဝန်းကျင် ရပါတယ်။ ဒီဝင်ငွေဟာ မိသားစုဝင်ငါးဦးရှိတဲ့ သူ့အိမ်အတွက်တော့ မလောက်ငပါဘူး။
လပွတ္တာမြို့နယ် ကပြိုရွာကနေ ဆားလာထမ်းတဲ့ ကိုမျိုးမင်းထွန်းက ဆားကွင်းမှာ လုပ်သက် ၁၃ နှစ်ရှိပြီး သူ့ရဲ့ တစ်ရက်လုပ်အားခက ခုနစ်ထောင်ကနေ တစ်သောင်းဝန်းကျင် ရှိပါတယ်။ ဒီလုပ်အားခက မြင့်တက်နေတဲ့ ကုန်စျေးနှုန်းကို လိုက်မမီတာကြောင့် သူ့မိသားစုဝင် ငါးဦးအတွက် စားဝတ်နေရေး ခက်ခဲနေပါတယ်။
“ကုန်စျေးနှုန်းတွေ ကြီးလာတာနဲ့အမျှတော့ ခက်ခဲကြတာပဲ။ ခုနစ်ထောင်ဖိုးဆိုရင် ဆန်စျေးနှုန်းနဲ့ဆို ဘယ်လိုလဲဆိုတော့ ကွက်တိလောက် ကျနေတယ်။ အပိုဆိုတာ မရှိဘူး ဖြစ်နေတယ်”
ဆားလုပ်သားတွေရဲ့ ဝင်ငွေဟာ ကုန်စျေးနှုန်းတွေ ကြီးလာတဲ့အတွက် စားရရုံသာရလို့ လုပ်ကိုင်သူ နည်းလာတာလို့ ဆားကွင်းမှာ လုပ်ကိုင်နေတဲ့ အသက် ၆၀ အရွယ် ဦးမြင့်ကြည်က ပြောပါတယ်။
“ဆားလုပ်သားတွေကတော့ အခုစျေးတွေ နာတွေနဲ့ဆို သူတို့အတွက်ကလည်း စားရရုံပါပဲ။ ကိုက်တယ်လို့ မရှိပါဘူး။ လယ်ဘယ်သွားနေတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အပိုအလျှံ အခုစျေးနှုန်းတွေနဲ့က မထွက်ကြဘူးလေ။ အခုက ဆန်စျေးတွေကလည်း မြင့်တဲ့အခါကျတော့လေ။ အဲဒီလို ဆီစျေး၊ ကြက်သွန်စျေးတွေကအစ။ ငါး၊ ဖား၊ ပုစွန်ကအစ အကုန်မြင့်တဲ့အခါကျတော့လေ”
ဆားလုပ်သား ရှားပါးလာတာရဲ့ အကျိုးဆက်ကတော့ ဆားထုတ်လုပ်မှု နှောင့်နှေးရပါတယ်။ နှစ်စဥ် ဖေဖော်ဝါရီလလောက်ကနေ မေလအတွင်းသာ ဆားထုတ်ရတာဖြစ်လို့ အလုပ်သမား နည်းလာတဲ့အခါ ဆားထွက်နှုန်းလည်း ကျသွားတာကြောင့် လုပ်ငန်းရှင်တွေ အခက်တွေ့ရပါတယ်။ မိုးကျရင် ဆားထုတ်လို့ မရတော့တာကြောင့် မိုးမကျခင် အချိန်မီ ဆားထုတ်ရတဲ့အတွက် အခုလို လုပ်သားရှားလာတဲ့အခါ လုပ်ငန်းနှောင့်နှေးရပြီး မိုးအဝင် စောတဲ့နှစ်ဆိုရင် ဆားလုပ်ငန်းရှင်တွေ အရှုံးပေါ်လေ့ ရှိပါတယ်။
အခုလို အခက်အခဲ ကြုံနေရတဲ့ ဆားဖိုလုပ်ငန်းရှင်တွေက ဆားစျေးကွက် တည်ငြိမ်အောင် အခြေခံ ဆားစျေးနှုန်းကို သတ်မှတ်ပေးဖို့ လိုလားနေကြပြီး အလုပ်သမားတွေကတော့ ကုန်စျေးနှုန်းကျဖို့ မျှော်လင့်နေကြပါတယ်။
လပွတ္တာမြို့နယ်မှာ ၁၉၆၀ ဝန်းကျင်ကစပြီး ပင်လယ်ရေငန်ကို ဒယ်အိုးတွေနဲ့ချက်ပြီး ဆားထုတ်လုပ်ခဲ့ရာကနေ နေလှန်း ဆားလုပ်ငန်းကိုတော့ လွန်ခဲ့တဲ့နှစ် လေးဆယ်ဝန်းကျင်က စတင်ပြောင်းလဲလုပ်ကိုင်ခဲ့ကြတာပါ။ လပွတ္တာမြို့နယ်မှာ နေလှန်းဆားလုပ်ကိုင်သူ ၁၅၀ လောက်ရှိပြီး အဲဒီထဲက လုပ်ငန်းရှင် ကိုးဆယ်ကျော်ကတော့ တရားဝင် မှတ်ပုံတင်ထားတယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။