ရပ်တည်ဖို့ ခက်ခဲလာတဲ့ အင်းဝက ယွန်းထည်လုပ်ငန်း

RFA Burmese
2024.05.07
ရပ်တည်ဖို့ ခက်ခဲလာတဲ့ အင်းဝက ယွန်းထည်လုပ်ငန်း အင်းဝမြို့ဟောင်း ဟံသာဝတီရွာအုပ်စု ရပ်တန်းရပ်ကွက်တွင် ယွန်းထည်လုပ်ငန်းကို လုပ်ကိုင်နေသူတစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မန္တလေးတိုင်း အင်းဝမြို့ဟောင်း ဟံသာဝတီရွာအုပ်စု ရပ်တန်းရပ်ကွက်မှာ တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေတဲ့ ယွန်းသပိတ်အဖုံး လုပ်ငန်းခွင်တစ်ခုပါ။

အသက် ၁၈ နှစ်အရွယ်ကတည်းက ဒီအလုပ်လုပ်ခဲ့တဲ့ ကိုမောင်ရှင်းဟာ အခု ၄၆ နှစ်အထိ ဆက်ပြီးလုပ်ကိုင်နေပါတယ်။ သူ့အတွေ့အကြုံအရ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကဆိုရင် ဒီယွန်းသပိတ်လုပ်တဲ့သူ တစ်ရာနီးပါးရှိခဲ့ပြီး အလုပ်တွင်ကျယ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ရိုးရာယွန်းသပိတ်တွေ မှေးမှိန်လာခဲ့ပြီး အခုဆို ဒီလုပ်ငန်းလုပ်တဲ့သူ မရှိသလောက်ဖြစ်သွားပြီလို့ ပြောပါတယ်။

နှီးနဲ့ရက်ထားတဲ့ ယွန်းသပိတ်အဖုံးတွေကို အချောကိုင်ရတဲ့အလုပ်ဟာ လက်ဝင်သလောက် ဝင်ငွေ မကောင်းတော့ပါဘူး။

“နှီးအဖုံးကတော့ သုံးတဲ့သူ နည်းသွားပြီ။ အခုဟာက သင်္ဘောဆေးတွေနဲ့ ကြွေဆေးတွေနဲ့ ဆေးမှုတ်နေရတာ များတယ်။ လုပ်ငန်းလုပ်ကွက်ကြောင့်ပေါ့။ ဝယ်နှုန်းများတာတော့ ဒါတွေ များတယ်။ ဒီကောင်တွေကျတော့ ကိုကြီးတစ်ယောက်ပဲ လုပ်တဲ့သူရှိတော့တယ်။ ဟိုတုန်းကဆို တစ်ရွာလုံးလုပ်တာ ဒါတွေချည်းပဲ။ အခုစျေးကွက်နဲ့ကျ မကိုက်တော့ဘူး”

တစ်နေကုန် ထိုင်ပြီးလုပ်မှ ငွေကျပ် ခြောက်ထောင်ခန့်ပဲ ရတယ်လို့ ကိုမောင်ရှင်းက ပြောပါတယ်။

“ဒီအလုပ်က ဝင်ငွေမကောင်းတော့တာကြောင့် ဒီပညာကိုလည်း လူငယ်တွေသင်ဖို့ စိတ်မဝင်စားကြတော့ဘူး”

တခြားသူတွေက အုတ်လုပ်ငန်းတို့ ဘုရားလုပ်ငန်းတို့ ပြောင်းလိုက်ကြပေမယ့် သူကတော့ ခေတ်အခြေအနေကြောင့် ဒီလုပ်ငန်းကိုပဲ ဆက်လုပ်နေရတယ်လို့ ပြောပါတယ်။

ဒီကြားထဲ ကုန်ကြမ်းစျေးကလည်း ကြီးလာသလို ဝယ်ဖို့တောင် ခက်လာတယ်လို့ ဆိုပါတယ်။

“အခု ကော်ပတ်တစ်ချပ်တောင် ဟိုတုန်းကမှ ခုနစ်ရာပဲရှိတာ။ အခု ၁၅၀၀ ပေးဝယ်ရတယ်။ ဟိုတုန်းက ဖော့ဆိုရင် ငါးဆယ်ကနေ နှစ်ရာတောင် ဝယ်လို့ မရတော့ဘူး။ အခု အခက်အခဲဖြစ်နေတယ်။ လုပ်ရကိုင်ရတာ အဆင်မပြေဘူး”

တစ်ဖက်မှာလည်း ဝါးနှီးနဲ့လုပ်တဲ့ ယွန်းသပိတ်တွေနေရာမှာ တာရှည်ခံတဲ့ သံသပိတ်တွေက နေရာယူလာပါတယ်။ ကိုမောင်ရှင်းဟာ ယွန်းသပိတ်အဖုံး အကြမ်းထည်တွေကို အိမ်နီးချင်း ဒေါ်ခင်စန်းရီဆီက ဝယ်ယူနေတာပါ။ လုပ်ငန်းတွေ ကောင်းချိန်ကတော့ အင်းဝဒေသမှာ သပိတ်အဖုံး ရက်တဲ့သူ နှစ်ဆယ်ခန့် ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အင်းဝမှာ ဒေါ်ခင်စန်းရီပဲ ရှိပါတော့တယ်။

“ဟိုတုန်းကတော့ပေါ့ကွာ လူတစ်ယောက်ကို လေးထောင်၊ ငါးထောင်လောက်တော့ ကျန်တာပေါ့။ အခုကျတော့ ၁၅၀၀ လောက်ကျန်တော့ ဝါးစျေးက တစ်လုံးကို နှစ်ထောင်ဆိုတော့ ဘယ်သူမှ မလုပ်ကြတော့ဘူး”

ဒီအလုပ်က ဝင်ငွေမကောင်းတော့တာကြောင့် ဒီပညာကိုလည်း လူငယ်တွေသင်ဖို့ စိတ်မဝင်စားကြတော့ဘူးလို့ ဆိုပါတယ်။

အင်းဝမြို့ဟောင်း ဟံသာဝတီရွာအုပ်စု ရပ်တန်းရပ်ကွက်တွင် ယွန်းထည်လုပ်ငန်းကို လုပ်ကိုင်နေကြသူအချို့အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)
အင်းဝမြို့ဟောင်း ဟံသာဝတီရွာအုပ်စု ရပ်တန်းရပ်ကွက်တွင် ယွန်းထည်လုပ်ငန်းကို လုပ်ကိုင်နေကြသူအချို့အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

အင်းဝမြို့ဟောင်း ရပ်တန်းရပ်ကွက်မှာ မြန်မာ့ရိုးရာ ယွန်းသပိတ်လုပ်ငန်းတွေအပြင် ဆွမ်းအုပ် ဆွမ်းချိုင့် နှီးဘုရားစတဲ့ ဘာသာရေးဆိုင်ရာ ပစ္စည်းတွေနဲ့ လူ့အသုံးအဆောင်တချို့ကို တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် မိသားစုတချို့ လုပ်ကိုင်နေကြပါတယ်။

အခက်အခဲတွေကြားက မြန်မာ့ရိုးရာ ယွန်းထည်လုပ်ငန်း ဆက်လက်လုပ်ကိုင်နေရတဲ့အပေါ် ဂုဏ်ယူနေတဲ့သူလည်း တွေ့ရပါသေးတယ်။

“ဒို့ထွက်လာတဲ့ ပစ္စည်းအပေါ်မှာ မူတည်ပြီးတော့လည်း ငါတို့က အမြဲတမ်း ဂုဏ်ယူနေတာပဲ။ အဲဒါကတော့ မပြောတော့နဲ့။ ဘုရားကြီးတွေဆိုလည်း ဘုရားကြီးတွေ ပင့်သွားတဲ့အချိန်အထိ စိတ်ထဲမှာ ဘုရားလုပ်ပြီဟေ့ ဆိုရင်လည်း ဘုရားကို နှစ်နှစ်ကာကာ စိတ်မြှုပ်ပြီးတော့ကို အလုပ်လုပ်ကြတယ်။ သုံးစွဲသူက ပျော်ပျော်ရွှင်ရွှင်နဲ့ ဒို့ဆီက ယူသွားတဲ့ပီတိကတော့ ကြေးဖြတ်လို့ကို မရဘူး။ ဆရာတစ်ယောက် ပြောသလိုဆို ပီတိကိုစား အားရှိနေတဲ့ ပုံစံမျိုးနဲ့ပဲ လုပ်နေရတာ”

ယွန်းထည်လုပ်ငန်းတွေကို အင်းဝအပါအဝင် ပုဂံ၊ ညောင်ဦး၊ မုံရွာမြို့နယ်က ကျောက်ကာရွာနဲ့ ရှမ်းပြည်နယ်တို့မှာ လုပ်ကိုင်ကြပါတယ်။ စျေးကွက်အခြေအနေကြောင့် အရည်အသွေးကောင်းကောင်း ထုတ်ဖို့ အခက်အခဲတွေရှိပေမယ့် အင်းဝဒေသက ယွန်းထည်လုပ်ငန်းတွေ ပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့ လုပ်ငန်းရှင်တွေက ယုံကြည်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။