မြန်မာပြည်တွင် ပြုလုပ်သည်ဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားနေတဲ့ မြန်မာအမျိုးသမီးတစ်ဦး

RFA Burmese
2023.10.27
မြန်မာပြည်တွင် ပြုလုပ်သည်ဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားနေတဲ့ မြန်မာအမျိုးသမီးတစ်ဦး Mo Jo House တွင်ပြသထားသည့် မြန်မာ့ရှေးဟောင်းပစ္စည်းများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ကတွေ့ရစဉ်။
Photo: RFA

မြန်မာ့လက်ရာစစ်စစ် ရှေးဟောင်းပစ္စည်းတွေကို တစ်နေရာထဲမှာ ကြည့်ရှုလေ့လာ နိုင်အောင် စုဆောင်းပြသထားတဲ့ နေရာတစ်ခု ရန်ကုန်မြို့လယ်က ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းမှာ ရှိနေပါတယ်။ သူတို့ပြတိုက်လေးကို Mo Jo House လို့ နာမည်ပေးထားပါတယ်။

မမိုမို (Mo Mo) ဆိုတဲ့ မြန်မာနိုင်ငံသူနဲ့ နယ်သာလန်နိုင်ငံသား ဂျွန် (John) တို့ နှစ်ယောက်ပေါင်းပြီး ဖန်တီးထားတဲ့ နေရာလေးဖြစ်တာကြောင့် Mo Jo House လို့ နာမည်ပေးထားတာ ဖြစ်တဲ့အကြောင်း မမိုမို (Mo Mo) ကပြောပါတယ်။

“မိဘတွေ မသိဘဲနဲ့ အိမ်ကို ရောင်းပြီးတော့ ပစ္စည်းတွေ ဝယ်ထည့်တယ်၊ ရှုံးမှာလား၊ မြတ်မှာလား၊ အလုပ်လုပ်ရမှာလည်း မသိဘူး၊ ဝယ်ဖြစ်သွားတာပေါ့နော်၊ အရမ်းချစ်ဖို့ ကောင်းတယ်၊ ဒီဟာလေးတွေဆိုရင် မြန်မာလူမျိုးတွေ လုပ်ခဲ့တယ်၊ Made in Myanmar - Made in Myanmar လို့ ရေးမထားတော့ Made in Myanmar တကယ်ရှိတယ်ဆိုတာကို ကမ္ဘာကရော မြန်မာက နောက်လူ နောက်သားတွေရော သိစေချင်တယ်ပေါ့နော်”

မမိုမိုဟာ ရှေးဟောင်းပစ္စည်း စုဆောင်းရတာ ဝါသနာပါတဲ့အတွက် ကလေးအရွယ် ကျောင်းသူဘဝကတည်းက ဝယ်စုနေတာပါ။ သူ ဘယ်လောက် စိတ်အား ထက်သန်ခဲ့လဲ ဆိုရင် ဝယ်ဖို့ငွေမရှိတဲ့အတွက် အိမ်ရောင်းပြီး ဝယ်စုခဲ့တယ်လို့ ပြောပါတယ်။

“Mo Jo House မှာရှိတဲ့ ပစ္စည်းတွေဟာ မြန်မာနိုင်ငံရဲ့ရှေးခေတ်ကို ပြောပြနေတဲ့ သမိုင်းဝင်ပစ္စည်းတွေဖြစ်တယ်”

သူစုထားတဲ့ ပစ္စည်းတွေထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်ကနေ နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိတဲ့ ယွန်းထည်တွေနဲ့ ကြိမ်ပစ္စည်းတွေ ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံသား ဂျွန်ကတော့၊ ခေတ်အဆက်ဆက်က မြန်မာနိုင်ငံရဲ့ပုံရိပ်တွေကို ဖော်ပြပေးနိုင်တဲ့ ပိုစတာဟောင်းတွေ၊ ပြန်မြင်ဖို့ မလွယ်တော့တဲ့ မြန်မာနိုင်ငံရဲ့ နှစ်တစ်ရာကျော်က ခေတ်ဟောင်း ပိုစတာတွေကိုစုဆောင်းရင်း မမိုမိုနဲ့တွေ့ပြီး အတူတူ အလုပ်လုပ်ဖြစ်ခဲ့တာလို့ ပြောပါတယ်။

“မိုမိုနဲ့ ကျွန်တော် ဗိုလ်ချုပ်ဈေးမှာ တွေ့ခဲ့ကြတာပါ။ အဲဒီမှာ သူ့ရဲ့ ရှေးဟောင်းပစ္စည်း ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်လည်း ရှိပါတယ်။ ကျွန်တော် စုထားတဲ့ ခေတ်ဟောင်း ပိုစတာတွေကို ပထမဆုံး ရောင်းပေးတဲ့သူလည်း ဖြစ်ပါတယ်။ သူ စုဆောင်းထားတာတွေ ကို တဖြည်းဖြည်းနဲ့ ကျွန်တော် စိတ်ဝင်စားလာပါတယ်။ သူက ဆိုင်မှာတင်မကပဲ သူ့မှာ ရှေးဟောင်းပစ္စည်းတွေနဲ့ ပြည့်နေတဲ့ အိမ်တစ်လုံးလည်း ရှိပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်ကိုယ်တိုင် ရှေးဟောင်းပစ္စည်းတွေဝယ်ပြီး တဖြည်းဖြည်းနဲ့ အတူတူ စုဆောင်းခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်ကတော့ ဒီအဆောက်အဦကို ကျွန်တော်တို့ပိုင်ဆိုင်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ကျွန်တော်တို့ စုထားတဲ့ ရှေးဟောင်းပိုစတာတွေနဲ့ ရှေးဟောင်းပစ္စည်းတွေကို အတူတူပြခဲ့ပါတယ်”

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတော့ မမိုမိုဟာ စိတ်ဓာတ်ကျပြီး ပြည်ပကို ထွက်သွားဖို့အထိ စီစဉ်ခဲ့ဖူးတယ်လို့ ပြောပါတယ်။ အဲဒီအချိန်မှာ ဂျွန်နဲ့ ဆုံဖြစ်ခဲ့တာကြောင့် အခုလို Mo Jo House ဖြစ်လာခဲ့တာလို့ မမိုမိုက ပြောပါတယ်။

“ဂျွန်နဲ့သာ မတွေ့ဘူးဆိုရင် ကျွန်မ ရောက်ချင်ရာရောက်ဆိုပြီးတော့ ပစ္စည်းတွေကို ဖျက်ဆီးပြီး လုံးဝ လှည့်မကြည့်ဘဲနဲ့ စိတ်ပျက်သွားပြီ၊ ပြည်ပခရီးကိုလည်း အပြီး ထွက်သွားတော့မယ်၊ အဲဒီရောက်မှ ဒီဘက်က မိသားစုတွေကို ပိုက်ဆံလိုရင် လှမ်းပေးမယ်၊ ပြန်လာဖို့လည်း စိတ်ကူးမရှိတော့ဘူး၊ တော်တော့်ကို စိတ်ကုန် စိတ်ပျက်သွားတဲ့အချိန်ကျမှ ဒီပစ္စည်းတွေရဲ့ တန်ခိုးကြောင့်ပဲလား၊ ဂျွန်နဲ့ ဖူးစာကြောင့် ပဲလား၊ ဖြစ်ဖို့ အကြောင်းတရား ပါလာလို့လားတော့ မသိဘူး၊ ဒီအိမ်ကြီးကို ရောက်လာတယ်၊ ဂျွန်နဲ့တွေ့တယ်၊ ဂျွန်က ဒီပစ္စည်းတွေကို စောင့်ရှောက်တယ်၊ သူနဲ့ ကျွန်မနဲ့ ပူးပေါင်းပြီးတော့ ဒီပစ္စည်းတွေက ပြန်ပြီးနိုးထလာတယ်”

အခုတော့ Mo Jo House မှာ ခေတ်ဟောင်း ပိုစတာတွေအပြင် ရေနံဆီနဲ့သုံးရတဲ့ ရှေးဟောင်း ပန်ကာတွေ၊ ဇာတ်တော်သမိုင်းတွေပါတဲ့ ကြေးဖလားတွေ၊ ၃၇ မင်းရုပ်တွေနဲ့၊ ဘာသာပေါင်းစုံနဲ့ သက်ဆိုင်တဲ့သင်္ကေတတွေ၊ ဘိုးတော်၊ မယ်တော် ရုပ်ထုဟောင်းတွေ လည်း စုထားတာ တွေ့ရပါတယ်။

ဧည့်လမ်းညွှန်တစ်ယောက်ဖြစ်တဲ့ Jack လို့ခေါ်တဲ့ ကိုဇော်မင်းဦးကတော့ Mo Jo House မှာရှိတဲ့ ပစ္စည်းတွေဟာ မြန်မာနိုင်ငံရဲ့ ရှေးခေတ်ကို ပြောပြနေတဲ့ သမိုင်းဝင်ပစ္စည်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။

“လွန်ခဲ့တဲ့နှစ်ပေါင်း လေးငါးခြောက်ဆယ်၊ ခုနစ်ဆယ်ကို ပြန်သွားချင်ရင်၊ ဟိုခေတ်က ဒီလိုလေးတွေ၊ အနုပညာဆိုလည်း အနုပညာလိုင်း၊ ချစ်သူကောင်လေးတွေ ကောင်မလေးတွေ တက္ကသိုလ်မှာ၊ ကန်စောင်းမှာ စက်ဘီးလေးတွေ စီးသွားတဲ့ ရှုခင်းလေးတွေ၊ နဂါးနီလို ပိုစတာ ခွန်အားရှိစေတဲ့စာတွေ၊ တို့ကျောင်းသား ဆိုတဲ့ ဟာမျိုးတွေ၊ ဒါတွေက ရှားပါးတွေ ဖြစ်တယ်ဗျ၊ ကျွန်တော့်အတွက် ပိုစတာ တစ်ခုမကထက် ပိုတယ်၊ ဒါဟာ ပိုစတာပဲလို့ မဟုတ်ဘူး၊ ဟိုဘက်က သမိုင်းတွေကို ပြောပြနေတဲ့ဟာတွေ၊ မြန်မာပြည်ရဲ့ ရာစုနှစ်တွေ၊ ဆယ်စုနှစ်တွေရဲ့ ရေစီးကြောင်း တွေကို ပြန်ပြီးတော့ မီးမောင်းထိုးပြပေးတယ်”

ကမ္ဘာလှည့်ခရီးသည်တွေ ရန်ကုန်ရောက်ရင် ရှားပါးတဲ့ မြန်မာ့အမွေအနှစ်တွေ၊ လက်မှု အနုပညာဟောင်းတွေရှိတဲ့ Mo Jo House ကို ဝင်ပြီးလေ့လာသင့်တယ်လို့လည်း ကိုဇော်မင်းဦးက ပြောပါတယ်။

Mo Jo House တွင်ပြသထားသည့် မြန်မာ့ရှေးဟောင်းပစ္စည်းများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ကတွေ့ရစဉ်။ (Photo: RFA)
Mo Jo House တွင်ပြသထားသည့် မြန်မာ့ရှေးဟောင်းပစ္စည်းများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ကတွေ့ရစဉ်။ (Photo: RFA)

Mo Jo House ဖွင့်ထားတဲ့အိမ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာကျော်က အင်္ဂလိပ်တွေ အုပ်ချုပ်ခဲ့တဲ့ ၁၉၁၅ ခုနှစ်လောက်က ဂျူးကုန်သည်တွေ ဆောက်ထားတဲ့အိမ် ဖြစ်ခဲ့သလို အိမ်ရဲ့မျက်နှာကျက်မှာလည်း ဂျူးကုန်သည်တွေရဲ့ သင်္ကေတတွေ အခုအချိန်အထိ ရှိနေသေးတာ တွေ့ရပါတယ်။

ရန်ကုန်မြို့မှာနေရင်းနဲ့ ဘယ်မှ သွားစရာမရှိဘူးဆိုရင်တောင် ရန်ကုန်မြို့ ၄၄ လမ်းထဲက မြန်မာ့ရနံ့တွေ သင်းပျံ့ထုံမွမ်းနေတဲ့ Mo Jo House ကို လာလည်ပြီး မြင်ရဖို့ခက်တဲ့ ရှေးဟောင်းပစ္စည်းနဲ့ ပိုစတာတွေကို ကြည့်ရှုခံစားရင်း၊ ကော်ဖီသောက်၊ အမှတ်တရ ဓာတ်ပုံရိုက်နိုင်တယ်လို့ မမိုမိုနဲ့ ဂျွန်တို့ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။