အင်းဝမြို့ဟောင်းမှာ ဧည့်သည်မျှော်နေတဲ့ မြင်းလှည်းသမားများ

မန္တလေးတိုင်းက အင်းဝမြို့ဟောင်းမှ မြင်းလှည်းသမားတစ်ဦးအား ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
မန္တလေးတိုင်းက အင်းဝမြို့ဟောင်းမှ မြင်းလှည်းသမားတစ်ဦးအား ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မန္တလေးတိုင်းထဲက အင်းဝမြို့ဟောင်းဟာ ပုဂံပြီးရင် ကမ္ဘာလှည့်ခရီးသည်တွေ ဒုတိယအများဆုံးသွားတဲ့ ရှေးဟောင်းမြို့ဖြစ်ပါတယ်။

အဲဒီအပြင် မြန်မာနိုင်ငံက ခရီးသွားဒေသအားလုံးထဲမှာ အလှတန်ဆာဆင်ထားတဲ့ မြင်းလှည်းအများဆုံးရှိတဲ့ မြို့လည်းဖြစ်ပါတယ်။

"ပြည်ပက ဧည့်သည်တွေမလာတော့ ဒုက္ခရောက်ပါတယ်ရှင့်"

ပြည်တွင်း၊ ပြည်ပခရီးသည်တွေကို မှီခိုနေရတဲ့ မြင်းလှည်းသမားတွေရဲ့ဘဝဟာ ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလာရေး ပိတ်လိုက်ကတည်းက ဧည့်သည်မရှိတော့အပြင်၊ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ဖြစ်လာတဲ့ တိုင်းပြည်အခြေအနေကြောင့်ပါ အရင်လို ဧည့်သည်မရောက်တော့ပါဘူး။

အခုတော့ မြင်းတွေရော၊ လူတွေရော စားဝတ်နေရေးတွေ ခက်ခဲနေပြီလို့ မြင်းလှည်းမောင်းတဲ့ ဒေါ်ခင်စန်းတင့်က ပြောပါတယ်။

"ပြည်ပကလာတဲ့သူတွေကိုပဲ မှီခိုနေရတာပါရှင့်၊ အခုကျတော့ ပြည်ပက ဧည့်သည်တွေမလာတော့ ဒုက္ခရောက်ပါတယ်ရှင့်၊ စားဖို့နေရေးလည်း ခက်ခဲပါတယ်၊ သူတို့ တိရစ္ဆာန်တွေကို ကျွေးမွေးရတာပေါ့နော်၊ အခုကျတော့ သိပ်ပြီးမကျွေးနိုင်၊ မမွေးနိုင်ဘူးပေါ့၊ သူတို့အဖို့လည်းရှာရ၊ လူစာလည်းရှာနေရတော့ မနည်း ရုန်းကန်နေရတာပါရှင့်"

ဒါကြောင့် တချို့ဆိုရင် လူတွေရဲ့ဝမ်းရေးအတွက် မြင်းရောင်းပြီး အသက်ဆက်လိုက်ရတဲ့ သူတွေရှိတယ်လို့ ပြောပါတယ်။

မြင်းရောင်းလိုက်ရတဲ့သူတွေဟာ ပန်းရံနောက်လိုက်၊ လက်သမားနောက်လိုက်နဲ့ ကုန်တင်ကုန်ချ ရရာအလုပ်တွေကို ဝင်လုပ်ကြရတယ်လို့ မြင်းလှည်းဆရာ ကိုဖိုးပြည့်က ပြောပါတယ်။

"မြင်းလှည်းက မလိုက်ရတဲ့အခါကျတော့ အပြင်တွေထွက်လုပ်ရတာပေါ့၊ တောင်သူလုပ်တဲ့သူကလုပ်၊ အပြင်လုပ်ငန်းလုပ်တဲ့သူက လုပ်ကြပေါ့၊ ပေါင်းစုံရတာ လုပ်နေကြရတာပါ"

အင်းဝမြို့ကို ၁၄ ရာစု ၁၃၆၄ ခုနှစ်၊ မြန်မာသက္ကရာဇ်နဲ့ဆို ၇၂၆ မှာစတည်ခဲ့တာပါ။ ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ စမုံ၊ ဇော်ဂျီ၊ ပန်းလောင် ဆိုတဲ့မြစ်ငါးစင်းဆုံတဲ့နေရာမှာ အင်းလေးခုကိုဖို့ပြီး တည်ခဲ့တာလို့ စာပေတွေမှာ ရေးကြပါတယ်။

အင်းဝခေတ်လို့ပြောရင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆိုပြီး ခေတ်လေးခေတ် ရှိခဲ့ပါတယ်။

ဒါကြောင့် အနှစ်ခြောက်ရာကျော်ကတည်းက တည်ခဲ့တဲ့ အင်းဝမြို့ဟောင်းကိုလာကြတဲ့ ခရီးသည်တွေဟာ ရှေးဟောင်းအမွေအနှစ်တွေဖြစ်တဲ့ မယ်နုအုတ်ကျောင်းနဲ့ နန်းမြင့်မျှော်စင်၊ ရတနာဆီမီး ဘုရားစုနဲ့ ဗားကရာကျောင်းတွေကို သွားပြီးလေ့လာ ကြတာများပါတယ်။

အဲဒီနေရာတွေမှာ ဧည့်သည်တွေကို သမိုင်းကြောင်းလိုက်ပြောပြပြီး ဓာတ်ပုံရိုက်ပေးနေတဲ့ အမျိုးသမီးငယ်လေးတွေလည်း ရှိပါတယ်။

မန္တလေးတိုင်းက အင်းဝမြို့ဟောင်းမှ မြင်းလှည်းသမားတချို့အား ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မန္တလေးတိုင်းက အင်းဝမြို့ဟောင်းမှ မြင်းလှည်းသမားတချို့အား ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

သူတို့လည်း အရင်လို ဧည့်သည်မလာတော့လို့ ဝင်ငွေမရှိဘဲ စားဝတ်နေရေးခက်ခဲ နေတယ်လို့ အင်းဝမြို့ဟောင်းသူ မသဲနေခြည်က ပြောပါတယ်။

"အရင်တုန်းက ဓာတ်ပုံတွေ အများကြီးလိုက်ရိုက်ပေးတာ၊ သမိုင်းကြောင်းလိုက်ပြီး ရှင်းပြပေးတာ တစ်နေ့ကို နှစ်သောင်း၊ သုံးသောင်းလောက် ရတယ်ရှင့်၊ အခုကျတော့ ဧည့်ပါးတော့ သမိုင်းကြောင်း လိုက်ရှင်းပြရတာ တစ်နေကုန်မှ မုန့်ဖိုး နှစ်ထောင်၊ သုံးထောင်လောက်ပဲရတယ်"

၂၀၂၀ ကိုဗစ်ကပ်ရောဂါ မတိုင်ခင်က အင်းဝမြို့ဟောင်းမှာ အလှတန်ဆာဆင်ထားတဲ့ မြင်းလှည်းမောင်းတဲ့သူ ၂၀၀ လောက်ရှိပါတယ်။ အခုတော့ ၇၀ လောက်ပဲ ကျန်တော့တယ်လို့ ကိုဖိုးပြည့်က ပြောပါတယ်။

"ကိုဗစ်မတိုင်ခင်တုန်းကတော့ မြင်းလှည်းတိုက်ရတာ အဆင်ပြေတယ်ဗျ၊ လှည်းအစီးရေ ၂၀၀ လောက်တော့ရှိတယ်၊ ကိုဗစ်စဖြစ်တဲ့အချိန်ကနေစပြီး လှည်းအစီးရေ ၆၀၊ ၇၀ လောက်ပဲရှိတော့တာ၊ အခုကျတော့ ထွက်ရတဲ့ရက်လည်းရှိတယ်၊ မထွက်ရတဲ့ ရက်လည်းရှိတယ်၊ ထွက်ရတော့လည်း သုံးရက်မှ တစ်ခါ၊ လေးရက်မှတစ်ခါ အဲလောက်ပဲရှိတယ်"

အခုတော့ အင်းဝမြို့ဟောင်းကလမ်းတွေမှာ မြင်းခွာသံတွေတိတ်ဆိတ်နေခဲ့တာ နှစ်နဲ့ချီနေပြီလို့ ပြောကြပါတယ်။

ဒါကြောင့် ဖြည်းဖြည်းအေးအေးမောင်းတဲ့ လှည်းယာဉ်ပေါ်မှာ ငြိမ့်ငြိမ့်ညောင်းညောင်း ထိုင်စီးရင်း အင်းဝရဲ့ ရှေးဟောင်းအလှတွေကို လှည့်ကြည့်မယ့်ခရီးသည်တွေကို လှည်းယာဉ်သမားတွေက မျှော်နေကြပါတယ်။