ရိုးရာလက်မှုထည်တွေကို အဆင့်မြှင့်ပြီး ပြည်ပစျေးကွက်ရှာပေးနေသူ
2023.10.24

အသွင်နဲ့အမြင်ဆန်းတဲ့ လက်မှုထည်တွေကို ရှင်းပြနေသူက အသက် ၃၈ နှစ်အရွယ် မထူးသန့်စင် ဖြစ်ပါတယ်။ သူက မြန်မာ့ရိုးရာလက်မှုထည်တွေကို အဆင့်မြှင့်ပြီး စျေးကွက်ရအောင်ရှာပေးတဲ့ ဗေဒါဆိုတဲ့ နာမည်နဲ့ လုပ်ငန်းတည်ထောင်ထားတဲ့သူ ဖြစ်ပါတယ်။
“ဗေဒါရဲ့ နာမည်လေး ရွေးကတည်းကိုက နေပူပူ၊ မိုးရွာရွာ ဘယ်လိုအခြေအနေမှာပဲ မဆိုပေါ့နော်"
မြန်မာ့ရိုးရာလက်မှုထည်တွေဟာ နိုင်ငံတကာမှာ စျေးကွက်မဝင်ဘူးဆိုတဲ့အမြင်ကို ဖျောက်ပေးချင်တဲ့အတွက် ဒီလုပ်ငန်းကို လုပ်ဖြစ်ခဲ့တာလို့ ပြောပါတယ်။
“အဲဒါတွေတွေ့ရင် ဟယ် ငါတို့ဆီမှာ ဒါတွေအကုန်ထွက်တယ်။ ဟယ် ဒီဟာဆိုရင် ငါတို့ငယ်ငယ်တုန်းက ဒီလိုမျိုးလေးတွေ ဆော့ခဲ့ရတယ်ပေါ့နော်။ စသဖြင့်ပေါ့ အဲဒါမျိုးလေးတွေ တွေ့တော့ ဖြစ်စေချင်တာပေါ့နော်။ ကိုယ့်နိုင်ငံမှာလည်း ဒါတွေထွက်တယ်။ သူများတွေ ဒီလိုရောင်းနေတယ်။ ပြီးတော့ သူများနိုင်ငံမှာ ရောင်းလို့၊ တွေ့လို့ အစ်မဝယ်ခဲ့ပြီဆိုရင် ဘယ်တော့မှစျေးကလည်း မသက်သာခဲ့ဘူးပေါ့နော်။ အဲလိုဆိုရင် ကိုယ့်ဆီက ကိုယ့်နိုင်ငံမှာလည်း ဒါတွေရှိနေရဲ့နဲ့ပေါ့နော်၊ လုပ်နိုင်ဖို့ပဲ ကျန်တယ်ပေါ့။ အဲလိုအတွေးလေး အမြဲတမ်းဝင်ဖြစ်တယ်”
မထူးသန့်စင်ရဲ့ အဓိက အသက်မွေးဝမ်းကျောင်းအလုပ်က ကုမ္ပဏီတစ်ခုရဲ့ Human Resources လို့ခေါ်တဲ့ လူသားအရင်းအမြစ်ဌာနမှာ အလုပ်လုပ်နေတာပါ။ အလုပ်ကိစ္စနဲ့ ခရီးသွားရင် သူများနိုင်ငံတွေရဲ့ လက်မှုပစ္စည်းတွေ တန်ဖိုးကြီးကြီးနဲ့ ရောင်းနေတာ တွေ့တိုင်း ရင်ထဲခံစားရတယ်လို့ ပြောပါတယ်။
ဒါကြောင့်ပဲ ၂၀၁၈ ခုနှစ် တစ်နှစ်လုံး ရှမ်းပြည်နယ်မြောက်ပိုင်းက ရွာတွေ၊ မြန်မာနိုင်ငံ အလယ်ပိုင်းက ဝမ်းတွင်း၊ ပခုက္ကူ၊ အမရပူရ၊ မြစ်သားစတဲ့နေရာတွေက ရိုးရာလက်မှုလုပ်တဲ့သူတွေနဲ့ တွေ့ဆုံ လေ့လာခဲ့သလို ရန်ကုန်တိုင်း၊ တွံတေးနဲ့ ရွှေပြည်သာမြို့နယ်ထဲက အိုးလုပ်ငန်းနဲ့ မသန်စွမ်းတွေ ထုတ်တဲ့လက်မှုထည်တွေကို ထဲထဲဝင်ဝင်လေ့လာဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။
အခုတော့ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းနားမှာ နယ်ပေါင်းစုံကထွက်တဲ့ ရိုးရာလက်မှုထည်မျိုးစုံကို အဆင့်မြှင့်ပြင်ဆင်ခြယ်သပြီး နိုင်ငံတကာ စျေးကွက်ထိ တင်ပို့နေပါပြီ။
သူတွေ့ခဲ့တဲ့ မြန်မာ့ရိုးရာလက်မှုလုပ်ကိုင်သူ နှစ်ရာကျော်ကိုလည်း ရိုးရာလက်မှု အဆင့်မြှင့်တင် ထုတ်လုပ်တဲ့အပိုင်းနဲ့ အရည်အသွေး၊ တီထွင်ဆန်းသစ်မှု၊ စျေးကွက်စတဲ့ အပိုင်းတွေကို အဓိက သင်ကြားမျှဝေပေးထားသလို၊ ၂၀၁၉ ခုနှစ်ကစလို့ လက်ရှိအချိန်ထိ လေးနှစ်ကျော် ချိတ်ဆက်အလုပ်လုပ်ခဲ့တာပါ။
ဒါကြောင့် စျေးကွက်ပျောက်လုနီးပါးဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် နယ်ပေါင်းစုံက ရိုးရာလက်မှုလုပ်ငန်းတွေအတွက် စျေးကွက်ကောင်းရှိနေပြီဖြစ်သလို မသန်စွမ်း ပုဂ္ဂိုလ်တွေ၊ တစ်ကိုယ်ရေ မိခင်တွေ၊ လူငယ်နဲ့ သက်ကြီးပိုင်း အမျိုးသမီးတွေအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးထားနိုင်ပြီလို့ ဆိုပါတယ်။
ဗေဒါမှာ အလုပ်လုပ်နေတာ တစ်နှစ်နီးပါးရှိနေပြီဖြစ်တဲ့ အသက် ၂၀ အရွယ် မထူးအိန္ဒြာလင်းကတော့ ဗေဒါကိုရောက်မှ ရိုးရာလက်မှုထည်တွေကို လုပ်ကိုင်တတ်နေပြီလို့ ပြောပါတယ်။
“မြေအိုးဆိုရင် အိမ်မှာတွေ့ဖူးသလိုပဲ ပြောင်ချောကြီးတွေ၊ ဘာတွေ အဲလိုမျိုးပဲ ဟာတွေပဲ တွေ့ဖူးတယ်ပေါ့နော်။ ဒီကိုရောက်တဲ့အခါကျတော့မှ နည်းလမ်းအသစ်တွေနဲ့ ကပ်တာမျိုး၊ တခြားနည်းလမ်းတွေလည်း ရှိသေးတယ်။ ဆွဲတဲ့ဟာတွေဆိုရင်လည်း ဒီကိုရောက်မှ အများကြီးသင်ယူရတယ်ပေါ့။ အရင်တုန်းက ငယ်ငယ်တုန်းက ဆိုရင် ပန်းချီတွေဘာတွေလည်း မတော်ဘူး။ ဆွဲတာတွေ ဘာတွေ သိပ်မရှိဘူး။ ဒီကိုရောက်တော့မှ ဒီကအစ်မတွေက သင်ပေးတယ်။ သင်ပြီးတော့ ကိုယ့်ဟာကို နည်းနည်းလုပ်နိုင်လာတယ်ပေါ့”
ဗေဒါရဲ့ ရိုးရာလက်မှုထုတ်ကုန်တွေကို ပြည်တွင်းစျေးကွက်အပြင် အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ စတဲ့ နိုင်ငံတွေအထိ တင်ပို့တာတွေရှိနေပြီလို့ ပြောပါတယ်။ ပြည်ပစျေးကွက်အနေနဲ့ အမှာများတာက ရိုးရာချည်ထည်တွေနဲ့ မြေထည်တွေပဲဖြစ်ပါတယ်။
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ အိုးဖိုအနောက်ရပ်ကွက်မှာ နှစ်ပေါင်း ၆၀ ကျော်ကတည်းက မိရိုးဖလာ မြေအိုးလုပ်ငန်းလုပ်နေတဲ့ အသက် ၃၈ နှစ်အရွယ် ကိုဟန်ဇော်ငြိမ်းကတော့ ဗေဒါနဲ့ လက်တွဲလုပ်တဲ့အတွက် ထုတ်ကုန်နည်းနည်း၊ အကျိုးအမြတ်ကောင်းကောင်း ရလာတယ်လို့ ပြောပါတယ်။
“နည်းနည်းလေး လာယူတယ်။ ပိုက်ဆံ သိန်းနဲ့ချီရတယ်။ ကျွန်တော်တို့ဆီမှာက ငါးဆယ်၊ တစ်ရာလောက်ပေးတာတောင် သိန်းနဲ့ချီ မရဘူး။ အလုံးတစ်ရာလောက်ပေးမှ တစ်သောင်းခွဲ၊ တစ်သောင်းခုနစ်ထောင် အဲလိုမျိုးရတယ်။ ဒီမှာ ဗေဒါနဲ့ လက်တွဲလိုက်တဲ့ အတိုင်းအတာမှာ ဒီကောင်လေး အချပ်တစ်ရာလောက်ပေးရင် ကိုးသောင်းရမယ်။ ဟိုကောင်လေး ခွက်တစ်ရာပေးရင် သုံးသောင်းရမယ် အဲလိုပုံစံမျိုးလေ။ ဟိုမှာကျတော့ အဲလိုမရဘူး။ သူတို့နဲ့ ဒီမှာ လက်တွဲလုပ်လာတာပေါ့နော်။ အကျိုးအမြတ်တွေ များများခံစားရတာပေါ့၊ ကျွန်တော်တို့အတွက်ကတော့”
ဗေဒါနဲ့ လက်တွဲလုပ်ကိုင်မှုမှာ အကျိုးအမြတ်ကောင်းကောင်းရသလို တစ်ဖက်မှာလည်း အရင်ထက် အားစိုက်ရတာတွေရှိနေပါတယ်။ ဒါကတော့ အရည်အသွေးပိုင်းနဲ့ အတိုင်းအတာကို အတိအကျ လုပ်ပေးရတာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဗေဒါရဲ့ ပဲ့ကိုင်ရှင် မထူးသန့်စင်ကတော့ သူ့အတွက် ဒီလုပ်ငန်းက စီးပွားဖြစ်ချမ်းသာစေတဲ့ လုပ်ငန်း မဟုတ်ပေမယ့်လို့ မြန်မာ့ရိုးရာလက်မှုပစ္စည်းတွေကို ချစ်တဲ့စိတ်နဲ့ပဲ နိုင်ငံတကာမှာ ဂုဏ်ယူဝံ့ကြွားနိုင်အောင် ရှေ့ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
“ဗေဒါရဲ့ နာမည်လေး ရွေးကတည်းကိုက နေပူပူ၊ မိုးရွာရွာ ဘယ်လိုအခြေအနေမှာပဲ မဆိုပေါ့နော်။ ဘယ်လောက်အထိပဲ ခက်ခဲကြမ်းတမ်းပလေ့စေ ကြံ့ကြံ့ခံနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို အစ်မက ရွေးချယ်ခဲ့တာဆိုတော့ ဒီနေရာမှာလည်း အစ်မတို့က ဘယ်လိုမျိုး အခြေအနေတွေပဲဖြစ်နေပါစေ ကိုယ့်ရဲ့လုပ်ငန်းက ရေရှည်တည်တံ့ချင်တယ်။ ပြီးတော့ ကိုယ်နဲ့တွဲနေတဲ့လူတွေ ပစ်မှတ်ထားထားတဲ့ အသိုင်းအဝိုင်းတစ်ခုက ကိုယ်သွားနေတဲ့ တောက်လျှောက်မှာ သူတို့လည်း တောက်လျှောက်ကိုယ်နဲ့ ပါလာဖို့အတွက်ပေါ့။ စဉ်ဆက်မပြတ်ပေါ့နော်။ အမြဲတမ်း ပျိုးထောင်ပေးနေဖို့ပေါ့။ အဲဒါမျိုးတွေမှာ လက်ရှိ ကြိုးစားနေဆဲ၊ အဲဒီလုပ်ငန်းအပိုင်းကိုတော့ အစ်မ ရောက်အောင်သွားနေဆဲပေါ့နော်”