ကလေးမြို့က ချင်းရိုးရာ ကျောက်စာထွင်းလုပ်ငန်း
2023.12.25

ချင်းလူမျိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အထိမ်းအမှတ် ကျောက်တိုင်တွေ၊ သေဆုံးသူတွေအတွက် မှတ်တမ်းကျောက်စာတွေကို ကျောက်တုံး၊ ကျောက်ပြားတွေပေါ်မှာ ချွန်ထက်တဲ့ ပစ္စည်းကိရိယာတွေကို လက်နဲ့အသုံးပြုပြီး နောင်လာနောင်သားတွေ ဖတ်ရှုနိုင်ဖို့ ရေထိုးမှတ်တမ်းတင်ခဲ့ကြပါတယ်။
အခုနောက်ပိုင်းမှာတော့ စက်ကိရိယာသုံး၊ သေဆုံးသူတွေရဲ့ ပုံတူပန်းချီတွေကိုပါ မှတ်တမ်းကျောက်စာမှာ ထည့်သွင်းပြီး ချင်းရိုးရာကို အဆင့်မြှင့် လုပ်ဆောင်လာကြပါတယ်။
"နာရေးအုတ်ဂူမှာ ကပ်ထားတဲ့ ကျောက်တိုင်တွေမှာ အသုံးပြုတာများတယ်"
စစ်ကိုင်းတိုင်း ကလေးမြို့က ဦးတလန်းလျံရုံးမာဟာ ဒီလုပ်ငန်းလုပ်ကိုင်လာတာ ဆယ်နှစ်နီးပါးရှိနေပါပြီ။
နှမ်းဖတ်ကျောက်ပေါ်မှာ ထွင်းထုရတဲ့ ဒီကျောက်စာလုပ်ငန်းမှာ ချင်းရိုးရာက အဓိကကျပါတယ်လို့ ဦးတလန်းလျံရုံးမာက ဆိုပါတယ်။
"အခု ကျွန်တော်ရဲ့ ကျောက်စာထွင်းတဲ့ လုပ်ငန်းကျတော့ ၂၀၁၄ ကနေ စလုပ်တာပါ။ ဒီကျောက်က နမ်းဖတ်ကျောက်လို့ ခေါ်တယ်။ ဒီကျောက်ပေါ်မှာက ကျွန်တော်တို့ ချင်းရိုးရာက အဓိကပေါ့။ ချင်းရိုးရာ အမှတ်တရ ကျောက်တိုင်၊ ဘုရားကျောင်း ရာပြည့်ကျောက်တိုင်၊ ပြီးတော့ နာရေးအုတ်ဂူမှာ ကပ်ထားတဲ့ ကျောက်တိုင်တွေမှာ အသုံးပြုတာများတယ်"
ချင်းလူမျိုးအများစုဟာ သေဆုံးသူတွေရဲ့ သမိုင်းကိုယ်ရေးအကျဉ်းကို ကျောက်တိုင်ပေါ်မှာ ရေးသားပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ သားသမီး၊ မြေးမြစ်တွေ ဖတ်ရှုနိုင်ဖို့ အုတ်ဂူမှာ စိုက်ထူလေ့ရှိပါတယ်။
အရင်က မှတ်တမ်းကျောက်စာတွေကို ကိုယ့်လက်ရေးနဲ့ ကိုယ်တိုင်ရေးထိုးရာကနေ အခုတော့ ကွန်ပြူတာနဲ့ စနစ်တကျစာစီပြီး လှလှပပ ရေးထိုးလာနိုင်တယ်လို့ ဦးတလန်းထန်မော်ရာက ရှင်းပြပါတယ်။
"အရင်က ကိုယ့်လက်ရေးနဲ့ အကြမ်းရေးရာကနေ အခု ကွန်ပြူတာစာစီပြီးရေးတာ ကွာသွားပါတယ်။ ကွန်ပြူတာနဲ့ စာစီပြီးတော့မှ ပရင့်ထုတ်ဖို့ ပုံစံကျကျစီပြီးတော့မှ ကျောက်သားမျက်နှာပြင်ပေါ်မှာ အဲဒီစာရွက်ကို ကပ်ထားပြီး အရာဖော်တာ၊ ခြစ်တာတွေလုပ်၊ ပြီးရင် အဲဒီစာရွက်ကို ပြန်ခွာ၊ ပေါ်လာတဲ့အရာ စကားလုံးလေးတွေကို မော်တာစက်လေးတွေနဲ့ ပြန်ထွင်းရတာဖြစ်တယ်”
ဘိုးဘွားတွေရဲ့ ရာဇ၀င်ကြောင်းနဲ့ သမိုင်းကြောင်းတွေကို နောင်လာနောင်သား မျိုးဆက်သစ်တွေ သိရှိနိုင်ဖို့ ရည်ရွယ်ပြီး အခုလို မှတ်တမ်းတင်ထားတာလို့ ကျောက်စာထွင်းမှတ်တမ်း လာရောက်အပ်နှံသူ သိက္ခာတော်ရ ဆရာတော် ဦးခမ်ဒိုဒါလ်က ပြောပါတယ်။
"ကျွန်တော်တို့ တီးတိန် ဇိုမီးလူမျိုးများ ကျွန်တော်တို့ မိခင်တွေ၊ ဖခင်တွေ ဆုံးသွားတဲ့အခါမှာ ကျောက်တိုင် အမြဲတမ်းလုပ်လေ့ရှိတယ်။ အဲဒီကျောက်တိုင်လုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကိုယ့်မိဘတွေရဲ့ အမှတ်တရအနေနဲ့ စိတ်ကျေနပ်မှုတစ်ခုရယ် ပြီးတော့ ကျွန်တော်တို့ကနေ ပေါက်ဖွားလာတဲ့ သားသမီးတွေကလည်း ပြန်ကြည့်လို့ရအောင် ကျွန်တော်တို့ အဘိုးအဘွားတွေက ဒီလိုဒီလိုပါလား ဆိုပြီးတော့ သူတို့ရဲ့ ရာဇဝင်လေးတွေ ဘယ်မှာမွေးဖွားတယ်၊ ဘာတွေလုပ်ခဲ့တယ်။ သားသမီး ဘယ်နှစ်ယောက်ရှိလဲ၊ မြေးဘယ်နှစ်ယောက်ရှိလဲ ဆိုတဲ့ဟာလေးတွေ မှတ်တမ်းအရလေးနဲ့ အဲလိုကျောက်တိုင်လုပ်တာဖြစ်ပါတယ်”
ကျောက်စာထွင်း မှတ်တမ်းတင်တဲ့နေရာမှာ အသုံးပြုတဲ့ ကျောက်ပြားတွေကို မန္တလေးနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ကနေ မှာယူရတာပါ။
ကျောက်စာထွင်းဈေးနှုန်းကတော့ ကျောက်အမျိုးအစားနဲ့ စာလုံးအရွယ်၊ ပုံတူပန်းချီ အရွယ်အစားတွေ ပေါ်မူတည်ပြီး ကျပ်လေးသောင်းကနေ ရှစ်သိန်းအထိရှိပါတယ်။
အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေး၊ စစ်ရေးပြဿနာတွေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်တွေကြောင့် ကျောက်စာထွင်းမှတ်တမ်း အပ်နှံသူတွေ နည်းပါးလာတယ်လို့ ဒီလုပ်ငန်းလုပ်ကိုင်သူ ဦးတလန်းထန်မော်ရာက ပြောပါတယ်။
"အခုနိုင်ငံရေးအခြေနေ ပိုဆိုးလာတဲ့အခါမှာတော့ အရင်လို မရတော့ဘူး။ အော်ဒါမှာတဲ့သူတွေလည်း မများတော့ပါဘူး။ ကျောက်စာနဲ့ မှတ်တမ်းတင်ချင်တဲ့ သူတွေလည်းရှား၊ ရှေးခေတ် အဘိုး၊ အဘွားတွေရဲ့ သမိုင်းရေးချင်တဲ့သူတွေလည်း ရှားလာတယ်။ နိုင်ငံရေး ထိခိုက်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်"
အရင်ကတော့ ဒီလိုကျောက်စာထွင်းလုပ်ငန်းကို ချင်းလူမျိုးတွေသာမက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေပါ ဘုန်းကြီးကျောင်းမှာ အလှူမှတ်တမ်း၊ ကဗ္မည်းမှတ်တမ်းတွေအတွက် လာရောက်အပ်နှံလေ့ရှိတယ်လို့ လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
နိုင်ငံရေးအခြေအနေ ပြန်တည်ငြိမ်သွားတဲ့အခါ နောင်လာနောင်သားတွေအတွက် နှစ်ပေါင်းများစွာ တည်တံ့နေမယ့် ကျောက်စာတွေကို အပ်နှံသူပိုများလာဖို့ လုပ်ငန်းလုပ်ကိုင်သူတွေက မျှော်လင့်နေကြပါတယ်။