ခြင်းလုံးပညာအခမဲ့သင်ပေးနေတဲ့ ဆရာမန္တလာမောင်မောင်
2023.08.13
မန္တလေး မဟာမြတ်မုနိဘုရားကြီးရဲ့ဝါဆိုခြင်းပွဲတော်ဟာ ဒီနှစ်မှာ ၉၅ နှစ်တိုင်ခဲ့ပါပြီ။ ဒီနှစ်မှာတော့ အနယ်နယ်အရပ်ရပ်က ရိုးရာခြင်းအဖွဲ့ပေါင်း ၄၀၀ ကျော်ဝင်ရောက်ဆင်နွှဲခဲ့ပါတယ်။ အဲဒီထဲမှာ ဝါသနာလုလင်အဖွဲ့လည်းအပါအဝင်ပါ။
ပျိုမြစ်နုနယ်တဲ့ လူငယ်အုပ်စုလေးက ရိုးရာခြင်းလုံး ပညာကုန်ခတ်ပြနေတာကို ပရိသတ်က သောင်းသောင်းဖြဖြ အားပေးကြပါတယ်။ ဝိုင်းတော်သား ခြောက်ယောက်နဲ့ လှလှပပဆော့ကစားပြနေတဲ့ အဖွဲ့သားတွေကြားမှာ ဆီးဂိမ်းအရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့တဲ့ ဝိုင်းဝိုင်းချစ်လည်း ပါတယ်။
ဝါသနာလုလင်အဖွဲ့ဟာ မန္တလာမောင်မောင်လို့ မြန်မာ့ခြင်းလုံးလောကမှာ ကျော်ကြားတဲ့ ဆရာဦးမောင်မောင် တည်ထောင်လေ့ကျင့်ပေးနေတဲ့အသင်း ဖြစ်ပါတယ်။
“ကျွန်တော့်နာမည်က ဦးမောင်မောင်ပါ။ အသက်က ၆၆ နှစ်ပါ။ ခြင်းပညာက ကျွန်တော် တစ်ဆယ့်သုံး တစ်ဆယ့်လေးနှစ်သားလောက်ကတည်းက လေ့ကျင့်တာပေါ့။ ကျွန်တော့်အဘရဲ့ ခြင်းပညာပါ။ သူ့ရဲ့ အမွေပေါ့။ အဲဒီအမွေ ကျွန်တော်ယူခဲ့တာပေါ့။ ကျွန်တော် အဲဒီနေရာမှာ ကလေးတွေကို သင်လာတာ နှစ်ပေါင်းလေးဆယ်ကျော်လောက် ရှိပြီ။ ခြင်းပညာကို တိမ်ကောပပျောက်သွားမှာစိုးတဲ့အတွက် ကလေးတွေကို မြေတောင်မြှောက်ပေးတဲ့သဘောပဲ။ ပီတိဖြစ်တာပေါ့။ ဒီမှာကတော့ ငွေကြေး အခကြေးငွေယူပြီး သင်ပေးတာတော့မဟုတ်ပါဘူး။ မေတ္တာနဲ့သင်ပေးတာပါ”
ခြင်းလုံးနဲ့ပတ်သက်ပြီး အစောဆုံးအထောက်အထားကို သရေခတ္တရာပျူမြို့ဟောင်းထဲက တူးဖော်ရထားတဲ့ ငွေခြင်းလုံးလေးက သက်သေပြပါတယ်။ ဦးမောင်မောင်ဟာ မြန်မာရိုးရာခြင်းလုံးကစားတာကို ရေရှည်ဆက်ပြီး တည်တံ့စေချင်တဲ့အတွက်ကြောင့် လူငယ်တွေကို မြေတောင်မြှောက်ပေးနေတာ ဖြစ်သလို ခြင်းလုံးပညာကို ချစ်ခင်မြတ်နိုးတဲ့သူတွေကလည်း သူတို့ သားသမီးတွေကို ဝါသနာလုလင်ခြင်း ကလပ်မှာ ဆော့ကစားစေပါတယ်။
“အခုနောက်ပိုင်းမှာတယ်လီဖုန်းတွေ အကြည့်များတယ်။ ဖုန်းလောက်ပဲ ခေတ်စားလာတဲ့အခါကျတော့ ကျွန်တော်က အားကစားဘက်ကို ပါလာအောင်လို့ စည်းရုံးပြီးလုပ်နေရတာ။ ကျွန်တော်က ကလေးတွေကို စည်းရုံးသင်တာဆိုတော့ ဥပမာ- ခြေဖျားတော့ကျမယ်ဆိုရင် ဒီနေ့ မင်း ဆယ်တော့ရရင် ငါ တစ်ထောင်ပေးမယ်။ မင်းကတော့တာ ဘယ်လောက်ရရင် ငါးရာရရင် ယူနီဖောင်းလေးချုပ်ပေးမယ်။ ဝမ်းဆက်ချုပ်ပေးမယ်ဆိုပြီး အဲလိုစည်းရုံးပြီး သင်ရတာ ကလေးတွေကို။ ခြင်းလုံးက အချိန် အရမ်းပေးသင်ရတာ။ ကျွန်တော်တစ်ယောက်တည်းနဲ့လည်း မဖြစ်ဘူး။ ကလေးရဲ့မိဘတွေကော။ အခုဆို မိဘတွေ လိုက်လာရတာ တစ်နေကုန်တာပဲ”
မိဘတွေက ခြင်းပညာသင်ခိုင်းလို့ အသက် ၁၃ နှစ်ကစပြီး ဆရာဦးမောင်မောင်ဆီရောက်နေရတဲ့ ဝိုင်းဝိုင်းချစ်ဟာ အခုတော့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲဆီးဂိမ်းမှာ ရွှေတံဆိပ်ဆုရှင်ဖြစ်နေပါပြီ။ ခြင်းပညာကို တစ်ဖက်ကမ်းခတ်တတ်ချင်တယ်လို့ ဝိုင်းဝိုင်းချစ်က ပြောပါတယ်။
“ဆရာဦးမောင်မောင်ဆီမှာ အသက် ၁၃ နှစ်ကတည်းက စပြီးလေ့ကျင့်ခဲ့တာ။ အစက ဝါသနာမပါဘူး။ အဖေ က ဇွတ်ခတ်ခိုင်းတာလေ။ ဒီမှာက ကလေးတွေလည်းအများကြီးဆိုတော့ ဆရာကစံချိန်ကျိုးရင် ဆုချတယ်။ အဲဒီတော့ပျော်ပြီး အခုထိခတ်ဖြစ်တာ။ ခြင်းကို အရမ်းကျွမ်းပြီး ပရိုဖြစ်ချင်တာ”

အသက် ၁၆ နှစ်အရွယ် မမေဦးခင်ကလည်း သူအသက် ၁၂ နှစ်ကတည်းက ခြင်းပညာကိုစသင်ခဲ့ တာပါ။ အခုတော့ ဝါသနာလုလင်ခြင်းကလပ်ရဲ့ မျိုးဆက်သစ်လူငယ်တစ်ယောက်အဖြစ် ခြေစွမ်းပြနိုင်တဲ့သူ ဖြစ်နေပါပြီ။
ခြင်းလုံးပညာသင်တဲ့အခါကြုံရတဲ့အခက်အခဲကိုလည်း မမေဦးခင်ကပြောပြပါတယ်။
“ဒီမှာခြင်းလာကျင့်ဖြစ်တော့ ဘော်ဒါတွေက အများကြီးဆိုတော့ ပျော်တယ်။ ဒီခုနှစ်နှစ်အတွင်းမှာ ခြင်းခတ်ရတာ ပျော်တယ်။ ကိုယ်မရောက်ဖူးတဲ့ ဒေသတွေကို ခြင်းပညာနဲ့ပဲ သွားရတာဆိုတော့လေ ပျော်တယ်။ စစချင်း ပုလင်းတွေ အုတ်ခဲတွေ ခတ်တော့ ပြုတ်ကျတာ။ အစပိုင်းကကြောက်တာပေါ့။ မှတ်မှတ်ရရ တစ်ခါက မတက်ရဲလို့ဆိုပြီး အုတ်ခဲပေါ် မတ်တပ်ရပ်ပြီးငိုနေတာ။ ကြောက်ခဲ့ရတာပေါ့။ ကိုယ်က ငယ်သေးတာဆိုတော့လေ။ နောက်တော့ လေ့ကျင့်ချိန်များလာတော့ ကိုယ်လုပ်တဲ့အရာတစ်ခုကို ပိုင်အောင် ကျင့်ရတာပေါ့။”
ဦးမောင်မောင်ရဲ့ တပည့်တွေထဲမှာ ပြည်တွင်းပြည်ပမှာ ကျော်ကြားအောင်မြင်တဲ့သူ အတော်များများ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူကတော့ ခြင်းပညာကို ပိုပြီးပြန့်ပွားလိုစိတ် ပြင်းပြနေတုန်းပါ။ မြန်မာ့ရိုးရာခြင်းပညာနဲ့ပတ်သက်လို့ သူ့မှာရှိတဲ့ စိတ်ကူးစိတ်သန်းရည်ရွယ်ချက်တွေကို ပြောပြပါတယ်။
“ကျွန်တော်ကတော့ ဒီခြင်းပညာကိုတတ်စွမ်းနိုင်သလောက်ဆက်ပြီးလှုပ်ရှားသွားမှာဘဲ။ အဓိက မွေးထုတ်မှု အပိုင်းပဲ။ ကျွန်တော်ကလေးတွေကိုတိုးတက်စေချင်တယ်။ ခြင်းပညာကိုလည်း တိမ်ကောသွားမှာ ကြောက်တယ်။ ခြင်းပညာက မွေးထုတ်တဲ့အားနည်းတယ်။ အရင်ထက်စာရင် အများကြီးနည်းတယ်။ နည်းသွားရင် ကလေးတွေက အားနည်းသွားမှာပဲ။ အားနည်းသွားရင် ခြင်းလုံးကပျောက်ကွယ်သွားမှာ။ ဒါကြောင့်။ ကျွန်တော် စီစဉ်ထားပါတယ်။ နောက်အောင်မြင်ရင်လည်း အောင်မြင်သွားမှာပေါ့ လေ။ ပြောလို့တော့ မရသေးဘူး။ အာရှတင်မကဘူး။ အနောက်နိုင်ငံတွေအထိပြပေးဖို့ အစီအစဉ် လုပ်ထားတာတော့ ရှိပါတယ်”