ဂျပန်ကိုထွက်ခွာလုပ်ကိုင်ဖို့ ကြိုးစားတဲ့လူငယ်တွေကို ပစ်မှတ်ထားလိမ်လည်မှုတွေရှိနေ
2022.11.30

ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ ဂျပန်နိုင်ငံကနေ မြန်မာအလုပ်သမား ပြန်လည်ခေါ်ယူတဲ့ ၂၀၂၂ မတ်လကစလို့ အခုနိုဝင်ဘာလအထိ ၉ လအတွင်း ဂျပန်မှာ အလုပ်လုပ်ဖို့ ထွက်ခွာသွားတဲ့ မြန်မာလုပ်သား တစ်သောင်းဝန်းကျင်အထိ ရှိနေပါတယ်။
ဒါဟာ အရင်နှစ်တွေကထက် သုံးဆပိုများတဲ့အရေအတွက်ဖြစ်တယ်လို့ အဲဒီအဖွဲ့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
တစ်ဘက်မှာလည်း ပြည်ပကိုထွက်ခွာပြီး အလုပ်လုပ်ကိုင်လိုသူတွေ များလာတာကို အကြောင်းပြုပြီး နည်းလမ်းပေါင်းစုံနဲ့ လိမ်လည်မှုတွေလည်းရှိနေပါတယ်။
"အများအပြားနဲ့ လုပ်လာသမျှ အလိမ်ခံရတာတွေက အများကြီးကြုံတွေ့လာရတယ်"
ဂျပန်စာသင်တန်းကျောင်းအများစုဟာ သင်တန်းသားအရေအတွက် အများအပြားရဖို့ အတွက် သင်တန်းပြီးဆုံးရင် အလုပ်အကိုင်အခွင့်လမ်းတွေပေးမယ်ဆိုတဲ့ မက်လုံးတွေနဲ့ အယုံသွင်းပြီး ကြော်ငြာလေ့ရှိတာကြောင့် ငွေကြေးဆုံးရှုံးမှုတွေနဲ့ပါ ကြုံရလေ့ရှိတယ်လို့ ရန်ကုန်မြို့မှာ ဂျပန်စာသင်ယူနေတဲ့ ရှမ်းပြည်နယ် လားရှိုးမြို့က ကိုဝေဖြိုးကျော်က RFA ကို ပြောပါတယ်။
“ဘယ်အေဂျင်စီနဲ့ ပို့မယ်။ ဘယ်လိုမျိုးပုံစံနဲ့ ပို့မယ်။ အလုပ်တွေ ဘာတွေပေါ့။ အင်တာဗျူးက ဘယ်တော့ လာမလဲ။ သူတို့ ပြောတာ ၆ လပြည့်ရင် ရမယ်လို့ ပြောတာလေ။ ဒါပေမဲ့ သူတို့ ဘာမှချမပြနိုင်ဘူး။ ကျောင်းသားတွေကို ထမင်း ကျွေးတယ်ဆိုလည်း အဆင်မပြေဘူးပေါ့ဗျာ။ ထပ်နေဖို့စဉ်းစားတော့ သူတို့က ပိုက်ဆံပဲ ဇွတ်တောင်းနေတာ။ ပိုက်ဆံပေးရင် ဆက်နေ၊ မပေးဘူးဆိုရင် အခုချက်ချင်းထွက်ပေါ့။ အဲလိုပုံစံမျိုး ပြောလာတာ။ အဲဒီမှာ ကျနော်တို့လည်း ကျန်တဲ့ပိုက်ဆံနဲ့ အပြင်မှာ သင်တန်းရှာပြီး တက်မယ်ဆိုပြီး ထွက်လာခဲ့တာ”
သူတက်ရောက်ခဲ့တဲ့ သင်တန်းတစ်ခုမှာ ၆ လသင်တန်းပြီးတာနဲ့ ဂျပန်နိုင်ငံကို အရောက်ပို့ပေးမယ်ဆိုပြီး စည်းရုံးတဲ့အတွက် ပထမအကြိမ် စရံငွေ ၁၀ သိန်းနဲ့ ကျောင်းစအပ်တဲ့နေ့မှာ ၁၀ သိန်း၊ စုစုပေါင်း ကျပ်သိန်း ၂၀ ပေး သွင်းပြီးပေမယ့် ဂျပန်နိုင်ငံကိုပို့ဆောင်မယ့် ကိစ္စနဲ့ပတ်သက်လို့ ဘာမှရေရေရာရာမရှိတာကြောင့် လိမ်လည်ခံရမှန်း သိခဲ့ရတာလို့ သူက ပြောပါတယ်။
မန္တလေးမြို့ကနေ ရန်ကုန်မြို့မှာ ဂျပန်စာသင်တန်းလာတက်နေတဲ့ ကိုစိုးရဲသူကလည်း သင်တန်းတွေရဲ့ မက်လုံးပေးလိမ်လည်ခံခဲ့ရတာကြောင့် ဂျပန်နိုင်ငံကို သွားရောက်ကြမယ့် လူငယ်တွေအနေနဲ့ သေသေချာချာစုံစမ်းပြီးမှ သွားရောက်စေချင်တယ်လို့ ပြောပါတယ်။
“ကိုယ်သွားမယ့်နိုင်ငံကို သေချာစုံစမ်းပါ။ ပြီးလို့ရှိရင် အလုပ်အကြောင်းတွေ စုံစမ်းပါ။ ပြီးရင် အေဂျင်စီကို သေချာစုံစမ်းပါ။ မြန်မာနိုင်ငံမှာ စေလွှတ်ခွင့်ရထားတဲ့ အေဂျင်စီက ၃၆၀ ကျော်ရှိတယ်။ ကိုယ်တက်နေတဲ့ကျောင်းက ဘယ်အေဂျင်စီနဲ့ ချိတ်ထားလဲ အဲဒါလေးတစ်ချက်လောက်စုံစမ်း။ ပြီးလို့ရှိရင် Website တွေမှာပေါ့။ အခု နည်းပညာ ခေတ်ဆိုတော့ အမျိုးမျိုးစုံစမ်းပြီးတော့ အလိမ်ခံမထိအောင် သွားစေချင်တယ်ပေါ့။ အများအပြားနဲ့ လုပ်လာသမျှ အလိမ်ခံရတာတွေက အများကြီးကြုံတွေ့လာရတယ်။ အဲဒါကြောင့် ကိုယ်တွေ့မို့ပါ”
ကိုစိုးရဲသူကတော့ ဂျပန်နိုင်ငံရဲ့ ကားစက်ရုံအလုပ်နဲ့ သွားရောက်ဖို့ပြင်ဆင်နေတာဖြစ် ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ဂျပန်နိုင်ငံက အလုပ်သမား ခေါ်ယူမှုတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လမှာမှ ကျွမ်းကျင်လုပ်သား စာမေးပွဲတွေ ပြန်လက်ခံလာသလို ပြည်ဝင်ခွင့်ဗီဇာလည်း ပြန်ဖွင့်ပေးခဲ့တာပါ။
နိုင်ငံရပ်ခြားကို သွားရောက်အလုပ်လုပ်မယ့် လူငယ်တွေကို ပစ်မှတ်ထားလိမ်လည်သူတွေ ထဲမှာ နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုပေးနေတဲ့ ပွဲစားတချို့လည်း ပါဝင်ပါတယ်။ ပွဲစားတချို့ဟာ လူမှုကွန်ရက်စာမျက်နှာတွေကနေတစ်ဆင့် လိမ်လည်ကြတာများတယ်လို့ နိုင်ငံကူးလက်မှတ်အတွက် ဝန်ဆောင်မှုပေးနေတဲ့ ရန်ကုန်မြို့က ကိုမြတ်သူက ပြောပါတယ်။
“အဲလိုမျိုးတွေပေါ်မှာမှ လူလိမ်တွေက ဘယ်လိုတွေလိမ်နေကြသလဲဆိုရင် စာရွက် စာတမ်းပဲ ပို့ပေးလိုက်ပါ။ ငွေရေးကြေးရေးပဲ ပို့ပေးလိုက်ပါ။ စာအုပ် ပို့ပေးလိုက်ပါမယ်။ ပြီးရင် စလစ်ပြန်ပို့ပေးလိုက်ပါမယ်ဆိုပြီးတော့ ငွေလွှဲပြီးရင် ဘလော့သွားတာမျိုး၊ တချို့ကြတော့လည်း မဘလော့ဘူး စာရွက်၊ စာတမ်းအတု ပြန်ပို့လာတာတွေရှိတယ်။ ပတ်စပို့ကို ဘယ်နေ့ရမယ်။ ဘယ်ရက်ရမယ် အဲလိုမျိုးရက်ချိန်းတာမျိုးတွေလည်း ကြုံတွေ့နေရတယ်ပေါ့။ အခုလောလောဆယ် ပတ်စပို့လောကမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေပါ”
ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုဖြစ်တဲ့ Silver Crane ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းစည်သူကတော့ ဂျပန်စာသင်တန်းကျောင်းတွေအနေနဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီး ကြေညာခွင့်မရှိသလို အင်တာဗျူးလုပ်တာနဲ့ အလုပ်လုပ်ဖို့စေလွှတ်ခွင့်လည်း လုံးဝမရှိဘူး လို့ ပြောပါတယ်။
“ဒီကျောင်းသားတွေကလည်း အဓိက စဉ်းစားရမှာဘာလဲဆိုတော့ ဂျပန်စာသင်တာတော့ ကြိုက်တဲ့နေရာ သင်လို့ရတယ်။ ဒါပေမဲ့ တကယ်အလုပ်အကိုင် အပ်လာပြီဆိုလို့ရှိရင် တော့ ခုနက တရားဝင်လိုင်စင်ရတဲ့ အေဂျင်စီနဲ့ ချိတ်ဆက်ထားတာလား။ ဒါမှမဟုတ် အေဂျင်စီကိုပဲ တိုက်ရိုက်သွားအပ်မလား။ အဲလိုမျိုး ရွေးချယ်လို့ရတယ်။ ကျောင်းတွေ အနေနဲ့ကျတော့ အလုပ်အကိုင်အခွင့်အလမ်းကို ကြော်ငြာခွင့်မရှိသလို ဒီအလုပ်အကိုင် ဗန်းပြပြီးတော့ ကျောင်းလက်ခံတာ၊ ငွေလက်ခံတာ၊ အင်တာဗျူးလုပ်တာ၊ စေလွှတ်တာ လုံးဝလုပ်ပိုင်ခွင့်မရှိဘူး”
ကျောင်းဗီဇာလျှောက်ရာမှာ ငွေကြေးတွေ လိမ်လည်မှုတွေရှိနေသလို အလုပ်သင်တွေ ကိုလည်း အင်တာဗျူး အတုတွေနဲ့ လိမ်လည်တာတွေကို အများဆုံးတွေ့နေရတယ်လို့ ဦးစိုင်းစည်သူက ပြောပါတယ်။ လက်ရှိအချိန်ဟာ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ ကာလဖြစ်တာကြောင့် ပွဲစားတွေနဲ့ တချို့သင်တန်းတွေအတွက် အခွင့်အလမ်းတစ်ရပ်လို ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

ဂျပန်နိုင်ငံဟာ တရားဝင် အလုပ်သင်ဗီဇာနဲ့ မြန်မာနိုင်ငံက ကျွမ်းကျင်လုပ်သားတွေကို ၂၀၁၃ ခုနှစ်လောက်ကတည်းက စတင်ခေါ်ယူခဲ့ပေမယ့် လက်တွေ့သွားရောက်နိုင်တဲ့ အခွင့်အလမ်း နည်းပါးခဲ့တယ်လို့ ရန်ကုန်မှာရှိတဲ့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျပန်နိုင်ငံကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ အထိ လူ ၃၀၀၀ ဝန်းကျင်ပဲ စေလွှတ်နိုင်ခဲ့ပေမယ့် အခု ၂၀၂၂ ခုနှစ် မတ်လက နိုဝင်ဘာလ ၂၂ ရက်နေ့အထိ အေဂျင်စီ ၁၀၅ ခုကနေ လုပ်သား ၉,၆၂၇ ဦး စေလွှတ်နိုင်ခဲ့တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မူလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ အမျိုးသား ၄,၅၀၀ ကျော်နဲ့ အမျိုးသမီး ၅,၁၀၀ ကျော်ပါဝင်ပါတယ်။
အလုပ်သင်လုပ်သားတွေကိုတော့ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ စိုက်ပျိုးမွေးမြူရေး၊ စားသောက်ကုန်နဲ့ စက်မှုကုန်ထုတ်လုပ်ငန်းတွေအတွက် ခေါ်ယူတာအများဆုံးဖြစ်ပြီး ကျွမ်းကျင်လုပ်သားတွေကိုတော့ လုပ်ငန်းအမျိုး အစား ၁၄ မျိုးထဲက သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ စားသောက်ကုန်နဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအတွက် အများဆုံးခေါ်ယူတယ်လို့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက ပြောပါတယ်။