ရွှေဝါရောင်မှာ ပစ်သတ်ခံခဲ့ရတဲ့ ဂျပန်သတင်းထောက်ရဲ့ကင်မရာ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.04.30
ရွှေဝါရောင်မှာ ပစ်သတ်ခံခဲ့ရတဲ့ ဂျပန်သတင်းထောက်ရဲ့ကင်မရာ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလ ဆန္ဒပြပွဲတစ်ခုအတွင်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် ဂျပန်သတင်းထောက် ကန်ဂျိ နာဂအိ။
AFP

လွန်ခဲ့တဲ့ ၁၆ နှစ် ရန်ကုန်မြို့လယ်ခေါင်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပါ။

"စစ်တပ်အခုပဲရောက်လာပြီဗျာ့၊ ဟိုနားမှာ ဟိုနားမှာပါ။ လက်နက်တွေလည်း တော်တော်များတယ်။ ...

ဂျပန်သတင်းထောက် ဂန်ကျိနာဂအိ တစ်ယောက် အဲဒီအဖြစ်အပျက်တွေကို ကမ္ဘာကသိအောင် မှတ်တမ်းတင်ဖို့ ရောက်နေခဲ့ပါတယ်။

"ဒီဘက် ဘုရားရှေ့နားမှာတော့ လူတွေလည်း အများကြီးပဲဗျာ့ ... လူတွေ စုရုံးနေကြတာပါ။ ဒီလူတွေကြားထဲကို စစ်တပ်က လက်နက်တွေနဲ့ အင်နဲ့ အားနဲ့ရောက်လာတာပါ...

၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း ဦးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရဟာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ သံဃာတော်တွေ၊ ကျောင်းသား ပြည်သူလူထုတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။

ဂျပန်သတင်းထောက် ဂန်ကျိနာဂအိ တစ်ယောက်လည်း ဆန္ဒပြပစ်ခတ်ဖြိုခွင်းမှုတွေကို သတင်းယူနေတုန်း စစ်သားတစ်ယောက်နဲ့ အနီးကပ်ချိန်ရွယ်ပစ်ခတ်သတ်ဖြတ်တာ ခံခဲ့ရပါတယ်။

ဒီအဖြစ်အပျက်တွေကို နိုင်ငံတကာက မသိအောင် စစ်အစိုးရက အမျိုးမျိုး သတင်းအမှောင်ချခဲ့ပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေဟာ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ဝေဝေဆာဆာ ဖော်ပြခံခဲ့ရပါတယ်။

ရွှေဝါရောင် တော်လှန်ရေးအပြီး ၁၆ နှစ်အကြာ ဒီနေ့မှတော့ အဲဒီအဖြစ်အပျက်တွေက တစ်ဖန်ပြန်လည် ပေါ်ထွက်လာခဲ့ပါတယ်။ ပစ်သတ်ခံရတဲ့နေ့က ဂန်ကျိနာဂအိအသုံးပြုခဲ့တဲ့ ဗီဒီယိုကင်မရာ ကျန်ရစ်သူ မိသားစုလက်ထဲ ပြန်ရောက်လာတာပါ။

"ကင်မရာထဲမှာ ဘာအချက်အလက်တွေရှိမှန်း ကျွန်မတို့မသိသေးပါဘူး။ အခုလို ကင်မရာပြန်ရပြီး မှတ်တမ်းတွေတွေ့ရတာ အံ့အားသင့်ရသလို ဝမ်းသာဝမ်းနည်းဖြစ်ပါတယ်။ ဒီကင်မရာကို ဂျပန်ယူသွားပြီး ကျွန်မအစ်ကိုနောက်ဆုံးအချိန်ထိ ကိုင်ခဲ့တဲ့ ကင်မရာဟုတ်၊ မဟုတ်ဆိုတာကို အတည်ပြုပေးပါ့မယ်။ ဒီကင်မရာထဲမှာ ကျန်ခဲ့တဲ့ မှတ်တမ်းတွေကိုလည်း ကျွန်မတို့ သေချာစိစစ်ပြီး ကျွန်မအကို ဘာတွေ တင်ပြချင်တာလဲ၊ ကျွန်မအကို သေဆုံးခဲ့ရတဲ့ နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာကို ပြန်ပြောပြပေးပါမယ်"

ဂန်ကျိနာဂအိ ညီမဖြစ်သူ နိုရီကို အိုဂါဝါက ဒီကင်မရာကို လက်ခံယူခဲ့တာပါ။ အဲဒီကင်မရာကို ရွှေဝါရောင်တော်လှန်ရေးကာလမှာ သတင်းတွေ ကြိုးစားပမ်းစားတင်ဆက်ခဲ့တဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ရရှိခဲ့တာဖြစ်ပြီး ၁၆ နှစ်အကြာမှာ မိသားစုလက်ထဲပြန်ရောက်သွားတာပါ။

ဒီကင်မရာ ဘယ်လိုရခဲ့လဲဆိုတာကိုတော့ DVB ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်က ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

"ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ဒီကင်မရာကို တာဝန်သိပြည်သူတစ်ယောက်ဆီကနေ ရခဲ့တာပါ။ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့သူ တစ်ဦးဆီကနေ ရတာပါ"

ဒီကင်မရာကို အာဏာမသိမ်းခင်က ရခဲ့ပေမဲ့ လုံခြုံရေးအခြေအနေကြောင့် အခု ထိုင်းနိုင်ငံဘန်ကောက်ရောက်မှ မိသားစုလက်ထဲ ပြန်ထည့်နိုင်ခဲ့တာဖြစ်ပါတယ်။

သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ ရဲ့ အရှေ့တောင်အာရှရေးရာ တာဝန်ရှိသူ SHAWN CRISPIN ကတော့ ဒီနေ့ထိ မြန်မာနိုင်ငံက သတင်းထောက်တွေ သတ်ဖြတ်ခံနေရတယ်လို့ ပြောပါတယ်။

"ဒီနေ့ ကင်မရာပြန်ပေးနိုင်တဲ့အဖြစ်အပျက်က အရေးကြီးသလို၊ အချိန်ကိုက်လည်းဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ သတင်းထောက်တွေကို သတ်ဖြတ်ခဲ့ပေမဲ့ အရေးယူခံရမှုကနေ ဒီနေ့အထိ ကင်းလွတ်နေပါတယ်။ ဂန်ကျိနာဂအိ သတ်ဖြတ်ခံရတာ တရားမျှတမှုရတဲ့အချိန်အထိ သတ်ဖြတ်တာတွေက ဆက်ဖြစ်နေဆဲပါ"

SSA.jpg
၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလ ဆန္ဒပြပွဲတစ်ခုအတွင်း သတင်းရယူတင်ဆက်နေသည့် ဂျပန်သတင်းထောက် ကန်ဂျိ နာဂအိ။ (Photo: AFP)

မြန်မာနိုင်ငံက စစ်အစိုးရ အဆက်ဆက်ဟာ သူတို့ရဲ့ ဖိနှိပ်ရက်စက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကို ဖုံးကွယ်ဖို့ သတင်းအမှောင်ချတဲ့အနေနဲ့ သတင်းမီဒီယာသမားတွေကို အဓိက တိုက်ခိုက်လေ့ရှိပါတယ်။

၂ဝ၂၁ ခုနှစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်အာဏာသိမ်းပြီးနောက်မှာလည်း သတင်းထောက်အယောက် ၁၅ဝ ကျော် ဖမ်းဆီးထောင်ချခံရပြီး လေးဦးသတ်ဖြတ်ခံခဲ့ရပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သတင်းထောက်တွေကို သတင်းအလုပ်လုပ်နေလို့ ဖမ်းဆီးတာမရှိဘဲ ဆန္ဒပြပွဲတွေမှာ ပါဝင်လို့ဖမ်းဆီးတာလို့ အပြစ်တင်ပြောဆိုနေပါတယ်။

ဒါပေမဲ့ စစ်သားတစ်ယောက်က ကင်မရာလွယ်ထားတဲ့ အသက် ၅ဝ ကျော် သတင်းထောက် ဂန်ကျိနာဂအိကို အနီးကပ် သေနတ်နဲ့ချိန် ပစ်သတ်ခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းက ဒီကနေ့အထိ သက်သေခံနေပါတယ်။

လွန်ခဲ့တဲ့ ၁၆ နှစ်က ဂန်ကျိနာဂအိ အသက်ပေးသတင်းယူရင်း ချန်ထားတဲ့ ကင်မရာထဲက မှတ်တမ်းတွေလိုပဲ မြန်မာပြည်သူတွေဟာ ဒီကနေ့မှာလည်း စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန်နေဆဲဖြစ်ပါတယ်။

မြန်မာပြည်သူတွေရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုက်ပွဲအတွက် ဂန်ကျိနာဂအိကင်မရာမှတ်တမ်းတွေကနေ တစ်စုံတရာ အထောက်အကူပြုနိုင်ဖို့ မိသားစုက မျှော်လင့်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။