စားပွဲထိုးလုပ်နေတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.11.21
စားပွဲထိုးလုပ်နေတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား ဂျပန်နိုင်ငံရှိ မြန်မာစားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှ ဂိုးသမား ပြည့်လျှံအောင်အား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလအစောပိုင်းက တွေ့ရစဉ်။
AFP

စစ်တပ်အာဏာမသိမ်းခင်တုန်းက သူဟာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ ဂိုးသမားတစ်ယောက်ဟာ အာဏာသိမ်းပြီးနောက်မှာတော့ ဂျပန်နိုင်ငံမှာ ဖွင့်ထားတဲ့ နွေဦးတော်လှန်ရေး စားသောက်ဆိုင်လေးမှာ အလုပ်လုပ်နေပါတယ်။

ဂိုးသမား ပြည့်လျှံအောင်ဟာ အာဏာသိမ်းပြီးနောက် သုံးလအကြာ ၂ဝ၂၁ ခုနှစ် မေလက ဂျပန်နိုင်ငံမှာ လုပ်တဲ့ ကမ္ဘာ့ဖလား ဘောလုံးခြေစစ်ပွဲအတွင်း ဂိုးသမားပြည့်လျှံအောင်က စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

"ပြည်တွင်းစစ်မှာကို စစ်ကောင်စီက လေယာဉ်တွေ သုံးပြီး ပစ်ခတ်သတ်ဖြတ်နေတော့ မြန်မာပြည်ကို ပြည်ပနိုင်ငံတွေက တတ်နိုင်တဲ့ဘက်က ကူညီစေချင်တယ်။"

မြန်မာ့လက်ရွေးစင် ဘောလုံးတစ်သင်းလုံးမှာ သူတစ်ယောက်ပဲ လက်သုံးချောင်းထောင်ခဲ့တာမို့ ဓာတ်ပုံဆရာတွေက အမိအရရိုက်ပြီး သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

အဲဒီနောက် ပြည့်လျှံအောင်ဟာ မြန်မာနိုင်ငံထဲပြန်မသွားတော့ဘဲ ဒုက္ခသည်ခိုလှုံခွင့်တောင်းခဲ့တာဖြစ်ပြီးတော့ ဂျပန်အစိုးရကလည်း သူ့ကိုနေထိုင်ခွင့်ပေးလိုက်ပါတယ်။

"ကျွန်တော်ဒီလိုလုပ်မယ်လို့ ရန်ကုန်မှာကတည်းက ဆုံးဖြတ်ပြီးသား၊ လူတိုင်းကတော့ လက်ရွေးစင်ဆိုတဲ့နေရာကို ရောက်ချင်ကြတာပဲ... ဒါပေမဲ့ အခုအချိန်မှာ ဖြစ်နေတာနဲ့ ယှဉ်လိုက်ရင် လက်ရွေးစင်ဆိုတာကို စွန့်လိုက်တာက ဘာမှ မပြောပလောက်ဘူး။ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းတာကို ကျွန်တော်လက်သင့်မခံဘူး။ ကျွန်တော်လုပ်ခဲ့တယ်ဆိုတာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာ လုပ်ခဲ့တာ"

စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြတဲ့အနေနဲ့ အဲဒီနေ့က ဘောလုံးတစ်သင်းလုံး လက်သုံးချောင်းထောင်ဖို့ လုပ်ခဲ့ကြပေမဲ့ အသင်းတာဝန်ရှိတဲ့သူက မလုပ်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့တာကြောင့် နောက်ဆုံးမှာ သူတစ်ယောက်တည်း လက်သုံးချောင်း ထောင်ခဲ့တာလို့လည်း ပြန်ပြောင်းပြောပြပါတယ်။

"ဒါလုပ်ရင်တော့ ရန်ကုန်ရောက်ရင် ကျိန်းသေပေါက်အဖမ်းခံရမှာ တွက်ထားပြီးသား။ ဒါပေမဲ့ တကယ်လို့ မြန်မာပြည်ပြန်ရရင်တောင် တောထဲသွားမယ်ဆိုပြီး တွက်ထားပြီးသား"

ဂျပန်အစိုးရကလည်း သူ့ကိုသုံးလအတွင်းမှာ ဒုက္ခသည်ခိုလှုံခွင့် အသိအမှတ်ပြုပေးခဲ့တာကြောင့် လက်ရှိအချိန်ထိ ဂျပန်မှာပဲ ခိုလှုံနေတာဖြစ်ပါတယ်။

အဲဒီနောက် ဂျပန်နိုင်ငံအခြေစိုက် ယိုကိုဟားမား FC အသင်းနဲ့ တစ်နှစ်ကစားဖို့ စာချုပ်ချုပ်ခဲ့ပေမဲ့ ကိုယ့်ပြည်တွင်းမှာ ဖြစ်ပျက်နေတာတွေကို မကြည့်ရက်လို့ ဆက်မကစားတော့ဘဲ ဘောလုံးသမားဘဝကို စွန့်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။

၂ဝ၂၁ ခုနှစ် မေလကုန်ပိုင်းက ဂျပန်အသင်းနှင့် ခြေစစ်ပွဲကစားရာတွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှ ဂိုးသမား ပြည့်လျှံအောင်။ (Screenshot/Japan TV Live)
၂ဝ၂၁ ခုနှစ် မေလကုန်ပိုင်းက ဂျပန်အသင်းနှင့် ခြေစစ်ပွဲကစားရာတွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှ ဂိုးသမား ပြည့်လျှံအောင်။ (Screenshot/Japan TV Live)

အခုတော့ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ တိုကျိုမြို့က နွေဦးတော်လှန်ရေး စားသောက်ဆိုင်လေးမှာ စားပွဲထိုး စျေးရောင်းအလုပ်လုပ်၊ ငွေရှာပြီး မြန်မာပြည်ကို ထောက်ပို့လုပ်နေတယ်လို့ သူကဆိုပါတယ်။

"ဒီမှာနေရ အလွန်ဆုံး လေးငါးခြောက်လဆိုပြီး နေခဲ့တာ၊ ဒါပေမဲ့ အခုတော့ နှစ်နှစ်ကျော်သွားပြီ၊ ဒီအချိန်တွေမှာတော့ ကိုယ့်သူငယ်ချင်း တပ်ရင်းတွေကို ဒီဂျပန်မှာပဲ အလုပ်လုပ်ရင်း ထောက်ပံ့ပေးနေတယ်"

ဂျပန်အစိုးရအပါအဝင် နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာပြည်သူတွေကို ကူညီဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုဖို့လည်း ဂိုးသမား ပြည့်လျှံအောင်က တောင်းဆိုပါတယ်။

"အပြစ်မဲ့ပြည်သူတွေ များစွာသတ်ဖြတ်ခံနေရတယ်။ ကျူးကျော်စစ် မဟုတ်ဘူး၊ ပြည်တွင်းစစ်မှာကို စစ်ကောင်စီက လေယာဉ်တွေ သုံးပြီး ပစ်ခတ်သတ်ဖြတ်နေတော့ မြန်မာပြည်ကို ပြည်ပနိုင်ငံတွေက တတ်နိုင်တဲ့ဘက်က ကူညီစေချင်တယ်။ ကျွန်တော်တို့ ပြည်သူ့အစိုးရ NUG ကို ကူညီစေချင်တယ်"

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းရဲ့ ဂိုးသမားပြည့်လျှံအောင်လိုပဲ တိုင်းပြည်ထဲမှာ ဆက်နေလို့မရလို့ ပြည်ပကို ထွက်ပြေးခဲ့ရတဲ့သူ အမြောက်အမြားရှိပြီး သူတို့တွေဟာ တိုင်းတစ်ပါးမှာ ရရာအလုပ်လုပ်ရင်း ဘဝသစ်ပြန်စဖို့ ကြိုးစားနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။