ကရင်နီ စစ်ဘေးဒုက္ခသည်စခန်း တစ်နေရာက ဖယောင်းတိုင်လုပ်ငန်း
2025.02.18

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကာလ လေးနှစ်ကျော်လာတဲ့အချိန်မှာ စစ်ဘောင်တဖြည်းဖြည်း ကျယ်လာသလို စစ်ဘေးဒုက္ခသည် ဦးရေဟာလည်း တရိပ်ရိပ်တိုးပွားလာနေပါတယ်။
စစ်ဘေးဒုက္ခသည်တွေဟာ မိမိတို့ရဲ့ နဂိုမူလ အလုပ်အကိုင်တွေ၊ အိုးအိမ်တွေကို စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရင်း အချိန်ကာလကြာလာတဲ့အခါမှာ ဘဝနေထိုင်ရပ်တည်ရေးအတွက် အလုပ်အကိုင်ရရှိဖို့ စဥ်းစားလာရပါပြီ။ ဒါကြောင့် လူမှုကူညီရေးလုပ်ငန်းတွေ လုပ်နေတဲ့ Clean Yangon အဖွဲ့ရဲ့ လိုတရ အစီအစဉ်က ကရင်နီပြည်၊ ဒီးမော့ဆို အနောက်က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ စစ်ရှောင်ပြည်သူတွေအတွက် ဖယောင်းတိုင်ထုတ် လုပ်ငန်းလေးတစ်ခု ထူထောင်လိုက်ပါတယ်။
"အချိန်ပြည့် ကျွန်မတို့က အလှူရှင်ချည်းပဲ မျှော်နေရတဲ့အခါ အရမ်းစိတ်ပင်ပန်းတယ်"
စစ်ဘေးဒုက္ခသည်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စခန်းရန်ပုံငွေအတွက် ရည်ရွယ်ဖန်တီးပေးဖြစ်တာလို့ Clean Yangonရဲ့ တာဝန်ခံ ကိုဇေယျာထွန်းက ပြောပါတယ်။
“စစ်ရှောင်တွေက အချိန်ကာလကြာလာတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်း အင်မတန်ရှားတယ်။ ရှားတဲ့အခါကျတော့ ကိုယ့်လက်ကိုယ်ခြေနဲ့ လုပ်ရတဲ့ အလုပ်အကိုင် ဘာမှကိုရှိမနေဘူး။ နောက်တစ်ခု စစ်ရှောင်စခန်းတစ်ခုမှာ အရေးပေါ်ရန်ပုံငွေဆိုတာ အင်မတန်လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်ရှောင်စခန်းမှာ သာရေးပဲဖြစ်ဖြစ်၊ နာရေးပဲဖြစ်ဖြစ် ဒီဘက်ဒေသမှာ ဖြစ်လာပြီဆိုရင် အရေးပေါ်ရန်ပုံငွေ ရှိမနေတဲ့အတွက် ခေါင်းကိုက်စရာကိစ္စလေးတွေ ဖြစ်နေတယ်။ အလုပ်အကိုင်အခွင့်အလမ်းလည်း ဖြည့်ဆည်းပေးချင်တယ်”
လိုတရဆိုတဲ့ အစီအစဥ်က ပြည်တွင်း၊ ပြည်ပ စေတနာရှင်တွေရဲ့ စုပေါင်းအားနဲ့ စစ်ဘေးဒုက္ခသည်စခန်း ၁၅ ခုမှာ မတူညီတဲ့ အသေးစား လုပ်ငန်းလေးတွေ ဖန်တီးပေးထားပါတယ်။ လုပ်ငန်းအမျိုးအစားကိုလည်း မိမိတို့ နှစ်သက်ရာကို အဆိုပြုစေပြီး ရွေးချယ်တည်ထောင်ပေးတယ်လို့ ကိုဇေယျာထွန်းက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
နေရပ်ကို ရာသက်ပန်စွန့်ခွာခဲ့ရတဲ့ ကရင်နီဒုက္ခသည် ဒေါ်ဦးမယ်
စစ်ဘေးဒုက္ခသည်စခန်းရောက် ကရင်နီ ဆေးမှူး
ကရင်နီဒုက္ခသည်စခန်း ရိက္ခာပို့လမ်း အပိတ်ခံရမှု ဘယ်သူ့တာဝန်လဲ
စစ်ဘေးဒုက္ခသည်စခန်းက လူတွေကိုယ်တိုင် လုပ်ငန်းကို စီမံခန့်ခွဲစေပြီး ရလာတဲ့ အကျိုးအမြတ်ကို စခန်းရန်ပုံငွေမှာ ပြန်အသုံးပြုစေတယ်လို့ ဆိုပါတယ်။
ဒီဖယောင်းတိုင်လုပ်ငန်းကိုတော့ Clean Yangon ရဲ့ လိုတရဆိုတဲ့ အစီအစဥ်က ကျပ် သိန်း ၁၃၀ မတည်ပြီး စတင်ခဲ့တာပါ။ ၂၀၂၄ခုနှစ် နိုဝင်ဘာလက စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် သုံးလကျော် ရှိလာပါပြီ။ ဖယောင်းတိုင် ထုတ်လုပ်ရာမှာတော့ ကျွမ်းကျင်သူ နှစ်ယောက်က တစ်လှည့်စီ ကြီးကြပ်သင်ကြားပြီး တစ်ရက်ကို စခန်းတွင်းက အလုပ်သမား နှစ်ယောက်နဲ့ အလှည့်ကျလုပ်ကိုင်ကြပါတယ်။ ရရှိလာတဲ့အကျိုးအမြတ်ထဲကနေ လုပ်အားခရော၊ ရန်ပုံငွေအတွက်ပါ ခွဲဝေအသုံးပြုတယ်လို့ သိရပါတယ်။
အခုဆိုရင် အလုပ်လုပ်ရင်းနဲ့ အချင်းချင်းစည်းလုံးမှုလည်း ရလာတယ်လို ဖယောင်းတိုင်လုပ်ငန်း တာဝန်ခံ မလူဆီးယာက ပြောပါတယ်။
“အစပိုင်းမှာ အလုပ်အကိုင်အခွင့်အလမ်း မရှိတဲ့အတွက် စိတ်ဖိစီးမှုပဲ များနေခဲ့တာ။ ဖယောင်းတိုင်လုပ်ငန်း လုပ်လာပြီးတဲ့နောက်မှာ စခန်းအနေနဲ့ အရမ်းစည်းလုံးလာတယ်။ ပထမပိုင်းမှာ ငါတို့ လုပ်အားနဲ့သွားမယ်။ နောက်ပိုင်းမှာ ရလာတဲ့ ရန်ပုံငွေနဲ့ ရှေ့ဆက်ကြမယ်။ အဲလို ပုံစံမျိုးပေါ့နော်။ သူတို့မှာ စည်းလုံးညီညွတ်တဲ့စိတ်ဓာတ် ထွက်လာတာပေါ့နော်။ ပြီးတော့ သူတို့ အဲလို ဖယောင်းတိုင်ထုတ်တာ တစ်ခါမှ မမြင်ဖူးဘူး။ ဒီလို ထုတ်နိုင်တာကြည့်ပြီး သူတို့ အံ့သြကြတယ်။ ပညာဗဟုသုတလည်း ရသွားတာပေါ့။ အမြင်လည်းကျယ်သွားတယ်”
လက်ရှိ ကရင်နီဒေသမှာ လျှပ်စစ်မီးမရတာကြောင့် ဒီဖယောင်းတိုင် လုပ်ငန်းက အတော်အထောက်အကူ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ထုတ်လုပ်လိုက်တဲ့ ဖယောင်းတိုင်တွေကိုတော့ အနီးအနားက စစ်ရှောင်စခန်းတွေဆီ ဖြန့်ဖြူးရောင်းချတယ်လို့ ဆိုပါတယ်။
လုပ်ငန်းစီမံခန့်ခွဲမှုကို စခန်းရန်ပုံငွေအတွက် သီးသန့်ဖွဲ့ထားတဲ့ စစ်ဘေးဒုက္ခသည် စခန်းကော်မတီက တာဝန်ယူထားပါတယ်။ ဖယောင်းတိုင်လုပ်တဲ့ စက်က သုံးခုံရှိပြီး တစ်ခုံကို ငါးဆယ်နှုန်းနဲ့ တစ်ရက်ကို အထုပ်ရေ ၁၅၀ လောက် ထုတ်လုပ်နေနိုင်ပါပြီ။ တစ်ပတ်မှာ တနင်္ဂနွေ တစ်ရက်သာနားပြီး ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။ ဒီဖယောင်းတိုင်လုပ်ငန်းလေး လုပ်ကိုင်နေတဲ့ စစ်ဘေးဒုက္ခသည်စခန်းမှာတော့ လက်ရှိမှာ လူဦးရေ ၂၅၀ ကျော် နေထိုင်နေပါတယ်။
ဒီလိုအလုပ်လေး ဖန်တီးပေးနိုင်တာကြောင့် စစ်ဘေးဒုက္ခသည်တွေရဲ့ ရပ်တည်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အဆင်ပြေသွားစေတယ်လို့ ကိုဇေယျာထွန်းက ပြောပါတယ်။
"စစ်ရှောင်စခန်းတစ်ခုမှာရှိတဲ့ လူဦးရေ နှစ်ရာကျော်လုံးကို အလုပ်အကိုင်အခွင့်အလမ်း မပေးနိုင်ပေမဲ့ အလုပ်ကိုင်အခွင့်အလမ်းရနေတဲ့ ခုနစ်ယောက်၊ ရှစ်ယောက်ပေါ့နော်။ သူတို့နောက်မှာ သူ့မိသားစုတွေ အဆင်ပြေမယ်။ ဒီကရတဲ့ အမြတ်ငွေတွေက စစ်ရှောင်စခန်းထဲမှာ ရန်ပုံငွေအဖြစ် အဆင်ပြေမယ်။ ဒီလုပ်ကိုင်နေတဲ့ ခုနစ်ယောက်ရဲ့ စိတ်ဒဏ်ရာပေါ့။ စိတ်ဒဏ်ရာတွေက ကိုယ်စီရှိနေကြတာ အများကြီးပဲ အမြဲတမ်းကြောက်လန့်၊ ရှင်သန်ဖို့အတွက်ကို စိုးရိမ်ကြောက်လန့်နေကြရတယ်။ ဒီအလုပ်ကို စိတ်နှစ်လုပ်နေသရွေ့ကတော့ ငါ အသုံးမကျတော့ဘူး။ အသုံးမကျနေဘူးဆိုတဲ့ဟာက လုံးဝကို ပျောက်နေပြီတော့ ဒီကနေ ဝင်ငွေတစ်ခုရမယ်။ အတတ်ပညာတစ်ခု ရမယ်ပေါ့နော် ။ အဲလိုပုံစံနဲ့ ရည်ရွယ်ပြီး လုပ်ငန်းလေးတွေ ထောင်ဖြစ်တာဆိုတော့ သူတို့ သိပ်ပျော်ကြတယ်။ လက်ရှိဆိုရင် ငါတို့ အလုပ်ရှိနေတယ်ဆိုတဲ့ စိတ်လေးပေါ့နော် ဒါလေးတွေရပြီး စိတ်ပြေလက်ပျောက်ဖြစ်နေတာ တွေ့ရတယ်"
စစ်ကောင်စီရဲ့ လမ်းပန်းဆက်သွယ်ရေး ပိတ်ပင်မှုကြောင့် ကုန်ကြမ်းသယ်ယူမှု အပိုင်းမှာတော့ အခက်အခဲရှိတယ်လို့ ကိုဇေယျာထွန်းက ပြောပါတယ်။
ထုတ်လုပ်ရေးပိုင်း ကျွမ်းကျင်သူအဖြစ်လုပ်ကိုင်နေတဲ့ မအော်ရင်းရှာကလည်း လုပ်အားခလည်းရ၊ စခန်းကိုလည်း ပြန်ကူညီနိုင်တာကြောင့် ဝမ်းသာတယ်လို့ ဆိုပါတယ်။
“ကျွန်မတို့မှာ ဝင်ငွေလည်း မရှိဘူး။ တစ်ရက်တစ်ရက်ဆို နေလည်းတမှိုင်မှိုင်တထွေထွေနဲ့ပေါ့နော်။ ဝင်ငွေမရှိတဲ့အခါ စားရေးသောက်ရေးလည်းလိုတယ်။ အချိန်ပြည့် ကျွန်မတို့က အလှူရှင်ချည်းပဲ မျှော်နေရတဲ့အခါ အရမ်းစိတ်ပင်ပန်းတယ်။ နေရတာလည်း မူးနောက်နောက်နဲ့။ အဲလို ဖြစ်တယ်။ အခု ဖယောင်းစက်ခုံမှာ အလုပ်ရသွားပြီးတဲ့နောက်ပိုင်း တနင်္ဂနွေနားတဲ့ရက်မျိုးလည်း ကျွန်မ မပျော်တော့ဘူး။ ဖယောင်းစက်ခုံပဲ အာရုံရောက်နေတယ်။ တစ်ရက်တစ်ရက် လုပ်အားခရတဲ့ဟာရယ်၊၊ အများအကျိုးလည်း ကိုယ်လုပ်နေရတယ်ဆိုတော့ အရမ်းဝမ်းသာတယ်”