ကရင်နီဒုက္ခသည်စခန်း ရိက္ခာပို့လမ်း အပိတ်ခံရမှု ဘယ်သူ့တာဝန်လဲ

တင်အောင်ခိုင်
2023.03.29
ကရင်နီဒုက္ခသည်စခန်း ရိက္ခာပို့လမ်း အပိတ်ခံရမှု ဘယ်သူ့တာဝန်လဲ ရိက္ခာရယူနေကြသည့် ကရင်နီစစ်ဘေးရှောင် အမျိုးသမီးတချို့အား ၂ဝ၂၃ ခုနှစ် မတ်လ ၅ ရက်နေ့က တွေ့မြင်ရစဉ်။
ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒေါ်နကူး ကရင်နီဒုက္ခသည်စခန်းဟာ ထိုင်းနိုင်ငံက တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို မှီခိုနေရပါတယ်။ ပြီးခဲ့တဲ့ အပတ်အတွင်း ထိုင်းဘက်ကနေ မြန်မာနိုင်ငံကို ဖြတ်ကူးတဲ့ လမ်းကို ပိတ်လိုက်တာကြောင့် ဒုက္ခသည်စခန်းကို ရိက္ခာတင်ပို့တာတွေ ရပ်သွားရပါတယ်။

နယ်စပ်တစ်လျှောက် ကရင်နီတပ်နဲ့ စစ်ကောင်စီတပ်တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ထိုင်းနယ်မြေထဲကို လက်နက်ကြီးကျည် ကျခဲ့ပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံက လုံခြုံရေးတင်းကျပ်လိုက်တာလို့ ဆိုပါတယ်။

"စစ်ကောင်စီကတော့ သူတို့ရှုံးပြီဆို တမင်သက်သက် ထိုင်းနယ်ထဲကို ရောက်အောင်ပစ်တာ ရှိတယ်"

ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်လုံခြုံရေးကို အထူးဂရုစိုက်နေတာဖြစ်ပြီး နယ်စပ်မှာ လုံခြုံရေးတင်းကျပ်လိုက်တာဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်းတဖြည်းဖြည်း ပိုပြီးတင်းမာလာနေတဲ့ စစ်ရေးအခြေအနေကြောင့် ဖြစ်ပါတယ်။

ကရင်နီတပ်မတော် KA ရဲ့ ပြောဆိုချက်အရ ၂၀၂၃ ခုနှစ်ဆန်းကနေ အခုမတ်လနောက်ဆုံးအပတ်အတွင်း အနည်းဆုံးတိုက်ပွဲအကြိမ် ၁၃ ကြိမ်လောက် ဖြစ်ခဲ့တယ်လို့ပြောပါတယ်။

တိုက်ပွဲတွေဟာ စစ်ကောင်စီက မြို့နယ်ပေါင်း ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးတဲ့ နောက်ပိုင်းမှာဖြစ်ပွားတာပါ။

ဒီတိုက်ပွဲတွေထဲမှာ ထင်ထင်ရှားရှားဖြစ်ခဲ့တာကတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ တောင်ကုန်း ၁၄၄၁ကို KA က သိမ်းပိုက်ခဲ့ပြီး မတ် ၆ ရက်နေ့က စစ်ကောင်စီရဲ့ ဝှေအောစခန်း၊ မတ်လ ၁၆ရက်နေ့မှာ ဝှေဟိုင်းစခန်းတွေကို KA က သိမ်းပိုက်ခဲ့ပါတယ်။

မတ် ၁၉ နဲ့ ၂၀ ရက်နေ့တွေမှာတော့ စစ်ကောင်စီတပ်တွေဟာ အသိမ်းခံထားရတဲ့ သူတို့စခန်းတွေကို ပြန်ရဖို့ အင်နဲ့အားနဲ့ ထိုးစစ်တစ်ခုကို ဆင်နွှဲခဲ့ပါတယ်။ ပန်းရုန်းနယ်အတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး KNPP တွဲဖက်အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့် ပြောပြတာက ....

“ပန်းရုန်းဆိုတာက ရှမ်းနဲ့ကရင်နီနဲ့ နယ်စပ်ပေါ့။ အဲ့ဒီမှာ ကျွန်တော်တို့စခန်းကို တက်သိမ်းဖို့ သူတို့ကြိုးစားတယ်။ နှစ်ခါသုံးခါရှိပြီ သူတို့ နောက်ပြန်ဆုတ်ရတယ်။ အဲ့ဒီမှာ လက်နက်ကြီးနဲ့ထုတော့ ထိုင်းနယ်ထဲကို ကျတယ်။ ခုနစ်လုံးလောက် ကျတယ်။ အဲ့ဒါသူတို့ကို မပြောရဲဘဲနဲ့ ကျွန်တော်တို့ကို ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ပင်တားဆီးတာပေါ့ဗျာ”

နယ်စပ်ဖြတ်သန်း သွားလာခွင့်တွေ ပိတ်လိုက်တော့ လက်တွေ့ ပြဿနာနဲ့ရင်ဆိုင်ရတာက စစ်ဘေးဒုက္ခသည် ၂၅ဝဝ လောက် နေထိုင်နေတဲ့ ဒေါ်နကူးစခန်းက ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံဘက်က နယ်စပ်ဖြတ်ဝင်လာတဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတခြားပစ္စည်းတွေကို မှီခိုနေရတာပါ။

Karenni-refugees-(1).jpg
ကရင်နီစစ်ဘေးရှောင် အမျိုးသမီးတချို့အား ၂ဝ၂၃ ခုနှစ် မတ်လ ၅ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

KA နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအရှုံးနဲ့ အထိအခိုက်များလာရင် ထိုင်းနိုင်ငံဘက်ကိုပါ လက်နက်ကြီးတွေပစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ကိုဗညားက ပြောပါတယ်။

“သူတို့လည်း သိတယ်၊ ထိုင်းဘက်ကလည်း သိတာက ထိုင်းဘက်က ဒီဘက်က KNPP တို့ KAတို့ကို ပြောထားတာက လက်နက်ကြီးကျရင် စစ်ကောင်စီကိုပြောရမယ့်အစား မပြောဘဲနဲ့ KA ကို ပြောတာ မကြာခဏတွေ့ရပါတယ်။ စစ်ကောင်စီကတော့ သူတို့ရှုံးပြီဆို တမင်သက်သက် ထိုင်းနယ်ထဲကို ရောက်အောင်ပစ်တာ ရှိတယ်။ တချို့ကြားဖြတ်သတင်းအရင်းမြစ်အရ ထိုင်းဘက်ခြမ်းကိုဖြစ်စေ စစ်ရှောင်စခန်းကို ပစ်ဖို့ အတွက်အမိန့်တောင်းတာ ရှိတယ်။ ပစ်မိန့်ပေးတဲ့ အသံလည်း ကျွန်တော်တို့ ကြားတာရှိတယ်။ အဲ့လိုမျိုးပစ်ပြီဆို ထိုင်းဘက်က လမ်းတွေ ပိတ်တာမျိုးတွေ လုပ်တယ်”

အခုလိုဖြစ်ရခြင်းဟာ ထိုင်းနဲ့ မြန်မာနယ်စပ်အခြေအနေအရ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံဟာ မိုင်ပေါင်း ၁၅၀၀ကျော် ထိစပ်လျှက်ရှိပြီး ရှမ်းနဲ့ကယားပြည်နယ်စပ်ဒေသမှာ ထိုင်းနိုင်ငံဘက်မှာ မြို့ရွာတွေမရှိဘဲ တောတောင်တွေသာရှိတာကြောင့် လက်နက်ကြီးနဲ့ပစ်ရင် လူနဲ့နေအိမ်တွေ ထိခိုက်မှာကို စိုးရိမ်စရာမရှိလို့ဖြစ်တယ်လို့ ကိုဗညားကပြောပါတယ်။

“အခု မဲဟောင်ဆောင်၊ ကရင်နီရဲ့ပုံစံက တောတောင်ချည်းပဲရှိတယ်၊ ရွာတွေလည်းမရှိဘူး ထူးထူးခြားခြား ရွာတစ်ရွာပဲရှိတယ် ရှမ်း-ကယားရွာ။ ဒါပေမဲ့ အဲ့ဒီရွာရှိတဲ့ နေရာက တခြား”

အခုလို ကရင်နီဒုက္ခသည်စခန်းမှာ ရိက္ခာပြတ်လပ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီးဘာလုပ်ပေးဖို့ အစီအစဉ်ရှိသလဲဆိုတာ သိရှိနိုင်ဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်း ဖြေကြားတာမရှိပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။