နယ်စပ်ဆေးရုံတွေ ပိတ်လိုက်တဲ့နောက် ဆေးကုသဖို့လိုအပ်တဲ့ ဒုက္ခသည်တချို့ အသက်ဆုံးရှုံး
2025.02.18

ဒါက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာရှိတဲ့ အုန်းဖျန်ဒုက္ခသည်စခန်းက ဆေးရုံတစ်ခုပါ။ လူဦးရေ တစ်သောင်းကျော်ရှိတဲ့ ဒုက္ခသည်စခန်းအတွက် အဓိကအားကိုးရာ ဆေးရုံတစ်ခုဖြစ်တဲ့အလျောက် အရင်က ဒီဆေးရုံမှာ လူနာမပြတ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရသစ်က နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အစီအစဉ်တွေကို ရက်ပေါင်း ၉၀ ဆိုင်းငံ့လိုက်ချိန်မှာတော့ ဒီဆေးရုံကို ပိတ်လိုက်ရပြီး ဆေးရုံကို မှီခိုနေရတဲ့ ဒုက္ခသည်တွေ ကျန်းမာရေးစောင့်ရှောက်မှုရဖို့ ခက်ခဲသွားကြပါတယ်။
မမွန်လို့ ဒီသတင်းမှာ နာမည်လွှဲထားတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်က အုန်းဖျန်ဒုက္ခသည်စခန်းမှာ နေထိုင်သူပါ။ ဆေးရုံပိတ်လိုက်တဲ့အတွက် သူ့ပတ်ဝန်းကျင်က နာတာရှည်ရောဂါသည်တချို့ သေဆုံးတာတွေ ရှိတယ်လို့ မမွန်က ပြောပြပါတယ်။
“သူက လေဖြတ်နေတာကြာပြီ။ ဆေးရုံမှာပဲ သွားနေနေတာ။ ဆေးရုံ ပိတ်တဲ့နေ့မှာပဲ အောက်ဆီဂျင်တွေ ဘာတွေ ဖြုတ်လိုက်တယ်ထင်တယ်။ အဲဒီညနေမှာပဲ သူက ၂၇ ရက်နေ့ ညနေမှာ ဆုံးသွားတယ်။ ကိုယ်သိတဲ့သူတွေ အိမ်နီးချင်းတွေ။ နောက်တစ်ယောက်ကျတော့ သိပ်မကြာဘူး။ ၃,၄,၅ ရက် တစ်ယောက်လောက်ပဲ။ သူက အောက်ဆီဂျင်နဲ့နေရတာ။ သူလည်း သိပ်မကြာဘူး။ ဆေးရုံဆင်းပြီး တစ်ပတ်မပြည့်ဘူး ဆုံးသွားတာပဲ”
ဆေးရုံတွေ ပိတ်လိုက်တဲ့နောက် ဒီစခန်းမှာ အသက်ဆုံးရှုံးသွားသူ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ RFA က အတည်မပြုနိုင်သေးပါဘူး။ အခုလိုဒုက္ခသည်တွေရင်ဆိုင်နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အမေရိကန်သံရုံးရဲ့ ဒုက္ခသည်နှင့်ရွှေ့ပြောင်းသွားလာရေးဆိုင်ရာဌာနထံ RFA က ဖေဖော်ဝါရီ ၁၂ ရက်နေ့က အီးမေးလ်ကတဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။
အမေရိကန်အစိုးရရဲ့ အကူအညီတွေ ရပ်ဆိုင်းလိုက်တာဟာ မြန်မာအပါအဝင် ပဋိပက္ခဒေသတွေက အရပ်သားတွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေအပေါ် ဆိုးရွားစွာထိခိုက်စေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ AI ထုတ်ပြန်ချက်အရ အုန်းဖျန်ဒုက္ခသည်စခန်းမှာ အောက်ဆီဂျင်နဲ့ အသက်ဆက်နေရသူတွေ အကူအညီဆက်မရတော့တာကြောင့် လူနာ လေးဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။
အမေရိကန်အစိုးရက အခုလို နိုင်ငံခြားအကူအညီတွေ ဆိုင်းငံ့ထားတာနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဌာနကို RFA က အီးမေးလ်ကတဆင့် ဆက်သွယ်မေးမြန်းရာမှာ … နိုင်ငံတကာအကူအညီတွေအပေါ် အမေရိကန်အကျိုးစီးပွားနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ပြန်သုံးသပ်ဖို့ လိုအပ်ကြောင်း၊ ဒါပေမဲ့ အသက်ကယ်ဆယ်ရေး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုတော့ ခွင့်ပြုထားဆဲဖြစ်ကြောင်း စာနဲ့အကြောင်းပြန်ပါတယ်။
လတ်တလောမှာတော့ အုန်းဖျန်ဒုက္ခသည်စခန်းမှာ ဇန်နဝါရီ ၂၇ ရက်နေ့ကစပြီး ဆေးရုံပိတ်လိုက်ရတဲ့အတွက် ဆေးကုသမှု မပြတ်ခံယူဖို့လိုအပ်တဲ့ နာတာရှည် ရောဂါသည်တွေ အနီးဆုံး ဆေးရုံတွေကို ကိုယ့်စရိတ်နဲ့ ကိုယ် သွားပြီး ဆေးကုကြရပါတယ်။ တရားဝင် အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ ဝင်ငွေနည်းပါးကြတဲ့ သူတို့လို စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါးကုသစရိတ်က ဝန်တာကြီးလှပါတယ်။
ဒီသတင်းမှာ ဒေါ်ကြည်အေးလို့ နာမည်လွှဲထားတဲ့ စစ်ဘေးဒုက္ခသည်တစ်ယောက်ကတော့ ဆေးရုံကို တစ်ပတ် နှစ်ခါလောက်သွားပြီး ကုသမှုခံယူဖို့ လိုအပ်နေသူပါ။ သူ့မိသားစုမှာ သူအပါအဝင် နာတာရှည်ရောဂါသည်လို့ သတ်မှတ်ရတဲ့သူ လေးယောက်ရှိပါတယ်။ အခုတော့ ဝင်ငွေနည်းပါးတဲ့ သူတို့အတွက် ကျန်းမာရေးစရိတ်ကို ချေးငှားရှာဖွေနေရပါတယ်။
“အကူအညီရှိတုန်းက တစ်ပြားမှမကုန်ဘူး။ ကားလည်း အသွားအလာ သူတို့ ကြိုပို့ပေးတယ်။ အခုက ကားလည်း မရှိတော့ဘူး။ ကုန်ကျစရိတ်လည်း သူတို့ မထုတ်ပေးသေးဘူး။ အမိုးအခု လိုင်းကားနဲ့ပဲ သွားရတယ်။ အခက်အခဲ အများကြီးရှိတာပေါ့။ အဆင်မပြေဘူး”
ဒေါ်ကြည်အေး တစ်ပတ်တစ်ခါ ဆေးရုံသွားရင် ကုန်ကျစရိတ်က အနည်းဆုံး ဘတ်ခြောက်ထောင် ရှိပါတယ်။
ဆေးရုံပိတ်လိုက်လို့ အခက်အခဲ ကြီးကြီးမားမား ကြုံနေကြရသူတွေထဲမှာ နာတာရှည်ရောဂါသည်တွေနည်းတူ ကိုယ်ဝန်ဆောင် မိခင်တွေလည်း ပါပါတယ်။ အရင်က စခန်းထဲက ဆေးရုံတွေမှာ ကိုယ်ဝန်ဆောင်တွေကို ပုံမှန် ဆေးစစ်ပေးသလို ကျန်းမာရေး ကောင်းတဲ့ ကိုယ်ဝန်ဆောင်တွေကို ပုံမှန်နည်းနဲ့ မီးဖွားပေးပါတယ်။ အခုတော့ ဆေးရုံပိတ်လိုက်တဲ့အတွက် ကိုယ်ဝန်ဆောင်တွေ ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့ဆိုရင် အနီးဆုံးဆေးရုံကို အနည်းဆုံး နှစ်နာရီခွဲလောက် ကားစီးပြီးသွားရမှာဖြစ်သလို ငွေကြေးကုန်ကျမှုလည်း ရှိဦးမှာပါ။ ဒါကြောင့် မကြာခဏ ကျန်းမာရေး စစ်ဆေးဖို့လိုတဲ့ မမွန်တို့လို ကိုယ်ဝန်ဆောင်တွေအတွက် အခက်တွေ့နေရပါတယ်။
“လက်မှတ်လုပ်ရတယ်။ ဒီအတိုင်းသွားလို့မရဘူး။ နေဖို့နေရာလည်း ကိုယ့်ဟာကို ဖြေရှင်းရမှာ။ လမ်းခရီးအခြေအနေက လမ်းက ပိုကြမ်းတယ်။ ပင်ပန်းတာပေါ့။ ငွေကြေးကတော့ သွားရင် လမ်းစရိတ်ကုန်တယ်၊ လက်မှတ်လည်းကုန်တယ်။ ဆေးယူလည်း ကုန်မှာ။ သူတောင်းသလောက်ကုန်မှာ။ ပြီးရင် တစ်ခေါက်တည်းမဟုတ်ဘူး။ အခေါက်ခေါက်သွားရမှာ”
ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေဟာ အချိန်မရွေးအရေးပေါ် မီးဖွားရနိုင်တာကြောင့် အရေးပေါ်အခြေအနေမှာ သွားလာဖို့ကလည်း သူတို့အတွက် မလွယ်ပါဘူး။ သူတို့ ဒုက္ခသည်စခန်းကနေ ဆေးရုံရှိတဲ့ မြို့တွေကိုသွားဖို့ လိုင်းကားက နေ့ဘက်မှာပဲရှိတာပါ။ ဒါကြောင့် ညဘက်တွေမှာ အရေးပေါ်မီးဖွားဖို့ကြုံလာရမှာကို မမွန် စိုးရိမ်နေပါတယ်။
“ဗိုက်ကြီးသည်က အမြဲ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကင်းကွာလို့မရဘူး။ ဗိုက်ကြီးသည်တစ်ယောက်က အမြဲတမ်းအန္တရာယ်တွင်းထဲမှာ နေရသလိုပဲ။ အမြဲစိုးရိမ်နေရတာ။ ကိုယ့်ထက်ဆိုးတဲ့ ဗိုက်ကြီးသည်တွေ အများကြီးပဲ။ ကိုယ့်ထက် မွေးခါနီး ဖွားခါနီး နေရာမရှိတဲ့ ဗိုက်ကြီးသည်တွေ တွေ့တော့ စိတ်တော်တော်မကောင်းဘူးဖြစ်တယ်။ ဝမ်းလည်း ဝမ်းနည်းတယ်။ ......ငွေရေး ကြေးရေးကလည်း ဒုက္ခသည်ဆိုတော့ အပြင်လူတစ်ယောက်လို အများကြီး မရှိနိုင်ဘူးလေ။ ရှိတဲ့သူလည်းရှိပေမယ့် မရှိတာက များကြတယ်ဆိုတော့ အတူတူပဲပေါ့”
ဆက်နွှယ်သောသတင်းများ
မြန်မာဒုက္ခသည်တစ်ဦး သေဆုံးမှုအတွက် ကန် အောက်လွှတ်တော်မှာ တစ်မိနစ် ငြိမ်သက် ဂါရဝပြု
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်နား
အမေရိကကို ပြောင်းခွင့်ရပြီးမှ နောက်ပြန်လှည့်သွားရသူများ
ထိုင်းအစိုးရရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဒုက္ခသည်တွေကို ကျန်းမာရေး စောင့်ရှောက်မှု ဆက်ပေးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ဆေးရုံမှာ ဆေးပြန်မကုပေးသေးဘဲ နာတာရှည်လူနာ၊ အရေးပေါ်လူနာနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို စစ်ဆေးပြီး မှတ်တမ်းတင်တာမျိုးပဲ လုပ်ပေးသေးတယ်လို့ RFA က မေးမြန်းခဲ့တဲ့ အုန်းဖျန်ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကပြောပါတယ်။ အခြေအနေတွေက ဘာမှ မရေရာသေးပါဘူး။ လောလောဆယ်မှာတော့ ဒုက္ခသည်တွေအတွက် ကူရာကယ်ရာ မဲ့နေဆဲပါ။
ကျန်းမာရေး စောင့်ရှောက်မှု မရရင် အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် ကျန်းမာရေးစရိတ်ရဖို့ အသည်းအသန် ရှာဖွေချေးငှားနေရတဲ့ ဒေါ်ကြည်အေးက အရင်လို အကူအညီတွေပြန်ရဖို့ မျှော်လင့်နေပါတယ်။
“အကူအညီ ဘယ်မှ မလာဘူးဆိုရင် အမိုးဘဝက တော်တော် ဆိုးသွားတာပေါ့။ အခုက တော်တော် အခက်အခဲဖြစ်နေတယ်။ ညပိုင်းလည်းကြောက်ရတယ်။ ညပိုင်း ဖြစ်လာလို့ရှိရင် ဆေးရုံလည်း မရှိ။ ဘယ်မှ သွားစရာ မရှိဘူးလေ။ လူတွေ တော်တော် ဒုက္ခရောက်တာပေါ့။ ဆေးမြီးတိုလေးတွေနဲ့ မရဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဆေးရုံတွေကို မြန်မြန်ဖွင့်စေချင်တာပေါ့။ အကူအညီတွေ မြန်မြန် လိုချင်တာပေါ့။ အခုကလက်လည်း ခွဲရတော့မယ်တဲ့။ သူတို့(ဆရာဝန်တွေ)က ပိုက်ဆံက မြန်မြန် ရှာခိုင်းတာပေါ့။ အမိုးတို့က ပိုက်ဆံမှ မတတ်နိုင်တာ။ အလုပ်ဖြင့် ဘာမှ မရှိဘဲဟာ။ အမိုးတို့ မတတ်နိုင်ဘူးပေါ့”