စစ်ဘေးဒုက္ခသည်စခန်းရောက် ကရင်နီ ဆေးမှူး
ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီက ဆေးမှူးတစ်ဦးဖြစ်တဲ့ မော်စေးမြာက နယ်စပ်စစ်ဘေးဒုက္ခသည် စခန်းတစ်ခုရဲ့ ဆေးပေးခန်းမှာ လူနာတွေကို စမ်းသပ်ပြီး ဆေးတွေပေးနေပါတယ်။
သူမဟာ ဒီစခန်းမှာ အခုလို စေတနာ့ဝန်ထမ်းအဖြစ် အကူအညီပေးနေတာ လေးလလောက် ရှိနေပါပြီ။
ဒီစခန်းကို မရောက်ခင်ကတော့ ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီအဖွဲ့နဲ့ ကျေးလက်ဒေသတွေမှာ တစ်ရွာဝင် တစ်ရွာထွက် လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါတယ်။
"ပြည်တွင်းမှာ နေတုန်းကဆိုရင် လူနာတွေ ဆေးပေးရတယ်။ တစ်လတစ်ခါ ရွာဆင်းပြီး လူနာသွားကြည့် ရတယ်။ လူနာတွေ ဆေးသွားပေးရတယ်။ ပုံမှန်သွားကြည့်ရပါတယ်"
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဧပြီလလောက်က ဖြစ်ပွားလာတဲ့ ဒေသတွင်း တိုက်ပွဲတွေဟာ သူတို့ရှိနေတဲ့ လွိုင်ကော်မြို့နယ်က နယ်လှည့်ကျန်းမာရေး ဆေးခန်းနားအထိ ရောက်လာခဲ့ပါတယ်။
အဲဒီအချိန်မှာ ဆေးခန်းကိုပိတ်ပြီး တောတောင်တွေထဲကို အသက်လု ထွက်ပြေးရင်းနဲ့ အချိန်သုံးပတ်လောက် သာ ရှိသေးတဲ့ သူမရဲ့မွေးကင်းစ အမွှာသမီးလေး နှစ်ယောက်ကို ဆုံးရှုံးခဲ့ရပါတယ်။
ကလေးတွေကို လွိုင်ကော်မှာရှိတဲ့ ကရုဏာဆေးခန်းမှာ ခွဲစိတ်မွေးခဲ့ပြီးနောက် တိုက်ပွဲတွေကြောင့် အိမ်မပြန် နိုင်ဘဲ တောတောင်တွေထဲကို ထွက်ပြေးရင်း သုံးရက်မြောက်နေ့မှာ ကလေးနှစ်ဦးကို ဆုံးရှုံးခဲ့ရတာပါ။
မော်စေးမြာရဲ့ ခင်ပွန်း ဦးကိုရယ်ကတော့ ကလေးနှစ်ယောက်အတွက် ဒီနေ့အထိ ယူကျုံးမရ ဖြစ်နေပါတယ်။
"ကလေးက တစ်ညလုံးမအိပ်ဘူးလေ။ နောက်ပြီး ဘာလို့ မအိပ်တာလဲတွေးပြီး တစ်ညလုံး ချီထားခဲ့တယ်။ သူမအိပ်ဘူးဆိုတော့ တစ်ညလုံးချီထားခဲ့တယ်။ မနက်တော့ ကျနော် သူတို့နားက ခဏထွက်သွားတော့ ပြန်ရောက်တော့ သူတို့ အသက်ရှူကျပ်နေခဲ့တယ်။ အသက်ရှူကျပ်တော့ ကျနော်သူတို့ကို အသက်ပြန်ရှူနိုင်အောင် ပြန်လုပ်ပေးတော့ အသက် ပြန်ရှူနိုင် ခဲ့တယ်။ နောက်ကျနော် သူတို့ကို ခဏချထားတော့ ဘယ်လိုမှလုပ်လို့ မရတော့ဘူးဖြစ်သွားတယ်"
အခြားကလေးတွေကို မြင်တိုင်း ဝမ်းနည်းနေတဲ့ သူ့ရဲ့ဇနီးကို ဦးကိုရယ်တစ်ယောက် ဒီနေ့အထိ ဖြေသိမ့် မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။
"အခုက ကျနော့်ကလေးတွေနဲ့လည်း မတွေ့ ရတော့ဘူး။ ကျနော် အခုထိ သတိရနေတုန်းပဲ"
ကယား (ကရင်နီ) ပြည်နယ်မှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ သပိတ်စစ်ကြောင်းတွေ အင်အားသုံး ဖြိုခွင်းခံရတာ၊ ပစ်ခတ်ခံရတာ၊ တိုက်ပွဲတွေကြောင့် အသက်လုပြီး ထွက်ပြေးရတာတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၁၂၂ ဦးရှိသွားပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့ကွန်ရက် KCSN က အောက်တိုဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
''ကျနော်တို့ အချက်အလက်အရတော့ ၁၀၀ တော့ကျော်ပြီပေါ့နော်။ ဒါပေမဲ့ နည်းနည်းတော့ ကွဲပြားမှု ရှိတယ်။ ကျနော်တို့ အဖွဲ့ကောက်တာနဲ့ တခြားအဖွဲ့တွေ ကောက်တာ။ ဒါပေမဲ့ ယေဘုယျ ကျနော်တို့ ပြောနိုင်တာက ၁၀၀ တော့ကျော်ပြီပေါ့နော်။ လက်တွေ့မှာတော့ ကွာခြားမှုရှိနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ လက်လှမ်းမမီ နိုင်တဲ့အခါကျတော့ ကွာခြားမှုရှိနိုင်ပါတယ်''
သေဆုံးသွားသူထဲမှာ အမျိုးသမီး ၁၁ ဦးနဲ့ ကလေးငယ် ငါးဦးပါဝင်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ အနေနဲ့လည်း စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အကူအညီအတွေကို အလေးထား ဆောင်ရွက်ပေးဖို့ ကရင်နီလူမှုအသင်းအဖွဲ့ကွန်ရက် KCSN က တိုက်တွန်းထားပါတယ်။

တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရင်း ဆုံးရှုံးခဲ့ရတဲ့ မွေးကင်းစ သမီးလေး နှစ်ဦးကို နေ့စဉ် သတိရရင်း အခု ရောက်ရှိနေတဲ့စခန်းက ဒုက္ခသည်တွေကို အသက်ကယ်ဖို့ ဦးကိုရယ်နဲ့ မော်စေးမြာတို့ ကြိုးစားနေပါတယ်။
"ကလေးကို တွေ့ရတော့ ပျော်တယ်လေ။ တအားပျော်တယ်။ အခုက ကျနော့် ကလေးတွေနဲ့လည်း မတွေ့ ရတော့ဘူး။ ကျနော့်ကလေးတွေနဲ့ မနေရဘူး။ ဘာဖြစ်လို့လဲဆိုတော့။ ကျနော်အခုထိ မေ့လို့ မရသေးဘူး။ ကျနော် အခုထိ သတိရနေတုန်းပဲ။ စိတ်လည်းနာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့် ကလေးကို မြင်ရတော့ သူတို့က တအားလိမ္မာတယ်လေ။ မွေးကင်းစပဲရှိသေးပေမယ့်လည်း သူက အကုန်သိသလို ပဲလေ။ အခုတော့ သူတို့ပုံရိပ်တွေကို ပြန်တွေးမိရင် စိတ်မကောင်း ဖြစ်ရတယ်"
မော်စေးမြာကတော့ ဆုံးရှုံးခဲ့ရတဲ့ သူ့ရဲ့ ကလေးတွေအကြောင်း ပြန်မတွေးချင် ဖြစ်ရအောင်ထိ နာကျင်နေဆဲပါ။
"ကျမ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှ မပြောချင်တော့ဘူး"
အခုအချိန်မှာ မော်စေးမြာဟာ သူ့ရည်မှန်းချက်အတိုင်း အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေ ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို သူတတ်မြောက်ထားတဲ့ ဆေးပညာနဲ့ အစွမ်းကုန် ကူညီသွားမယ်လို့ပြောပါတယ်။