စစ်ဘေးရှောင်ရင်း စာသင်ပေးနေတဲ့ CDM ကျောင်းဆရာမ
2025.03.19

ဒါက အသက် ၄၃ နှစ်အရွယ် ဆရာမဒေါ်ကွာရက်စ်မာပါ။ သူ့မှာ သားသမီး လေးယောက်ရှိပြီး ဒီးမော့ဆိုမြို့နယ် စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ ခိုလှုံနေထိုင်ပါတယ်။ အာဏာမသိမ်းခင်ကတော့ သူဟာ အလယ်တန်းပြ ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်မှာပဲ တာဝန်ထမ်းဆောင်ခဲ့သူပါ။ ကျောင်းဆရာမလုပ်သက် ၂၁ နှစ်ရှိတဲ့ ဒေါ်ကွာရက်စ်မာဟာ စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း သူ့လုပ်သက်၊ လစာ၊ အခွင့်အလမ်းတွေကို စွန့်လွှတ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လကတည်းက အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ပါတယ်။ CDM မှာ ပါဝင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ သူတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်လာတာကြောင့် မိသားစုလိုက် နေရပ်စွန့်ခွာပြီး ထွက်ပြေးခဲ့ရပါတယ်။
“တိုက်ပွဲမဖြစ်ရင်တောင် စိုးရိမ်တာ။ CDM လုပ်တဲ့ဝန်ထမ်းလိုက်ဖမ်းဖို့ သတင်းကြားတယ်။ တိုက်ပွဲလည်းဖြစ်တာပါတယ်။ တိုက်ပွဲက ဒီမောဆို ဒီဘက်ညောင်ကိုင်းမှာ စဖြစ်တော့ ထွက်ပြေးတာ။ ကျောပိုးအိတ်လေးနဲ့ ရှိတဲ့ စာရွက်စာတမ်းလောက်ပဲ သယ်ပြီးတော့မှ မိသားစု ဆိုင်ကယ် နှစ်စီးနဲ့ လယ်မားခို အရောက်သွားလိုက်ရတာ”
အခုဆိုရင် သူတို့မိသားစု စစ်ဘေးတိမ်းရှောင်နေရတာ သုံးနှစ်ကျော်ပါပြီ။ တိုက်ပွဲတွေကြောင့် စစ်ရှောင်တဲ့နေရာလည်း မကြာခဏ ပြောင်းရွှေ့ခဲ့ရပါတယ်။ စစ်ဘေးဒုက္ခသည်တစ်ယောက်အတွက် ကိုယ်တိုင်လည်း စားဝတ်နေရေး ကျန်းမာရေးရော အစစ အရာရာ ကျပ်တည်းနေတဲ့ကြားက ဒေါ်ကွာရက်စ်မာဟာ သူခိုလှုံနေတဲ့ ဒုက္ခသည်စခန်းက ကလေးတွေရဲ့ ပညာရေးအတွက် စာသင်ကျောင်းဆောင်လေးတစ်ခု ဖွင့်ပြီး စာသင်ပေးနေပါတယ်။
“ကလေးတွေက ဒီအတိုင်းထားလို့ရှိရင်လည်း သူတို့ အညွန့်တုံးသွားမှာ စိုးလို့ပေါ့။ အာဏာထ သိမ်းပါတယ်ဆိုမှ ကလေးတွေက စာထပ်မသင်ရ ပညာ ထပ်မသင်ရဆိုတော့ နောင်တစ်ချိန်ကျရင် သူတို့မှာ တွေးစရာ အဖြေက သူတို့ ပညာမရှိရင် မဖြစ်ဘူးပေါ့နော်”
သူ့လိုပဲ CDM လုပ်ထားတဲ့ ကျောင်းဆရာမ နောက်တစ်ယောက်နဲ့အတူ တည်ထောင်ထားတာလို့ ဆိုပါတယ်။ သူ့ကျောင်းလေးမှာ စစ်ဘေးဒုက္ခသည်စခန်းက သူငယ်တန်းကနေ ငါးတန်းအရွယ် ကျောင်းသားကျောင်းသူ ငါးဆယ်နီးပါး တက်ရောက်နေတာပါ။
ဆက်နွှယ်သောသတင်းများ
ဆေးကောလိပ်ဖွင့်ဖို့ ကြိုးစားနေတဲ့ CDM ခွဲစိတ်ဆရာဝန်
တိုင်းရင်းသားတွေ ထိန်းချုပ်ဒေသက ကျောင်းတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေရ
ဆရာဝန်တစ်ယောက်ရဲ့ တော်လှန်ရေးခရီးကြမ်း
စစ်ဘေးဒုက္ခသည်တွေ ကိုယ်ထူ ကိုယ်ထ တည်ထောင်ထားတဲ့ ကျောင်းလေးဖြစ်တာကြောင့် ကျောင်းလည်ပတ်နေရတာ အစစ အရာရာ ခက်ခဲလှပါတယ်။ သူ့ကျောင်းလေးမှာ ကလေးတွေကို စာသင်ပေးတဲ့ ဆရာ ဆရာမ ၇ ယောက်ရှိ ပါတယ်။ ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းလည်း မစုံလင်သလို စာသင်ပေးမယ့် ဆရာ ဆရာမတွေကိုလည်း လောက်ငှအောင် မထောက်ပံ့နိုင်ပါဘူး။
“သင်ထောက်ကူပစ္စည်းတွေရော နောက်သူတို့ သင်ကြားနေတဲ့ ဗလာစာအုပ်တောင် သူတို့က တစ်ခါတစ်လေကျရင် မလုံလောက်တာရှိတယ်။ တတ်နိုင်သလောက် ရှိတဲ့ဟာလေးပဲ ဝေမျှပြီး တော့မှ ကြိုးစားပြီး လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့် အခက်အခဲတွေကတော့ အမျိုးစုံပါပဲ”
သူတို့အတွက် စိုးရိမ်စရာနောက်တစ်ခုက ကျောင်းလုံခြုံရေးပါ။ စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက စာသင်ကျောင်းနဲ့ ဆေးရုံတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်လေ့ရှိပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအထိ စာသင်ကျောင်းပေါင်း ၁၀၃ ကျောင်းထက်မနည်း တိုက်ခိုက်ခံခဲ့ရပါတယ်။ စစ်မြေပြင်နဲ့ မဝေးတဲ့ ဒေါ်ကွာရက်စ်မာတို့ စစ်ဘေးဒုက္ခသည်စခန်းပတ်ဝန်းကျင်လည်း တိုက်ခိုက်ခံရဖူးပါတယ်။ ဒါကြောင့် ကလေးတွေမှာ လေကြောင်းရန်နဲ့ပတ်သက်တဲ့ မလုံခြုံမှုက အမြဲစိုးမိုးနေပါတယ်။
“သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက လေကြောင်းတစ်ခုပါပဲ။ လုံခြုံမှုမရှိဘူးပေါ့။ လာပြီဆိုလို့ရှိရင် တချို့ဆို ငိုကြတယ်။ အဲဒီလိုမျိုးပေါ့။ ကြောက်ပြီးတော့မှ ဒီအတိုင်း ထိုင်ငိုလိုက်တယ်။ ဘာမှ မလုပ်တော့ဘူး။ အဲဒီတစ်ခုတော့ ကလေးတွေအတွက် အဆင်မပြေဘူး”
အဲဒီလို အခက်အခဲတွေ အန္တရာယ်တွေ ရှိနေပေမယ့်လည်း ကလေးတွေရဲ့ ပညာရေးအတွက် ကြိုးစားပြီး ဆက်လုပ်သွားမယ်လို့ ဒေါ်ကွာရက်စ်မာက ပြောပါတယ်။
“မိသားစုပိုင်းမှာ ဆိုလို့ရှိရင်လည်း ဒီအတိုင်းပဲ အသက်ရှင်ခွင့်ရရင် ပြီးရော ဘုရားရဲ့ ဘုရားပေးတဲ့အတိုင်းပဲ နေမယ်ဆိုတဲ့ ပုံစံမျိုးပဲ ဖြစ်သွားတယ်။ ဘာရည်ရွယ်ချက်မှ မရှိတော့သလိုပေါ့နော်။ ဒါပေမယ့် ကလေးတွေအတွက်တော့ ကျမတို့ ကမ့်မှာနေတော့ ကလေးတွေအတွက်ပဲ ပိုပြီးတော့ ဦးစားပေးတယ်။ ကလေးတွေ ပညာရေးပိုင်းမှာ သူတို့ မဆုံးရှုံးသွားအောင်ပေ့ါနော်။ အသက်ရှင်ခွင့်ပေးတဲ့အတွက် ကျမတို့လည်း လုပ်နိုင်သလောက်ပဲ လုပ်သွားတော့မယ် ဆိုပြီးတော့ မှ အဲဒီအတိုင်းပဲ စေတနာထားပြီး လုပ်သွားတာမျိုးပဲရှိတယ်”
၂၀၂၅ ခုနှစ် မတ်လ ၁၀ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေအရ ကယားပြည်နယ်ထဲက ဒုက္ခသည်အရေအတွက် ၁၃၄၀၀၀ နီးပါးရှိတယ်လို့ ကုလသမဂ္ဂ စာရင်းဇယားတွေမှာ ဖော်ပြပါတယ်။ အဲဒီစစ်ဘေးဒုက္ခသည်တွေအတွက် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က စာသင်ကျောင်းတွေ ဖွင့်ပေးနေပြီး လက်ရှိ စာသင်နှစ်မှာ စာသင်ကျောင်း ၄၅၆ ကျောင်းဖွင့်လှစ်သင်ကြားနေပါတယ်။ ဆရာမ ဒေါ်ကွာရက်စ်မာတို့ ကျောင်းကိုလည်း IEC က ထောက်ပံ့နေပေမယ့် လုံလောက်တဲ့ထောက်ပံ့မှုမျိုးတော့ မပေးနိုင်ပါဘူး။ ဒါကြောင့် စစ်ဘေးဒုက္ခသည်ဖြစ်တဲ့ မိဘနဲ့ ဆရာတွေပေါင်းပြီး ကိုယ့်အားကိုယ်ကိုးဖြေရှင်းနေကြတာဖြစ်ပါတယ်။