စည်းကမ်းမဲ့ရွှေတူးမှုကြောင့် အင်းတော်ကြီးအိုင်တိမ်ကောမယ့်အရေးကို စိုးရိမ်နေရ

2022.07.13
စည်းကမ်းမဲ့ရွှေတူးမှုကြောင့် အင်းတော်ကြီးအိုင်တိမ်ကောမယ့်အရေးကို စိုးရိမ်နေရ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသတွင် ရွှေတူးဖော်နေမှုအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင် အနီးက မိုင်းနောင်၊ လုံးတုံ၊ မမုန်ကိုင် စတဲ့ ကျေးရွာတွေမှာ တရားမဝင် ရွှေတူးဖော်မှုတွေ အဆမတန်များလာပြီး ရွှေတူးရာကနေ စွန့်ပစ်တဲ့ အညစ်အကြေးနဲ့ ရွှံ့နွံတွေဟာ အင်းတော် ကြီးအိုင်ထဲကို စီးဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စက်ယန္တရားကြီးတွေနဲ့ နေရာဒေသ အကုန်လုံးကနေ တူးဖော်လိုက်တဲ့ ရွှံ့နွံတွေ အင်းတော်ကြီးအိုင်ထဲကို ဝင်လာတာ"

အရင်ကဆိုရင် အလျား ၁၄ မိုင်၊ အနံ ၇ မိုင်လောက် ကျယ်ဝန်းခဲ့တဲ့ အင်းတော်ကြီးအိုင်ဟာ အခု ရွှေတူးရာကနေ စီးဝင်လာတဲ့ ရွှံ့နွံတွေကြောင့် အနားပတ်ပတ်လည်တစ်လျှောက်မှာ အထဲကို တစ်မိုင်လောက်စီ ကျုံ့ဝင်သွားပြီလို့ မိုင်းနောင်ရွာသား ဦးဇော်ဝင်းက ပြောပါတယ်။

“လောလောဆယ် မျက်စိအမြင်မှာ စိုက်ပျိုးရေးမြေဧကတွေ ပျက်စီးတယ်။ ကမ္ဘာကြီးနဲ့ ဆိုင်တဲ့ ကမ္ဘာကြီးပိုင်တဲ့ အင်းတော်ကြီးအိုင် ပျက်စီးတယ်။ အင်းတော်ကြီးအိုင်က အစ တုန်းကဆိုရင် အလျားက ၁၄ မိုင်၊ အနံက ၇ မိုင်လို့ ပြောထားတာလေ။ အခုက အဲလိုမျိုး အကျယ်အဝန်းက မရှိတော့ဘူး။ အလွယ်တကူပြောမယ်ဆိုရင် အင်းတော်ကြီးအိုင်လို့ ပြောလို့ရတဲ့ ဧရိယာအနားသတ် နှုတ်ခမ်းနားမှာ သစ်ပင်တွေ၊ တောတွေရှိတယ်လေ။ အခု အဲဒီအနားသတ် နှုတ်ခမ်းဘက်တွေက စီးသွားတဲ့ နွံတွေ၊ ရွှံ့တွေက တစ်မိုင်လောက် ဝင်သွားတာကွ၊ ရွှံ့တောကြီးကလေ”

မမုန်ကိုင်ရွာသား ဦးကျော်ဝင်းကလည်း ရွှေလုပ်ကွက်တွေက စီးဝင်တဲ့ ရွှံ့နွံတွေကြောင့် အင်းတော်ကြီးအိုင်ရဲ့ အောက်ခြေကြမ်းပြင်ဟာ ပေ ၃၀ လောက် မြင့်တက်လာပြီး စတင် တိမ်ကောလာပြီလို့ RFA ကို ပြောပါတယ်။ “အင်းတော်ကြီးနဲ့ ပေ ခုနစ်ထောင်လောက် ပဲရှိမယ် အဝေးဆုံး ရွှေလုပ်ကွက်တွေကလေ။ စိုးရိမ်စရာက နွံဆင်းတယ်။ အရင်တုန်းက ၁၈ ပြန်ရှိတဲ့ရေဟာ အခု ၁၂ ပြန်ရှိတော့တာပေါ့လေ။ ၁၈ ပြန်ဆိုတော့ အတောင် ၆၀ (ပေ ၉၀) ကျော်နက်တဲ့ရေ၊ အခုက ၁၂ ပြန်ဆိုတော့ အတောင် ၄၀ (ပေ ၆၀) ကျော်ပဲ နက်တော့တာပေါ့လေ”

ကြီးမားကျယ်ပြန့်တဲ့ သဘာဝရေအိုင်ကြီးနဲ့ အမြဲစိမ်းသစ်တောတွေရှိတာကြောင့် အင်းတော် ကြီးဒေသကို ယူနက်စကို (UNESCO) ရဲ့ ဇီဝအဝန်းအဝိုင်းနယ်မြေအဖြစ် ၂၀၁၇ ခုနှစ်မှာ စာရင်းသွင်းခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အင်းတော်ကြီးဒေသမှာ တရားမဝင် ရွှေတူးဖော်မှုတွေ အဆမတန်များလာပြီး လက်ရှိမှာ စက်ယန္တရားကြီးတွေနဲ့ တူးဖော်တဲ့ ရွှေလုပ်ကွက် ၂၀၀ ကျော်နဲ့ အသေးစားလုပ်ကွက် ၁၅၀ လောက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလုပ်ကွက်တွေဟာ မိုးညှင်း-ဖားကန့် လမ်းမကြီးနဲ့ ၁၅ ပေလောက်အကွာအထိ တူးဖော်နေ တာကြောင့် ဒေသခံတွေရဲ့ လယ်ယာစိုက်ခင်းတွေ ထိခိုက်ပျက်စီးရသလို လမ်းပန်းဆက် သွယ်ရေးပါ ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။

လုံးတုံရွာသား ဦးဆိုင်းဆောင်ကလည်း စက်ယန္တရားကြီးတွေနဲ့ အဆမတန်တူးနေတဲ့ ရွှေ လုပ်ကွက်တွေဟာ အခုဆို လုံးတုံရွာနဲ့ ပေ ၁၀၀ လောက်ပဲ ဝေးတော့တယ်လို့ ပြောပါတယ်။

“တစ်ရက်ပြီးတစ်ရက် ရွာဘက်တအားနီးလာတာ။ အခုက ကျေးရွာနဲ့ တအားနီးလာ တယ်။ လမ်းနဲ့တအားနီးလာတယ်။ အခု လုံးတုံကျတော့ သင်္ချိုင်းကုန်းနားမှာ ရောက်နေ ပြီ။ မိုင်နဲ့ဆို ဖာလုံလောက်ပဲ လိုတော့တာ။ မမုန်ကိုင်ဆို ဘယ်လောက်ရှိလဲဆို ပေနဲ့ပဲ တိုင်းလို့ရမှာ။ ပေ ၁၀၀ လောက်ပဲ ဝေးတော့တယ်။ ဖာလုံတောင် မဟုတ်တော့ဘူး။ ပေနဲ့ကို တိုင်းလို့ရပြီ၊ ရွာနဲ့တအားနီးကပ်သွားပြီကိုး”

ရွှေကျင်းတစ်ကျင်းဟာ လယ်တစ်ဧကလောက် ကျယ်ဝန်းပြီး ရွှေတူးပြီးတဲ့နောက် ဒီ အတိုင်းစွန့်ပစ်ထားတဲ့ ကျင်းဟောင်းတွေကြောင့် ဒေသခံ ကလေးငယ်တွေနဲ့ ကျေးငှက် တိရစ္ဆာန်တွေအတွက်လည်း အန္တရာယ်ရှိတယ်လို့ သူက ပြောပါတယ်။

ဒေသခံတွေကတော့ မိုးညှင်းမြို့နယ်မှာ ရွှေတူးဖော်သူအများစုဟာ စစ်ကောင်စီရဲ့ ကချင် ပြည်နယ် အာဏာပိုင်တွေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို တာဝန်ရှိသူတွေကို ငွေပေးပြီး တရားမဝင် တူးဖော်နေကြတာလို့ ပြောပါတယ်။

ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ရွှေတူးတဲ့ကိစ္စနဲ့ ပတ်သက်လို့ သူမသိဘူးလို့ RFA ကို ပြောပါတယ်။

“အဲဒီအင်းတော်ကြီးဘက်မှာ တူးတယ်ဆိုတာကတော့ ကျနော်လည်း တိတိကျကျမသိ ဘူး။ ကျနော်ကတော့ ပေါ်လစီအတိုင်းပြောမယ်ဆိုလို့ရှိရင် ကေအိုင်အို ဗဟိုကော်မတီ ကနေတော့ ရွှေတူးဖော်တာကိုတော့ ပိတ်ပင်ထားတာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ခြံ တွေ၊ လယ်တွေ ယာတွေ၊ အများနဲ့ဆိုင်တဲ့ နေရာတွေကိုတော့ ကျနော်တို့ ရွှေတူးဖော်ဖို့ ပိတ်ပင်ထားတာဖြစ်ပါတယ်။ ဒါက ပေါ်လစီအရ”

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးဝင်းရဲထွန်းကလည်း အင်းတော်ကြီးဒေသမှာ ရွှေတူးဖော်တဲ့ကိစ္စကို သူ့အနေနဲ့ သေချာမသိရဘူးလို့ RFA ကို ပြောပါတယ်။

gold-mine.jpg
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသတွင် ရွှေတူးဖော်နေမှုအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ် (Photo: CJ)

Google Earth ကောင်းကင်မြေပုံကနေ တိုင်းထွာခန့်မှန်းချက်အရ အခုဆိုရင် အင်းတော် ကြီးဒေသမှာ မြေဧက ခြောက်ထောင်ကျော်လောက်ဟာ မြေစာပုံတွေအဖြစ် ပျက်စီးနေ ပြီလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအခြေအနေအတိုင်းသာ စက်ယန္တရားကြီးတွေသုံးပြီး စည်းကမ်းမဲ့ ဆက်တူးနေမယ် ဆိုရင် ယူနက်စကို အသိအမှတ်ပြု အင်းတော်ကြီးအိုင် တိမ်ကောပျောက်ကွယ်သွားမှာကို စိုးရိမ်မိတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတစ်ဦးက RFA ကို ပြောပါ တယ်။

“ဒီကျနော်တို့ရဲ့ အင်းတော်ကြီးအိုင်ဟာ ယူနက်စကိုကနေ သတ်မှတ်ထားတဲ့ နေရာပေါ့ နော်။ ပြီးလို့ရှိရင် အင်းတော်ကြီးအိုင်၊ မြန်မာပြည်မှာလည်း အထင်ရှားဆုံးဖြစ်တဲ့ အင်း တော်ကြီးအိုင်၊ အခုလိုပဲ စက်ယန္တရားကြီးတွေနဲ့ တူးဖော်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် အင်းတော်ကြီးအိုင်ဟာ အင်းတော်ကြီးအိုင်ဆိုတဲ့ နာမည်တစ်ခုပဲ သမိုင်းမှာကျန်ရှိမယ့် အခြေအနေရှိနေတာပေါ့။ ဘာကြောင့်လဲဆိုရင် စက်ယန္တရားကြီးတွေနဲ့ နေရာဒေသ အကုန်လုံးကနေ တူးဖော်လိုက်တဲ့ ရွှံ့နွံတွေ အင်းတော်ကြီးအိုင်ထဲကို ဝင်လာတာ။ အချိန် ကြာလာတဲ့အခါ အင်းတော်ကြီးအိုင်ဟာ နွံအိုင်ကြီးအဖြစ် ပြောင်းလဲသွားနိုင်တာပေါ့။ အဲဒါကို ကျနော်တို့ကကို စိုးရိမ်နေတာဖြစ်တယ်”

NLD အစိုးရလက်ထက်မှာ သတ္တုတွင်းဦးစီးဌာနကနေ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ ခုမှာ အသေးစား ရွှေလုပ်ကွက် (၂၂၃) ကွက်နဲ့ လက်လုပ်လက်စား ရွှေလုပ်ကွက် (၂၆၂) ကွက်ကို ၂၀၂၀ မေလကုန်အထိ လုပ်ကိုင် ခွင့်ချပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ အင်း တော်ကြီးဒေသ မပါဝင်ဘူးလို့လည်း ကချင်ပြည်နယ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးလှုပ်ရှားသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။