အလှမ်းဝေးနေတဲ့ မြောက်ဦးမြို့ ယူနက်စကိုခရီး

RFA Burmese
2023.10.16
အလှမ်းဝေးနေတဲ့ မြောက်ဦးမြို့ ယူနက်စကိုခရီး ရခိုင်ပြည်နယ် မြောက်ဦးမြို့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းသမိုင်းဝင် မြောက်ဦးမြို့မှာ ရခိုင်ဘုရင်တွေလက်ထက်က တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းစေတီ ပုထိုးတွေ၊ ကျောက်ဆစ်လက်ရာတွေနဲ့ ရှေးခေတ်က စစ်ရေးဗျူဟာအတွက် တည်ဆောက်ခဲ့တဲ့ မြို့ရိုး တံတိုင်း၊ ကျုံး၊ ခံတပ်တွေနဲ့ နန်းရာကုန်း စတဲ့ရှေးဟောင်း အမွေအနှစ်တွေဟာ ဒီနေ့အထိ အထင်အရှားရှိနေပါတယ်။

ဒီရှေးဟောင်းအမွေအနှစ်တွေကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက စတင်ကြိုးပမ်းခဲ့ကြတာပါ။ ဒါပေမဲ့ ဒီနေ့အထိ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ ခက်ခဲနေဆဲပဲလို့ ကြိုးပမ်းနေသူတွေက RFA ကို ပြောပါတယ်။

"စေတီတွေကို နွားတွေတက်တယ်။ ကျောက်တွေ ပြိုကျတယ်။ တစ်နေရာတည်း မဟုတ်ဘူး"

အချိန်ကြာလာတာနဲ့အမျှ အမွေအနှစ်တွေ ပျက်စီးနေရတယ် ယူနက်စကို စာရင်းဝင်နိုင်ရေး ကြိုးပမ်းနေတဲ့ မြောက်ဦးဒေသ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောပါတယ်။

“ကျွန်မတို့ အခက်အခဲဖြစ်ဖို့ အများကြီးမြင်မိပါတယ်။ ကျွန်မတို့မှာ ၂၀၁၇ ခုနှစ်ကရှိခဲ့တဲ့ ချောင်းတွေ အခုမရှိတော့ဘူး။ ၂၀၁၇ ခုနှစ်က ရှိခဲ့တဲ့ တောင်တွေ အခုတော့ တစ်ခြမ်းပဲ့ သွားတာတွေ တောင်တွေကို ဖြိုပြီးတူးကြတာ။ နောက်တစ်ခုကျတော့ အဲဒီတောင်တွေကို တူးပြီးထွက်လာတဲ့ မြေတွေနဲ့ ကျုံးတွေကို ဖို့လိုက်တာ ကျွန်မတို့မှာ ပြစရာကျုံးတွေ ခက်ခဲသွားပြီ။ အဲဒီကျုံးတွေထဲမှာ အိမ်တွေကလည်း ဆောက်ကြတယ်။ ဆိုတော့ ၂၀၁၇ ခုနှစ်က မြင်ကွင်းတွေ အခု ၂၀၂၃ မှာ မရှိတော့ဘူး။ ဆိုတော့ ကျွန်မတို့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ကို တင်ခဲ့တုန်းက ပုံတွေနဲ့ အခုနဲ့ အများကြီးကွာခြားသွားတယ်။ အဲဒီအတွက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖွဲ့က အကြီးအကဲတွေ လာစစ်တဲ့အခါမှာ ဘယ်လို ဖြေရှင်းမလဲ ကျွန်မတို့ မပြောတတ်ဘူး”

ကမ္ဘာ့အမွေအနှစ်စာရင်းအတွက် အဆိုပြုလွှာ မူကြမ်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာရှိတဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဗဟိုဌာန (UNESCO World Heritage Center) ကို တင်သွင်းခဲ့ပြီး အပြီးသတ်မူကိုတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ တင်သွင်းခဲ့တာပါ။ အဲဒီ အဆိုပြုလွှာအတွက် ပြည်ပက ကျွမ်းကျင်ပညာရှင်တွေငှားရမ်းပြီး ကွင်းဆင်းပြုစုခဲ့ကြတာလို့လည်း ဆိုပါတယ်။ အဆိုပြုလွှာတင်ပြီးနောက် ဒုတိယအဆင့် အနေနဲ့ ယူနက်စကိုအဖွဲ့က ကွင်းဆင်းစစ်ဆေးရမှာဖြစ်ပေမယ့် ဒီနေ့အထိ လာရောက် မစစ်ဆေးဘဲ ကြန့်ကြာနေတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာရှိတဲ့ ယူနက်စကိုအဖွဲ့ရုံးတွေကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားတာ မရှိပါဘူး။ ဒေသခံတွေကတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ စတင်ကြိုးစားချိန် နောက်ပိုင်းမှာ ဒေသတွင်း တိုက်ပွဲတွေဖြစ်ပွားလာတဲ့အပြင် ကိုဗစ် ကပ်ဘေးနဲ့ စစ်တပ်ကအာဏာသိမ်းမှုတွေကိုပါ ဆက်တိုက်ကြုံခဲ့ရတာကြောင့် နှောင့်နှေးနေတာလို့ သုံးသပ်ပြောဆိုကြပါတယ်။

လက်ရှိမှာတော့ မြောက်ဦးမြို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေဟာ နေ့စဉ်နဲ့အမျှ ထိခိုက်မှုတွေနဲ့ ကြုံနေရတယ်လို့လည်း မြောက်ဦးမြို့ခံ ဦးလှကြီးက RFA ကို ပြောပါတယ်။

“အခု မြောက်ဦးမြို့ရဲ့ အတိုင်းအတာကတော့ နေ့စဉ်နဲ့အမျှ ပြိုပျက်နေတယ်လို့မြင်တယ်။ စေတီတွေကို နွားတွေတက်တယ်။ ကျောက်တွေ ပြိုကျတယ်။ တစ်နေရာတည်း မဟုတ်ဘူး။ ကျောက်တွေ၊ အုတ်ကျိုးတွေ တောင်ပေါ်ကပြုတ်ကျနေတာ။ နေတိုင်းလိုလို ပြိုပျက်နေတယ်လို့ ခံစားနေရတယ်။ ယူနက်စကိုဝင်ရင်တော့ အဲဒီလို ပြိုတာတို့၊ ပျက်တာတို့၊ ပျောက်တာတို့တော့ လွတ်မယ်လို့ ယူဆတယ်”

မြောက်ဦးမြို့ကို အေဒီ ၁၅ ရာစုမှာ ရခိုင်ဘုရင်မင်းစောမွန် တည်ထောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၆၀၀ နီးပါး သက်တမ်းကြာမြင့်နေပါပြီ။

ရခိုင်ပြည်နယ် မြောက်ဦးမြို့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရခိုင်ပြည်နယ် မြောက်ဦးမြို့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါကြောင့် ရခိုင်ဘုရင်တွေလက်ထက်မှာ တည်ဆောက်ခဲ့တဲ့ အဲဒီအမွေအနှစ်တွေဟာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်တယ်ဆိုတာကို အပြည့်အဝယုံကြည် နေတယ်လို့ မြောက်ဦးမြို့ ဘုရားပေါ်ကျောင်းတိုက် ဆရာတော် ဦးမဟိန္ဒက မိန့်ပါတယ်။

“မြောက်ဦးမြို့ဟာ ယူနက်စကိုဝင်ထိုက်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ မြောက်ဦးမှာ အဓိကသော့ချက်ဖြစ်တဲ့ ဘုရင်စနစ်၊ ခံတွေတွေဟာ သိသိသာသာရှိတယ်။ မြောက်ဦးမြို့ရဲ့ ရေခံမြေခံ ခြံတပ်တွေရှိတယ်။ ကျုံးတွေ၊ တောင်တွေ၊ ရေကျုံးတွေ၊ ရွှံ့ကျုံးတွေ ပြီးရင် ရေခံတပ်တို့ ကျုံးခံတပ်တို့ရှိတယ်။ အဲဒါတွေကို ယူနက်စကို ဝင်လို့ရှိရင် ပြန်ပြီးဖော်ဆောင်နိုင်လာမယ်လို့ ယုံကြည်တယ်”

မြောက်ဦးမြို့သာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်လို့ရှိရင် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်လာနိုင်မှာဖြစ်တဲ့အတွက် ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးဆုံးရှုံးနေမှု အန္တရာယ်ကနေ ကာကွယ်နိုင်မယ်လို့လည်း ဆရာတော်က မိန့်ဆိုပါတယ်။

လက်ရှိမှာတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ကြန့်ကြာနေတာကြောင့် ဒေသခံတွေအနေနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို တတ်နိုင်သလောက် ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ရေး ကြိုးပမ်းနေသူတွေက နှိုးဆော်ပြောကြားနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။