မူဆယ်မြို့နယ်က ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဖြတ်စခန်းဖွင့်
2019.06.23
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲတာ များပြားလာတာကြောင့် ကိုယ်ထူကိုယ်ထ ဘိန်းဖြတ်စခန်း ဖွင့်ထားရပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုရဲထက်က တင်ပြထားပါတယ်။
■ မူဆယ်မြို့နယ် နမ့်ကက်ကျေးရွာအုပ်စု မိုင်းဆက်ကျေးရွာမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး စခန်းနာမည်ကိုတော့ ပလောင်ဘာသာနဲ့ နာမည်ပေးထားကာ မြန်မာလိုဆိုရင်တော့ သွေးသစ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ အကျင့်စာရိတ္တပြုပြင်ရေး စခန်းဆိုပြီး အမည်ပေးထားပါတယ်။
အခုလ အစောပိုင်း ဇွန်လ ရှစ်ရက်နေ့ကစလို့ ဒေသအတွင်းက လူတွေနဲ့ ကော်မတီဖွဲ့ပြီး ဖွင့်ထားရတဲ့အကြောင်း စခန်း ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကိုမိုင်းဘသန်းက ပြောပါတယ်။
"တိုင်းရင်းသားအားလုံး ခွဲခြားပြီးတော့ မလုပ်ဘူး၊ ကျနော်တို့ တအန်းတိုင်းရင်းသား တော်တော်များများ သူတို့ပဲ ဦးစားပေးပြီးတော့ ပထမဦးဆုံးအနေနဲ့ သူတို့ကို ခေါ်ပြီးတော့ လာဖြတ်တာရှိတယ်၊ နေရာလည်း ကျဉ်းတယ်၊ အခက်အခဲတွေလည်း အများကြီးရှိတယ်၊ ကိုယ်ထူကိုယ်ထဆိုတော့ ဒီအုပ်စုအတွင်းက လူတွေပဲ ပထမဦးစားပေးခေါ်တာပဲရှိတယ်၊ နမ့်ကိုက်၊ ပန်ဆပ်၊ ပန်ဟုတ်၊ မန်ကန်ပေါ့ ဒီအုပ်စုထဲမှာ မူဆယ်မြို့နယ်အတွင်းမှာ ဆွန်စော်လည်း ပါတယ်"
ဒေသအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ လူငယ်တွေဖြစ်ပြီး အလွန်ကို များပြားလွန်းတယ်လို့ စခန်းရဲ့ နာယက ဦးကျော်ရင်က ပြောပြပါတယ်။
"အများအားဖြင့်က လူငယ်တွေ များတယ်၊ တချို့ကျတော့ ၁၈ နှစ်တောင်မပြည့်ဘူး ၁၄၊ ၁၅၊ ၁၆ အများဆုံး အဲလိုဖြစ်နေတာ၊ မူးယစ်ဆေးဝါးသုံးစွဲပြီးမှ ပညာရေးကလည်း တပိုင်းတစ်စ ကျောင်းလည်းဆက်မတက်တော့ ဒီမူးယစ်ဆေးဝါးသုံးစွဲပြီးတော့ ဘဝပျက်သွားတဲ့လူတွေ အများကြီးရှိတယ်၊ သေနတ်သံတစ်ချက်မှ မကြားရဘဲနဲ့ လူတွေက တဖြည်းဖြည်းနဲ့ သေသေကုန်တာ၊ နမ့်ကိုက်အုပ်စုအတွင်းထဲမှာရှိတဲ့ လူငယ်တွေပေါ့၊ အားလုံး ၂၀၀ ရှိတယ်ထားပါတော့ ဆေးသုံးစွဲတဲ့သူက ၁၅၀၊ ၁၆၀ လောက်ရှိတယ်၊ အဲလောက်ထိဖြစ်နေတာ အနိမ့်ဆုံးကတော့ ရာမဆေးပြား သုံးတဲ့လူတွေရှိတယ် နောက်ဆုံး ဆလင်းတွေ ထိုးတဲ့အဆင့်ထိတောင်ရောက်တယ်"
အဲဒီမူးယစ်ဆေးဝါးတွေဟာ ပန်ဆေးဒေသနဲ့ ၀ ဒေသတွေကနေ လာတာလို့လည်း သူကပြောပါတယ်။ စဖွင့်ဖွင့်ခြင်း မူးယစ်ဆေးဝါး ဖြတ်တဲ့သူ ၂၉ ယောက်ရှိပြီး သူတို့သဘောနဲ့သူတို့ စခန်းကို ဆေးလာဖြတ်ကြတာလို့ မူးယစ်ဆေးဖြတ်နေတဲ့ ကိုထွန်းအေးက ပြောပါတယ်။
"နာမည်က ထွန်းအေး နမ့်မိုက်ရွာက ၂၀၀၉ ကတည်းက စသုံးစွဲတာ၊ သူငယ်ချင်းနဲ့ပျော်ရင်းနဲ့ သုံးမိတာ ပေါ့နဲ့ပဲစွဲတာ တစ်ခါစွဲ တစ်ထောင်နှစ်ထောင်ပေါ့၊ နောက်ဆို တစ်နေ့ နှစ်ပုလင်းကုန်တယ်၊ ဆေးသုံးစွဲတော့ မိသားစုနဲ့ကွဲသွားပြီးမှ နောက်ပိုင်း တစ်ယောက်တည်းနေဖြစ်တယ် ခုထိပဲ၊ ကိုယ့်စိတ်နဲ့ကိုယ် လာဖြတ်တာ"
နောက်ထပ် ဆေးဖြတ်နေတဲ့ ကိုညီကလည်း သူ့ရဲ့ အခြေအနေကို ခုလို ပြောပါတယ်။
"သုံးလိုက်ဖြတ်လိုက်နဲ့ နှစ်ပေါင်း ၁၅ နှစ်လောက်ရှိသွားပြီ၊ ရှုတာ၊ ပေါ့စွဲတာ မိသားစုလည်းကွဲကုန်ပြီ ဖြတ်တဲ့အချိန်ကျတော့ နည်းနည်းတော့ခံစားရတယ်၊ ဆေးသောက်တာနည်းရင် ဘိန်းယင်းမထိဘူးလေ၊ များလို့ရှိရင် ကြွက်ဆေးစားသလိုလိုပဲ၊ ကြောင်သလိုနဲ့ပြေသွားတာ ပြတ်ပြီးရင်ဆို လူကောင်းလုပ်မယ် စီးပွားရေးလုပ်မယ်"
ကော်မတီကနေ ဆေးဖြတ်တဲ့သူတွေအတွက် နေထိုင်စားသောက်ရေး စီစဉ်ပေးတဲ့အပြင် ဆေးကုသပေးဖို့ ဒေသခံ ဆေးဝန်ထမ်းတစ်ယောက်ကိုလည်း အကူအညီတောင်းထားတယ်လို့ ပြောပါတယ်။ မူးယစ်ဆေးစွဲတဲ့သူတွေကို ဆေးကုပေးရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံ ဆရာမ ဒေါ်အေဆေးကလည်း ခုလို ပြောပြပါတယ်။
"ဘိန်းဖြတ်ဆေးမပေးရင် သူတို့က စိတ်မထိမ်းနိုင်ဘဲ ထွက်ပြေးသွားမှာစိုးလို့ ယင်းသိပ်မကြီးတဲ့သူဆိုရင် သုံးရက်ပေါ့၊ သုံးရက်ဆိုရင်တော့ ပြတ်ပြီ၊ အဲဒီဆေးမပေးတော့ဘူး တချို့ယင်းကြီးတဲ့ များများသုံးတဲ့တစ်ယောက်ဆိုရင် ငါးရက်ပေါ့၊ အဲဒီဘိန်းဖြတ်တဲ့ ဒဏ်တွေပေါ့၊ ဝမ်းလျော ဝမ်းပျက်တယ် အထက်လှန်အောက်လျှောဖြစ်တယ်၊ ထုံးစံပဲ အထက်လှန်အောက်လျှောဖြစ်တာ တအားဖြစ်ရင်တော့ ဝမ်းပိတ်ဆေးပေးတာ လေးထိုးရင်တော့ လေဆေးပေးတယ်"
အစပထမမှာ နေထိုင်စားသောက်ရေးနဲ့ ကုသရေးအပိုင်းပဲ လုပ်နိုင်ပြီး ပညာပေးအစီအစဉ်တွေနဲ့ ကျန်းမာရေးအရ အားကစား လှုပ်ရှားတဲ့ အစီအစဉ်တွေကိုတော့ မလုပ်နိုင်သေးဘဲ ပြင်ပအကူအညီတွေ လိုအပ်တယ်လို့လည်း သိရပါတယ်။ မူးယစ်ဆေးသုံးစွဲသူများလာတာကြောင့် မကောင်းမှုဒုစရိုက်တွေလည်း ဒေသတွင်းများလာတယ်လို့ ဦးကျော်ရင်က ဆက်ပြောပြပါတယ်။
"တစ်နေ့ရှာတစ်နေ့စားတဲ့လူတွေကတော့ နေ့တိုင်းပုံမှန်ဝင်ငွေ မရတဲ့အခါကျတော့ သူများဟာ လိုက်ခိုးပြီ၊ တချို့ကျတော့လည်း အိမ်ကရှိတဲ့ ပစ္စည်းတွေကို ဓါးကအစ တစ်ထောင်နှစ်ထောင်လောက်ရှိတဲ့ ပစ္စည်းတွေတောင် တစ်ခုမကျန်အကုန်ရောင်းပြီးမှ နောက်ဆုံးရောင်းစရာမရှိတော့မှ သူများဟာ လိုက်ခိုးတော့တာ ခိုးလို့ရရင်ခိုးတယ် မရရင် လိုက်လုကြတယ် ဓါးထောက်ပီးမှ လုတာမျိုး"
၂၀၁၁ ခုနှစ်လောက်က ဒေသခံအာဏာပိုင်တွေအနေနဲ့ မူယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတာတွေကို နှိမ်နင်းခဲ့ပေမယ့် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ နယ်မြေအခြေအနေအရ သက်ဆိုင်ရာဌနာတွေက မနှိမ်နင်းနိုင်ကြဘူးလို့လည်း သူက ပြောပါတယ်ခင်ဗျာ။