ဧရာဝတီတိုင်းမှာ ပထမဆုံး ဖွင့်လိုက်တဲ့ မူးယစ်ဆေးနဲ့ အရက်ဖြတ်စခန်း
2024.12.18

မူးယစ်ဆေးဝါးကို ဖောဖောသီသီ ရောင်းဝယ်ဖောက်ကား သုံးစွဲမှုတွေကို ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေက နယ်စပ် မြို့တွေ၊ ရွာတွေလောက်မှာပဲ တွင်တွင်ကျယ်ကျယ်ရှိခဲ့ပေမဲ့ အခုနောက်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေမှာပါ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ပိုများလာပါတယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှာ မူးယစ်ဆေးနဲ့ အရက်ဖြတ်စခန်းတစ်ခု ပေါ်ပေါက်နေပါတယ်။
“ရေချိုးကြမယ်ဟေ့ ရေချိုးပြီး ထမင်းစား၊ ထမင်းစားပြီးရေချိုး၊ ရေချိုးပြီး ထမင်းစား၊ ထမင်းစားပြီး ရေချိုး”
အခုလို ပြောနေကြတာတော့ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာ၊ တာပတ်ကလေးရပ်ကွက်မှာ ဖွင့်ထားတဲ့ မူးယစ်ဆေးနဲ့ အရက်ဖြတ်စခန်းတစ်ခုမှာ ဆေးကုဖို့ ရောက်နေကြတဲ့ နယ်ပယ်စုံက လူတွေဖြစ်ပါတယ်။
ဒီနေရာကို ဦးဆောင်ဖွင့်ထားတဲ့သူကတော့ နယ်လှည့်ကုသိုလ်ပြု နှလုံးလှဆရာဝန်များအဖွဲ့က အသက် ၄၇ နှစ်အရွယ် တေးရေး မင်းကို ခေါ် အဆိုတော် မင်းခေတ်မင်း ဖြစ်ပါတယ်။ သူက ဇနီးသည်နဲ့အတူ သားသမီး ခုနစ်ဦးနဲ့ အဲဒီရပ်ကွက်မှာနေပြီး မူးယစ်ဆေးနဲ့ အရက်ဖြတ်စခန်းကို သူ့အိမ်မှာပဲ ပြီးခဲ့တဲ့စက်တင်ဘာကမှ စပြီးဖွင့်ခဲ့တာပါ။ နိုဝင်ဘာလကုန်လောက်မှာတော့ မူးယစ်ဆေးနဲ့ အရက်စွဲနေတဲ့သူ ၇၈ ဦးကို အခမဲ့ဖြတ်ပေးပြီးသွားပါပြီ။
“ကျွန်တော်တို့ မူးယစ်ဆေးနဲ့ အရက်ဖြတ်တဲ့ ဆေးတော်ကြီးကို တိုက်ပြီးပြီဆိုလို့ရှိရင် ၂၄ နာရီလုံးမှာ သူက သုံးနာရီခြားတစ်ချိန် ရေချိုးပေးရတယ်။ ဘာဖြစ်လို့ချိုးရလဲဆိုတော့ ဆေးတော်ကြီးက ခန္ဓာကိုယ်ထဲမှာရှိတဲ့ မူးယစ်ဆေးဝါးအဆိပ်တွေ၊ အရက်အဆိပ်တွေပေါ့။ ရှိသမျှအဆိပ်တွေ အကုန်လုံးကို ထုတ်ပေးတာ၊ ချိုင်းကြားတွေအကုန်လုံး မွှေးညှင်းပေါက်တွေကနေမှ အဆိပ်တွေ ထုတ်ပေးတာ ဖြစ်တဲ့အတွက် ရေချိုးပေးရခြင်း ဖြစ်တယ်”
ဆေးဖြတ်နေတဲ့သူတွေဟာ ရေခဏခဏ ချိုးရသလို တစ်ရက်ကို ခုနစ်ကြိမ်၊ ရှစ်ကြိမ် ထမင်းစားတယ်လို့ ပြောပြပါတယ်။
ဆေးကို ဖော်စပ်တဲ့သူက ကချင်ပြည်နယ်၊ မိုးညှင်းမြို့က သဒ္ဓမ္မဇောတိကဓဇ၊ မဟာပရဟိတဓရ၊ ရွှေရင်ကျော်ဆရာကြီး ဦးငွေသိမ်းမင်း ဖြစ်ပါတယ်။ ဒီဆေးဟာ သဘာဝ သစ်ဥသစ်မြစ်တွေနဲ့ ဖော်စပ်ထားတဲ့ မြန်မာ့ရိုးရာဆေးဖြစ်ပြီး နှစ်ပေါင်း သုံးဆယ်ခန့် အရက်ကို စွဲစွဲလန်းလန်း သောက်လာခဲ့တဲ့သူတွေ၊ မူးယစ်ဆေး စွဲနေတဲ့သူတွေကို ဆယ်ရက်ခန့်နဲ့ ဖြတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ကိုမင်းကိုရဲ့အဖေက မူးယစ်ဆေးစွဲပြီး သေဆုံးခဲ့တဲ့အတွက် သူ့အဖေလို လူတွေကို ကုပေးနိုင်အောင် ဦးငွေသိမ်းမင်းဆီက ပညာတွေသင်ပြီး ပန်းတနော်မြို့မှာ လာဖွင့်တာလို့ ပြောပါတယ်။
“ငယ်ငယ်တုန်းကဆိုလို့ရှိရင် ဆေးသမားသား၊ ဖိုးသမားသား ဆိုပြီးတော့မှ အပြောခံခဲ့ရတယ်။ ငယ်ငယ်လေးနဲ့ လွယ်အိပ်လေးနဲ့ ငိုပြီးတော့မှ ကျောင်းကနေ ပြန်လာခဲ့ရတာမျိုး အကြိမ်ကြိမ်ပေါ့နော်။ အဲဒီခံစားချက်တွေက ငယ်ငယ်ကတည်းကနေ ကြီးတဲ့အထိ အရိုးစွဲပြီးတော့ အသည်းနာခဲ့ရတာ။ ငါ အရွယ်ရောက်လို့ရှိရင် မူးယစ်ဆေးသမားတွေ၊ အရက်သမားတွေကို ဖြတ်ပေးနိုင်တဲ့သူတစ်ယောက်၊ မူးယစ်ဆေးတွေ၊ အရက်တွေကိုကင်းစင်တဲ့ နယ်မြေဒေသတွေဖြစ်အောင် ကြိုးစားမယ်။ ကိုယ့်သားသမီးတွေ ကျလို့ရှိရင်လည်း ကိုယ့်လို အပြောမခံရအောင် မူးယစ်ဆေးသမား မဖြစ်အောင်၊ ကိုယ့်အဖေဟာ စံပြတစ်ယောက် ဖြစ်နေအောင် မူးယစ်ဆေးနဲ့ အရက်ဖြတ်တဲ့စခန်းကို ကျွန်တော် အိမ်ထောင်ကျတဲ့ ဧရာဝတီတိုင်း၊ ပန်းတနော်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်”
ဆက်နွှယ်သောသတင်းများ
စစ်ကောင်စီလက်ထက် ပိုမိုကြီးထွားလာတဲ့ မူးယစ်ဆေးဝါးပြဿနာ
အခက်အခဲကြား ရုန်းကန်နေရတဲ့ ရှမ်းမြောက်ဒေသ မူးယစ်ဆေးဖြတ်လုပ်ငန်း
အနာဂတ်ကို ပြန်တည်ဆောက်ပေးလိုတဲ့ မြစ်ကြီးနားက ဘိန်းဖြတ်စခန်း
အရက်ဖြတ်လိုက်ပြီးခဲ့တဲ့အခါမှာ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ ယုံကြည်မှုတွေ၊ ဖော်ရွေမှုကို ပြန်ရလိုက်တယ်လို့ အရက်ကို နှစ်ပေါင်း နှစ်ဆယ်ခန့် စွဲစွဲမြဲမြဲသောက်ခဲ့ရာကနေ ဒီနေရာမှာ ဆေးကုသခံနေတဲ့ ကိုနေဇော်က ပြောပါတယ်။
“အရက်သောက်တုန်းကဆိုရင် ကျွန်တော့်ကို အဖေနဲ့အမေ၊ လုံးဝ မယုံကြည်တဲ့ဇနီးကပါအစ မရဖူးတဲ့အခွင့်အရေးတွေ၊ ဂရုစိုက်မှုလေးတွေ အဲဒါလေးတွေ ပြန်ရလိုက်တယ်။ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေကို ပြန်ရလိုက်တော့ ဝမ်းသာတယ်။ အရက် ဖြတ်ပေးလိုက်တဲ့ ဆရာတွေရဲ့ကျေးဇူးတွေက အများကြီးပဲ။ ဒီအချိန်မှာ ဆရာတို့ပေးလိုက်တဲ့ အသက်ပဲ ရှိတော့တာ။ အဖေအမေပြီးရင်တော့ ဆရာတွေပဲ ရှိတော့တာပါ။ ကျေးဇူးလည်း အများကြီးတင်ပါတယ်”
သီလရှင်ဘဝနဲ့ နေထိုင်တဲ့ မအင်ကြင်းလို့ ဒီဆောင်းပါးမှာ အမည်လွှဲထားတဲ့ ဆရာလေးကလည်း အရက်ကို အပျော်သောက်ရင်းကနေ စွဲလန်းလို့ ဘဝပျက်မတတ်ဖြစ်ခဲ့ပြီး ဒီစခန်းကြောင့် အချိန်မီ ရုန်းထွက်နိုင်ခဲ့တာလို့ ပြောပြပါတယ်။
“သူငယ်ချင်းတွေနဲ့ သွားသွားလာလာ သောက်တယ်။ နည်းနည်းကနေ များများ သောက်ဖြစ်လာတယ်။ ပြီးတော့ အရက်ရဲ့ကျေးကျွန် ဖြစ်လာတယ်။ မသောက်ရဘဲလည်း မနေနိုင်ဘူး။ နေ့လည်းသောက်တယ်၊ ညလည်း သောက်တယ်၊ ၂၄ နာရီလုံးလုံး သောက်တယ်၊ မိုးလင်းလာတာနဲ့ အရက်နဲ့ပဲ မျက်နှာသစ်တယ်။ အဲဒီလောက်ထိအောင် အရက်ရဲ့ကျေးကျွန် ဖြစ်သွားခဲ့တာ။ ကိုယ့်ကို ယုံကြည်မှု ကင်းမဲ့တယ်ဆိုတဲ့အကြောင်း ဆရာတော်တွေရဲ့ သွန်သင်ဆုံးမမှုကြောင့် အရက်ဖြတ်စခန်းကို ရောက်လာခဲ့တာ။ အရက်ဖြတ်တာ ပြတ်သွားတယ်။ ပြတ်သွားအောင် လုပ်ပေးတဲ့ ဆရာတော့်ရဲ့ကျေးဇူးကို ဆပ်ချင်လို့ သာသနာ့ဘောင်ထဲမှာ အခု ဝင်နေလိုက်ပါတယ်”
ကုမ္ပဏီတစ်ခုမှာ နှစ်နဲ့ချီပြီး အလုပ်လုပ်ခဲ့တဲ့ ကိုဟိန်းဇော်ကလည်း အရက်ကြောင့် ရာထူးတိုးမဲ့ အခွင့်အရေးတွေ ဆုံးရှုံးလိုက်ရတဲ့အတွက် အသိတရားဝင်ပြီး ဒီစခန်းမှာ အရက်ဖြတ်နေတာ တွေ့ရပါတယ်။
“အလုပ်အချိန်ထဲတောင် မဖြစ်မနေ သောက်လာတဲ့အချိန်မျိုးကျတော့ အယုံအကြည် မရှိကြတော့ဘူး။ ကိုယ်ရရမဲ့ရာထူးလို နေရာမျိုးတွေတောင်မှ ကျွန်တော့်ကို မပေးဘဲနဲ့ တခြားသူကို ပေးလိုက်တဲ့ပုံစံမျိုးတွေ ရှိလာတယ်။ အဲဒါကြောင့် ကျွန်တော်လည်း နှစ်တွေ အများကြီး လုပ်လာခဲ့ပြီး၊ ပေးဆပ်ခဲ့ပြီးမှ ရာထူးရဖို့အတွက် ဒီအရက်ကြောင့် မရလိုက်တာဘဲဆိုပြီး စိတ်နာလို့ အရက်ကို ဖြတ်လိုက်တာပါ”
အရက်တို့ မူးယစ်ဆေးတို့ ပြတ်ဖို့အတွက် ဆေးတိုက်တဲ့အပြင် ကိုယ်ကာယ လေ့ကျင့်တဲ့ကျန်းမာရေးနည်းတွေနဲ့ ဘာသာရေးနည်းတွေနဲ့ပါ ကုပေးတယ်လို့ စခန်းတာဝန်ခံ ကိုဟိန်းထက်ဦးက ပြောပါတယ်။
“မူးယစ်ဆေး ဖြတ်တဲ့အချိန်မှာ ကျွန်တော်တို့ဆီမှာရှိတဲ့ စခန်းသွင်း ဆယ်ရက်အချိန်လေးအတွင်းမှာ သူတို့ စိတ်ကလေးတွေ တည်ငြိမ်လာအောင် အရင်ကဆိုးခဲ့၊ မိုက်ခဲ့၊ သောက်ခဲ့၊ ရမ်းခဲ့တဲ့စိတ်တွေကိုလည်း ပျောက်သွားအောင် သူတို့ကို တရားထိုင်တာ၊ ပုတီးစိပ်တာ၊ ဘုရားရှိခိုးတာ နေ့တိုင်း ပြုလုပ်ရပါတယ်ခင်ဗျ”
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ဆရာကြီး ဦးငွေသိမ်းမင်းရဲ့နည်းနဲ့ ကုပေးတဲ့ မူးယစ်ဆေးနဲ့ အရက်ဖြတ်စခန်းပေါင်း ကိုးဆယ်ကျော်ရှိပြီး အဲဒီစခန်းတွေကနေ ဖြတ်ပေးခဲ့တဲ့သူ ကိုးသောင်းကျော် ရှိသွားပြီလို့ ပြောပါတယ်။ ကိုမင်းကိုကလည်း အလှူရှင်ရရင်ရသလို အရက်နဲ့ မူးယစ်ဆေးစွဲတဲ့သူတွေကို ဆက်ဖြတ်ပေးသွားမယ်လို့ ပြောပါတယ်။
(မှတ်ချက်။ ခေတ်သစ်ဆေးသိပ္ပံပညာ လေ့လာချက်များအရ မူးယစ်ဆေးစွဲခြင်းသည် နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး တိကျသည့်ကုထုံး မရှိသေးသော်လည်း အကောင်းဆုံးနည်းလမ်းမှာ တစ်ဦးချင်းစီ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း ဖြစ်ကြောင်း ဆေးပညာရှင်များက တိုက်တွန်းထားပါသည်။)