အခက်အခဲကြား ရုန်းကန်နေရတဲ့ ရှမ်းမြောက်ဒေသ မူးယစ်ဆေးဖြတ်လုပ်ငန်း

ကွတ်ခိုင်မြို့က ဟေဗြုန် မူးယစ်ဆေးဖြတ်စခန်းရဲ့ အုတ်တိုက်တစ်ခုထဲမှာ မူးယစ်ဆေးစွဲ လူနာတစ်ယောက် လဲလျောင်းနေပါတယ်။ မူးယစ်ဆေးဝေဒနာကို အန်တုရင်း အပြင်က လူငယ်တွေ သီဆိုနေတဲ့ ဘာသာရေးသီချင်းကို နားစွင့်နေပုံရပါတယ်။
သူဟာ နှစ်နဲ့ချီ မူးယစ်ဆေးသုံးစွဲခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဒီဆေးဖြတ်စခန်းကို ရောက် လာသူဖြစ်လို့ စခန်းတာဝန်ခံ ဦးအောင်မိုင်တို့ ဇနီးမောင်နှံအနေနဲ့ ဂရုတစိုက် စောင့်ကြည့် နေရပါတယ်။
ဆေးစဖြတ်သူတွေကို ဆုတောင်းခန်းလို့ အမည်ပေးထားတဲ့ ဒီအခန်းထဲမှာ တစ်ပတ်ကျော် ထည့်ထားပြီး အကြမ်းဖြတ်စနစ်နဲ့ ကုသပေးတာပါ။
"မူးယစ်ဆေး သုံးစွဲမှုလျှော့ချရေး အပိုင်းမှာတော့ ဒီစစ်ကောင်စီအစိုးရအနေနဲ့တော့ လုံးဝမလုပ်နိုင်ဘူး"
ဒီလိုလူနာတွေ ဝေဒနာမခံစားနိုင်လို့ ဆေးပြန်ခိုးသုံးရင်း တစ်ခုခုဖြစ်မှာ အကြောက်ဆုံးပဲလို့ စခန်းတည်ထောင်သူ နန်းခမ်းအောင်က ရှင်းပြပါတယ်။
“ဆန်ကုန်တာတို့၊ ဆီကုန်တာတို့ ခက်ခဲတာက ကျွန်မတို့အတွက် အကျင့်ဖြစ်နေတော့ ဒါတွေက ဂရုမစိုက်တော့ဘူး။ ရှော့ခ်(ဆေးခိုးသုံးပြီး ဆေးလွန်သူ) ဖြစ်ပြီး သေသွားမှာကို အရမ်း ကြောက်တာပေါ့။ ဒါတွေလည်း မစစ်ဆေးတာ မဟုတ်ဘူးနော်။ စစ်ဆေးတဲ့ကြား က ကပ်ပါလာတာပေါ့နော်။ ဒါမျိုးကျတော့ ညသန်းခေါင်တွေမှာ ဖြစ်တာတွေလည်းရှိ တယ်”
နန်းခမ်းအောင်ဟာ သုံးနှစ်ကျော် မူးယစ်ဆေးစွဲနေတဲ့ သူ့ခင်ပွန်းဖြစ်သူကို မူးယစ်သား ကောင် ဘဝကနေ ရုန်းထွက်ဖို့ ကူညီခဲ့သူပါ။ အဲဒီအတွေ့အကြုံတွေနဲ့ ဒေသတွင်းက မူယစ်ဆေးစွဲသူတွေအတွက် သူပိုင်တဲ့ ဒီခြံထဲမှာ ဆေးဖြတ်စခန်းကို တည်ဆောက်ခဲ့ ပါတယ်။
မူလက နမ့်ဖတ်လွန်ရွာမှာ ဖွင့်လှစ်ခဲ့ရာကနေ လက်ရှိ ကွတ်ခိုင်မြို့နယ် ကာလိုင် လမ်းခွဲ မှာရှိတဲ့ မန်တုံရွာကို ရွှေ့လာတာ သုံးနှစ်ရှိခဲ့ပြီလို့ ဆိုပါတယ်။
ဆေးဖြတ်ကာလကိုတော့ ၆ လ သတ်မှတ်ထားပါတယ်။ စခန်းစဖွင့်ချိန် အရင်နှစ်တွေက ဆယ်ယောက်လောက်ပဲ ရှိခဲ့ပေမယ့် အခုနောက်ပိုင်းလူ ၆၀ ကနေ ၁၀၀ ကြားအထိ တိုးလာတာကြောင့် အကန့်အသတ်နဲ့ပဲ လက်ခံနေရတယ်လို့ နန်းခမ်းအောင်က ပြောပါ တယ်။
ဆေးဖြတ်နေသူတစ်ဦးဖြစ်တဲ့ အသက် ၃၀ ကျော်အရွယ် ကိုပီတာဟာ စစ်ကိုင်းတိုင်း ဇာတိ ပါ။ သူဟာ တရုတ်နယ်စပ် မူဆယ်မြို့မှာ အလုပ်လာလုပ်ရင်း မူးယစ်သားကောင်ဖြစ်ခဲ့ရ တာပါ။ အခုတော့ မူးယစ်ဆေးကြောင့် ပတ်ဝန်းကျင်က ဥပေက္ခာပြုခံခဲ့ရတဲ့သူ့အတွက် ဒီစခန်းက အားကိုးစရာ နေရာတစ်ခုဖြစ်နေပါတယ်။
“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောချင်တာကတော့ အကောင်းဆုံးကတော့ လုံးဝကို မစမ်းမိဖို့ပဲ၊ တစ်ခါလေးဆိုတဲ့ အရာကနေပဲ ကျွန်တော်တို့က စခဲ့တာဖြစ်တယ်။ တစ်ခါလေးက အရမ်းကို ကြောက်စရာကောင်းတယ်။ နောက်ဆုံးတော့ လုံးဝကို လမ်း ဘေးရောက်သွားတဲ့ အခြေအနေထိ ဖြစ်ခဲ့ရတယ်။ ကျွန်တော့်လိုမျိုး ဘဝမပျက်ဖို့ မသုံး စွဲသေးတဲ့သူတွေကို သတိပေးချင်တာက လုံးဝကို မစမ်းမိပါစေနဲ့လို့”
ကိုပီတာနေထိုင်တဲ့ တဲတန်းလျားတွေထဲမှာ ကျန်းမာရေးအခြေအနေ ပုံမှန်နီးပါး ပြန်ရောက် လာတဲ့ လူငယ်အချို့ကတော့ အိမ်ပြန်ချိန်ကို မှန်းမျှော်ရင်း မူယစ်ဆေးရဲ့ စွဲလမ်းစေတဲ့စိတ်၊ မိသားစုကို သတိရတဲ့ စိတ်တွေကို ဂီတနဲ့ ဖြေဖျောက်တတ်နေကြပါပြီ။
ဆေးပြတ်သွားတဲ့ လူငယ်တွေကိုကြည့်ပြီး စခန်းတာဝန်ခံ ဦးအောင်မိုင် တစ်ယောက် ပီတိ ဖြစ်ရပေမယ့် တစ်ဖက်မှာလည်း ပတ်ဝန်းကျင်မှာ မူးယစ်ဆေးတွေက ပေါများနေတာ ကြောင့် ဆေးဖြတ်ပြီးပြန်သွားတဲ့ လူငယ်တွေ မူးယစ်သုံးစွဲသူအဖြစ် ပြန်ရောက်သွားမှာကို စိုးရိမ်နေပါတယ်။
“ကျွန်တော် နယ်တော်တော်များများ၊ မြို့တော်တော်များများ ရောက်ခဲ့တယ်။ ရောက်တဲ့ အချိန်မှာ ခါတိုင်းတော့ တောထဲမှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ သောက်ကြတာပေါ့လေ။ အခု ကျတော့ ဈေးတွေမှာ၊ လမ်းထောင့်တွေမှာကအစ ပေါပေါနဲ့ ဝယ်လို့ရတဲ့အခြေအနေကို တွေ့ရတယ်။ အဲဒါကြောင့် ပိုပြီးမှ စိုးရိမ်စရာရှိလာနေပြီဆိုတာကို တွေ့ရတယ်ပေါ့လေ နော့်။ ဒီပတ်ဝန်းကျင်က ဒီလိုသောက်စားတဲ့သူတွေ များနေတယ်။ ကိုယ်ကလည်း သုံးစွဲဖူးတယ် ဆိုတော့ ပြန်စမ်းရင်းနဲ့ တချို့က ဒီထဲမှာ ပြန်လဲပြိုသွားတာတွေလည်း ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က တစ်နှစ်မှာ သုံးခေါက်၊ လေးခေါက်လောက် ဒီထဲက ထွက်သွားတဲ့ မိသားစုတွေ၊ လူငယ်တွေကို သူတို့အိမ်တွေကို သွားပြီးမှ ပြန်ပြီးသတိပေးနေရတယ်။ ဒီဘဝထဲမှာ ပြန်ပြီးမပြိုလဲဖို့အတွက်ပေါ့လေနော်”
၂၀၂၀ မတိုင်ခင်က ကွတ်ခိုင်မှာ အခုလို မူးယစ်ဆေးဖြတ်စခန်း လေးခုရှိခဲ့ပါတယ်။ ဒါပေမဲ့ ရေရှည်မရပ်တည်နိုင်လို့ ဖျက်သိမ်းသွားကြတဲ့အတွက် ကွတ်ခိုင်မြို့မှာ သူတို့ ဆေးဖြတ် စခန်း တစ်ခုပဲ ကျန်တော့တာပါ။
ပျှမ်းမျှ တစ်ရက်ကို လူသုံးဆယ်ဝန်းကျင်အတွက် ကုန်ကျငွေ ကျပ်တစ်သိန်းလောက်ရှိပြီး စားသောက်စရိတ်နဲ့ ကျန်းမာရေးအတွက် အသိမိတ်ဆွေတွေနဲ့ မူးယစ်ဆေးတားဆီးရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းအချို့က ကူညီတာရှိတယ်လို့ ဦးအောင်မိုင်က ဆိုပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ နေရာတိုင်းလို လိုမှာ လွယ်လွယ်ကူကူ မြင်နေရပေမယ့် အခုလို မူးယစ်ဆေးတိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေတဲ့ စခန်းတွေကတော့ အကန့်အသတ်နဲ့ပဲ ရှိနေတာပါ။
ဒေသတွင်း လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း သူတို့ဒေသ တွေမှာ မူးယစ်ဆေးဖြတ် လုပ်ငန်းတွေကို နိုင်သလောက် ဆောင်ရွက်နေတာ ရှိပါတယ်။
အစိုးရဆေးရုံနဲ့ ဆေးခန်းတွေမှာ နိုင်ငံတကာအဖွဲ့အစည်း အကူအညီနဲ့ မက်သဒုံးအစားထိုး မူးယစ်ဆေးဖြတ် လုပ်ငန်းစဉ်တွေတော့ ရှိပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဆေးရုံက ဆရာဝန်တွေ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာကြောင့် ဆေးရုံတွေက မက်သဒုံး အစားထိုးကုသမှုအပိုင်းမှာ လှစ်ဟာမှုတွေရှိခဲ့တယ်လို့ မူးယစ်ဆေး ဖြတ်လုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။
လက်ရှိစစ်ကောင်စီအနေနဲ့ မူးယစ်ဆေး တိုက်ဖျက်ရေးလုပ်ငန်းကို ဆောင်ရွက်မှုအချို့ရှိ ပေမယ့် မူးယစ်ဆေးဝါး သုံးစွဲမှုလျှော့ချရေးလုပ်ငန်းတွေတော့ အာရုံမစိုက်နိုင်တာ တွေ့ရ တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ကျောက်မဲခရိုင် ဥက္ကဋ္ဌ ဦးတင် မောင်သိန်းက ထောက်ပြပါတယ်။
“မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလို့ခေါ်တဲ့ ဖမ်းဆီးအရေးယူတာကိုတော့ လက်လှမ်းမီ သလောက် သူတို့လုပ်နေတာတချို့တော့ တွေ့ရတယ်။ အားတော့ မရသေးဘူး။ သယ်ဆောင်တဲ့ဟာတွေကို ဘီလီယံနဲ့ချီပြီး ဖမ်းမိတာတွေကို သတင်းတွေမှာ တွေ့နေရ တာတော့ရှိတယ်။ သို့သော် မူးယစ်ဆေး သုံးစွဲမှုလျှော့ချရေး အပိုင်းမှာတော့ ဒီစစ်ကောင် စီအစိုးရအနေနဲ့တော့ လုံးဝမလုပ်နိုင်ဘူး။ မလုပ်နိုင်တာကလည်း သူ့အနေနဲ့ နယ်မြေ စိုးမိုးရေး၊ နယ်မြေထိန်းသိမ်းရေးတွေမှာ စိန်ခေါ်မှုတွေ အများကြီးဖြစ်နေရတယ်”
၂၀၁၅ ခုနှစ်မှာ ကျောက်မဲမြို့နယ်အတွင်းမှာ ဘိန်းဖြူ ပင်နယ်စလင်တစ်ပုလင်းကို မြန်မာ ကျပ်ငွေ နှစ်သောင်းခွဲ ပေးခဲ့ရပေမယ့် အခုလက်ရှိ မှာတော့ မြန်မာကျပ်ငွေ ခုနစ်ထောင်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။ အရင်က တစ်ပြားကို ကျပ်သုံးထောင်ပေါက်ဈေးရှိတဲ့ WY စိတ်ကြွဆေးဟာ လက်ရှိမှာ ကျပ်တစ်ထောင်ဖိုး သုံးပြားဈေးနှုန်းနဲ့ နေရာတိုင်းမှာ လိုသလောက်ရနေတဲ့ အခြေအနေဖြစ်နေတာလို့ ဦးတင်မောင်သိန်းက ပြောပါတယ်။
ကျောက်မဲအပြင် ရှမ်းပြည်မြောက်ပိုင်း တစ်ခုလုံးမှာလည်း ဒီဈေးနှုန်းတွေဟာ မတိမ်း မယိမ်းဘဲ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မူးယစ်ဆေးဝါး ထိန်းချုပ်တိုက် ဖျက်ရေး လုပ်ငန်းတွေကို အရင်တိုင်းပဲ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့အနေနဲ့ စစ်ဆေးရေးဂိတ် အဆင့်ဆင့်၊ အရင်းအမြစ် အဆင့်ဆင့်ကနေ ပြီးတော့ မူးယစ်ဆေး ထိန်းချုပ်ရေး၊ တိုက်ဖျက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိပါတယ်။ တချို့နေရာတွေမှာလည်း မူးယစ်ဆေး တိုက်ဖျက်ရေးစခန်းအမည်ခံပြီး လုပ်နေတာတွေလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရိုက်နှက်တာတွေ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး လုပ်နေတာတွေရှိတယ်။ ပြောချင် တာကတော့ မူယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတော်အဆင့်မှာ တောင် ဥပဒေနဲ့အညီ ဆောင်ရွက်ရတာဖြစ်တယ်။ တရားဥပဒေပြင်ပကနေပြီး ဆောင် ရွက်လို့ရတာ မရှိဘူးလို့ပဲ ပြောချင်ပါတယ်”
စစ်ကောင်စီ မူးယစ်တပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ချက်အရ အခု မတ်လတစ်လတည်းမှာ နိုင်ငံအနှံ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုပေါင်း တစ်ရာကျော်ရှိ ပါတယ်။ အဲဒီထဲမှာ မြန်မာကျပ်ငွေ ၁ ဘီလီယံနဲ့အထက် ဖမ်းဆီးရမိတဲ့ အမှုပေါင်းက ၁၁ မှုရှိခဲ့ပါတယ်။ ဖမ်းဆီးရမှု အများဆုံးနေရာက ရှမ်းပြည်နယ် အတွင်းမှာပါ။
မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်က မူးယစ်ဆေးတိုက်ဖျက်ရေးကို မဟာဗျူဟာ အမျိုး မျိုး ချမှတ်ခဲ့ပေမယ့် လက်တွေ့အကောင်ထည်ဖော်မှု အပိုင်းမှာ အားနည်းခဲ့တယ်လို့ မူးယစ်ဆေးတိုက်ဖျက်ရေး ဆောင်ရွက်နေသူတွေက ထောက်ပြကြပါတယ်။
မူးယစ်တိုက်ဖျက်ရေးမှာ ပြည်သူပါဝင်အောင် မစည်းရုံးနိုင်ခဲ့သလို ဒေသတွင်း လက်နက် ကိုင် ပဋိပက္ခတွေဟာလည်း မူးယစ်ပြဿနာကို သက်ဆိုးရှည်စေခဲ့တာပါ။ ဒါကြောင့် မူးယစ်ပြဿနာကို စနစ်တကျတိုက်ဖျက်မယ်ဆိုရင် ပြည်သူပါဝင်မှုအား၊ အစိုးရရဲ့ ထောက်ပံ့မှုအားနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရှိမှပဲ အောင်မြင်နိုင်မှာဖြစ်တယ်လို့ ရှမ်းပြည် နယ်အတွင်း မူးယစ်ဆေး တိုက်ဖျက်ရေး ဆောင်ရွက်နေသူတွေက ထောက်ပြကြပါတယ်။