ကချင်ပြည်နယ်မှာ အသက်မပြည့်သေးတဲ့ ကလေးတွေ မူးယစ်ဆေးသုံးစွဲမှု ပိုများလာ

ဝမ်းနည်းစရာကောင်းတဲ့ ဒီမြင်ကွင်းဟာ မူးယစ်ဆေးဝါးသားကောင်ဖြစ်နေတဲ့ အသက် ၁၈ နှစ်အောက် ကလေးတစ်ယောက်ကို မိဘတွေကိုယ်တိုင် လက်ပြန်ကြိုးတုပ်ပြီး မူးယစ်ဆေး ဖြတ်ဖို့ ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာရှိတဲ့ ကောင်းသောရှမာရိ လူငယ်သင်တန်းကျောင်း ကို ပြီးခဲ့တဲ့ ဇွန်လက ပို့ဆောင်ခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်။
အဲဒီသင်တန်းကျောင်းမှာ သူ မူးယစ်ဆေးဖြတ်ပြီး အခု အိမ်ပြန်ရောက်နေတာ နှစ်လ လောက် ရှိပါပြီ။
ကချင်ပြည်နယ်က မူးယစ်ဆေးဝါး ပြဿနာတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် တွေပါ မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်လာတာကို အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုတွေ့ လာရတယ်လို့ အရပ်ဘက် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
"အရင်ကလည်း ၁၄ နှစ် အရွယ်တွေလည်း ရောက်လာပြီး ပြန်သွားကြတဲ့အဖွဲ့တွေရှိတယ်"
ဝိုင်းမော်မြို့မှာရှိတဲ့ ကောင်းသောရှမာရိ လူငယ်သင်တန်းကျောင်းမှာ မူးယစ်ဆေးလာဖြတ် တဲ့ လူငယ်တွေ ပိုများလာတယ်၊ ဆေးလာဖြတ်သူတွေထဲမှာ အသက်မပြည့်တဲ့ ကလေးတွေ ပါလာတာဟာ ဝမ်းနည်းစရာကောင်းသလို အနာဂတ်အတွက် စိုးရိမ်စရာလည်းကောင်း တယ်လို့ ကျောင်းတာဝန်ခံ ဦးလာဖူလေးက ပြောပါတယ်။
“မိဘတွေ အနေနဲ့က တောင်းစုတ်ပလုံးစုတ် ပစ်လိုက်လို့ရပေမယ့် သားဆိုး၊ သမီးဆိုး တွေက ပစ်လိုက်လို့လည်း မရဘူး၊ သတ်လိုက်လို့လည်း မရဘူး၊ ရောင်းစားလို့လည်း မရတဲ့အခါကျတော့ မိဘတွေအနေနဲ့က ကြံရာမရတော့ဘူး နည်းလမ်းကုန်သွားပြီ၊ သင်တန်းကျောင်းကို ပို့ချင်တယ် မိဘတွေအနေနဲ့ အဲတော့ သူရဲ့ သားတွေကို သားရေ သင်တန်းကိုသွားပါ၊ ဆေးဖြတ်ပါလို့ ပြောတဲ့အခါမှာ မသွားချင်ကြဘူး၊ ကလေးတွေက မိဘတွေကိုယ်တိုင် ကြိုးတုပ်ပြီး သင်တန်းအထိ ပို့ဆောင်ပေးရတဲ့ အဆင့်ရောက်လာ တာပါပဲ။ အရင်ကလည်း ၁၄ နှစ် အရွယ်တွေလည်း ရောက်လာပြီး ပြန်သွားကြတဲ့အဖွဲ့ တွေရှိတယ်။ တချို့ကလေးတွေဆို ငိုပဲငိုရင်း ကန်တယ်ဆိုတာ ဘာမှလည်းမသိဘဲနဲ့ လာဖြတ်ကြတဲ့သူတွေ အများကြီးရှိတယ်”
ကောင်းသောရှမာရိ လူငယ်သင်တန်းကျောင်းကို ၂၀၁၉ ခုနှစ်ကတည်းက ကိုယ်ထူကိုယ်ထ စနစ်နဲ့ တည်ထောင်ခဲ့တာပါ။ ဆေးလာဖြတ်တဲ့ သူတွေကို ဘာသာရေးအဆုံးအမတွေ အပေါ် အခြေခံသင်ကြားပြသပြီး ဆေးဖြတ်ပေးတယ်လို့ ဦးလာဖူလေးက ဆိုပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းနောက်ဆက်တွဲ နိုင်ငံရေး၊ စစ်ရေး ရှုပ်ထွေးမှုတွေ ဖြစ်လာပြီးတဲ့နောက် ကချင်ပြည်နယ် ဒေသအတော်များများမှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုနဲ့ သုံးစွဲမှုဟာ အရင်ကထက် သိသိသာသာမြင့်တက်လာတယ်လို့ ဒေသခံတွေ နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။
ဝိုင်းမော်မြို့ ဒေသခံတစ်ဦးကလည်း ဝိုင်းမော်မြို့နယ်က အသက် ၁၈ နှစ်အောက် ကလေး အယောက် ၁၀၀ မှာ ၅၀ လောက်က မူးယစ်ဆေး သုံးစွဲလာတာကို တွေ့လာရတယ်လို့ RFA ကို ပြောပါတယ်။
“ကလေးတွေက ၉ တန်းအောက် ၅၊ ၆၊ ၇ တန်းအရွယ်ဆိုရင် ဆေးလိပ်ကို တော်တော် လေးကို သောက်တဲ့ အဆင့်ရောက်နေတယ်။ ပြီးတော့ ၈ တန်း ၉ တန်းလောက် ရောက်လာရင် ကော်ရှုတာ၊ ပွတ်စွဲတာတွေ အဲဒါမျိုးတွေ တွေ့ရတယ်။ ကျောင်းမတက် တော့တဲ့ တချို့ကျောင်းသားတွေဆိုရင် မူးယစ်ဆေး ထိုးသွင်းသုံးစွဲတာတွေ ကြားရ၊ တွေ့ရပါတယ်။ မိဘထိန်းကွပ်မှုကောင်းတာနဲ့ ဘာသာရေးကောင်းကောင်း ထိန်းချုပ် ပေးနိုင်တဲ့ ကလေးတွေဆိုရင်တော့ ထိန်းချုပ်နိုင်တာ တွေ့ရတယ်။ ဒါပေမဲ့ ဒီလိုပဲ မိသားစုတွေက မိဘတွေက တောင်ယာလုပ်၊ လယ်လုပ်ရတယ်၊ ဈေးရောင်းစားနေရ တယ်၊ ကလေးတွေကို ကြပ်ကြပ်မတ်မတ် မလုပ်ပေးနိုင်ဘူး။ အဲတော့ သူရဲ့ နီးစပ်ရာ နီးစပ်ကြောင်း ကလေးတွေက ဆေးလိပ်သောက်တာ၊ အရက်သောက်တာ မူးယစ်ဆေး သုံးစွဲတာတွေက တွေ့နေရပါတယ်”
အခုလို အသက်မပြည့်သေးတဲ့ ကလေးတွေ မူးယစ်ဆေးသုံးစွဲမှု များလာတာဟာ ကချင် ပြည်နယ် အနာဂတ်၊ တိုင်းပြည်အနာဂတ်အတွက် အင်မတန် ရင်လေးစရာကောင်းတယ်လို့ သူက ဆိုပါတယ်။
ဝိုင်းမော်မြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေဟာ လူသွားလမ်းမတွေအထိ ပေါ်ပေါ်ထင်ထင် ရောင်းဝယ်လာကြတာကြောင့် အုပ်ချုပ်သူတွေဘက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ် စစ်ကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက သူတို့အနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို ပြည်သူနဲ့လက်တွဲပြီး ဖမ်းဆီးအရေးယူနေတယ်လို့ ပြောပါတယ်။
“မူးယစ်ဆေးဝါးက ဥပဒေနဲ့အညီ တားဆီးနေတဲ့ကိစ္စတွေမှ အများကြီးပဲ။ ဒေသခံ ပြည်သူတွေနဲ့ ကွန်ယက်ဖွဲ့တော့ မူးယစ်ဆေးဝါးသယ်တဲ့ကိစ္စရော ထုတ်တဲ့ကိစ္စရော အကုန်လုံး ဖမ်းတာရော၊ သတင်းစုတာရော ဒါတွေ ကျနော်တို့ လုပ်နေတယ်။ ကျနော်တို့ အစိုးရကတော့ အသုတ်လိုက် အသုတ်လိုက် မူးယစ်ဆေးဖြတ်နေတဲ့ ကိစ္စတွေလည်း ရှိတယ်။ အဲဒါဆို ကျနော်တို့ကိုယ်တိုင် သွားတက်တယ်။ ကိုယ်တိုင်သွားလုပ်ပေးတယ်။ လိုတဲ့ကိစ္စဆိုရင် အစိုးရက ပံ့ပိုးပေးတာပေါ့”
မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဆေးဖြတ်ပေးပြီး၊ ရောင်းဝယ် ဖောက်ကားသူတွေကိုတော့ ဥပဒေအရ ဖမ်းဆီးအရေးယူတာတွေ လုပ်နေတယ်လို့ ဦးဝင်းရဲထွန်းက ဆိုပါတယ်။

ဝိုင်းမော်မြို့နယ် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) အဖွဲ့ဝင် တစ်ဦးကတော့ လက်ရှိ ဝိုင်းမော်မြို့ရဲ့ မူးယစ်ဆေးဝါး အခြေအနေဟာ ကလေးတွေရဲ့ စာသင်ကျောင်းဝန်းအနီးတစ်ဝိုက်အထိပါ ပေါ်ပေါ်ထင်ထင် သုံးစွဲရောင်းဝယ်တာတွေ ဖြစ်လာတယ်လို့ RFA ကို ပြောပါတယ်။
“ဝိုင်းမော် အထက (၁) ဆိုတဲ့ ကျောင်းရဲ့ ကျောင်းဝန်း၊ ခြံဝန်းအုတ်တံတိုင်းနဲ့ကပ်လျက် ဟိုဘက်ဒီဘက်မှာ ကျောင်းရဲ့ ပရဝုဏ်မှာ မူးယစ်ဆေးဝါး user တွေ အသုံးပြုတဲ့သူတွေ နေ့စဉ်နေ့တိုင်း အုံလိုက်ကျင်းလိုက် နေပြီးတော့ မူးယစ်ဆေးသုံးစွဲနေတဲ့ဟာကို ကျနော်တို့ တွေ့ရတယ်။ ဒါကို တာဝန်ရှိတဲ့သူတွေ အခုထက်ထိ မဖြေရှင်ပေးသေးဘူး။ ဒီနေရာမှာ ဒီလိုဖြစ်နေတာ နှစ်နဲ့ချီနေပြီ။ ပညာသင်ကြားနေတဲ့ နေရာမှာ ဒါတွေကို အတုမြင် အတတ်သင်ဆိုတဲ့ဟာမျိုး ဖြစ်စေတဲ့အရာ အများကြီးရှိနေတယ်ဗျ။ ကျနော်တို့ ပတ်ဝန်းကျင်မှာ ဆိုလိုတာ ဒီမူးယစ်ဆေးဝါး ပြဿနာတွေထဲ ရောက်သွားနိုင်ဖို့ရန် ဘေးပတ်ဝန်းကျင်က ကာကွယ်တားဆီးမှု ထိထိရောက်ရောက် မလုပ်နိုင်ဘဲနဲ့ နေရင်း ထိုင်ရင်းကို သင်ပေးနေသလို ဖြစ်နေတဲ့ဟာတွေလည်း ဒီပြဿနာကို တွန်းပို့နေတယ်လို့ သုံးသပ်လို့ရပါတယ်”
လက်ရှိ နိုင်ငံရေး စစ်ရေးအခြေနေတွေကြောင့် သူတို့အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကို အရင်လို အင်နဲ့အားနဲ့ မလုပ်နိုင်တော့ဘဲ အသိပညာပေးလုပ်ငန်းကိုသာ အဓိကထား လုပ်ဆောင်ဖို့ ကြိုးစားနေရတယ်လို့လည်း ဝိုင်းမော်မြို့နယ် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) အဖွဲ့ဝင်က ပြောပြသွားပါတယ်။