တရုတ်ပုဂ္ဂလိက ICBC ဘဏ် မန္တလေးဈေးကွက်ကို ဦးလှည့်
2019.09.27
မန္တလေးမြို့မှာ တရုတ်နိုင်ငံက ပုဂ္ဂလိဘဏ်ဝန်ဆောင်မှုတွေကို ကုန်သည်စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI အဖွဲ့ဝင် စီပွားရေးလုပ်ငန်းရှင်ကြီးတွေကို စတင်မိတ်ဆက်လိုက်ပါတယ်။
RFA သတင်းထောက် မခေမဏီဝင်းက တင်ပြထားပါတယ်။
■ မြန်မာကုန်သည်တွေအနေနဲ့ မြန်မာနဲ့ တရုတ်ကို တိုက်ရိုက်ငွေလွှဲနိုင်တဲ့ ဝန်ဆောင်မှုမျိုးကို ပေးမှာဖြစ်တဲ့ အတွက် ငွေလွဲသူအတွက် အားသာချက်ဖြစ်စေတယ်လို့ ICBC ဘဏ်ဟာ မန္တလေးမြို့က ကုန်သည်တွေဆီကို ပထမဆုံးအကြိမ်အဖြစ် လာရောက်မိတ်ဆက်ပါတယ်။
ဒီဘဏ်ကနေ တရုတ်ပြည်ကို ငွေလွဲမယ်ဆိုရင် တိုက်ရိုက်လွှဲလို့ရတာဖြစ်တဲ့အတွက် လွှဲသူအတွက် အားသာချက်ဖြစ်စေတယ်လို့ ICBC ဘဏ်က မန်နေဂျာ ကိုကျော်သူဝင်းက ပြောပါတယ်။
"မြန်မာငွေအကောင့်ကနေ နေ့စဉ်ပေါက်နေတဲ့ ဈေးနဲ့ပြောင်းပြီးတော့ တရုတ်ကိုလွှဲပေးတယ်။ အရင်ကဆို မြန်မာငွေကနေ ဒေါ်လာပြောင်းရသေးတယ်။ ဒေါ်လာကနေမှပြောင်းတော့ လွှဲတဲ့သူတွေအနေနဲ့ နှစ်ဆင့်နစ်နာတယ်။ အခုကတော့ တိုက်ရိုက်လွှဲလို့ရတယ်။ ဒေါ်လာကို အားကိုးမယ်ဆိုရင် မြန်မာကုန်သည်တွေအနေနဲ့ အရမ်းကိုနစ်နာပါတယ်"
၂၀၁၅ နှစ်လယ်လောက်မှာတုန်းက တစ်ဒေါ်လာကို မြန်မာငွေ ၁၀၈၅ ကျပ်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လမှာတော့ တစ်ဒေါ်လာကို ၁၅၃၀ ကျပ်ထိ ဖြစ်လာပါတယ်။ တရုတ်ငွေ ယွမ်က ၂၀၁၅ ခုနှစ်မှာ ၁၁၇.၀၁ ကျပ်ဖြစ်ခဲ့ပြီး ၂၀၁၉ နှစ်လယ်မှာတော့ ၂၂၁.၆၉ ကျပ်ရှိပါတယ်။
ဒါကြောင့် တရုတ်ငွေက အမေရိကန်ဒေါ်လာထက် တည်ငြိမ်တဲ့အနေထား ပိုဖြစ်တယ်လို့ မန်နေဂျာ ကိုကျော်သူဝင်းက ပြောပါတယ်။
တရုတ်နိုင်ငံက အကြီးဆုံးဘဏ်တစ်ခု မန္တလေးမြို့ကို အခုလို လာရောက်တာဟာ မန္တလေက တရုတ်နဲ့ ကုန်သွယ်မှုမှာ အဓိကကျတဲ့ မြို့တစ်မြို့ဖြစ်တာလည်း ပါဝင်တာကြောင့်ဖြစ်တယ်လို့ မန္တလေးတိုင်း ကုန်သည်များနဲ့ စက်မှုလက်မှု ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောပါတယ်။
"ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းအောက်မှာရှိတယ်။ သူတို့ရဲ့ဈေးကွက်က တအားကြီးတဲ့အတွက် ဦးထားတဲ့သဘော၊ မန္တလေးကလည်း အရေးကြီးဆုံးဖြစ်တယ်။ ဈေးကတော့ ပြင်ပပေါက်ဈေးနဲ့ကွဲမယ်။ ဘယ်လိုဖြစ်ဖြစ် ခိုင်မာတဲ့စနစ်တစ်ခုဖြစ်မယ်။ နယ်စပ်တွေမှာ တရုတ်ငွေတွေကို တရားဝင်သုံးခွင့်ပြုရင် အင်မတန်ကောင်းမွန်မယ်"
အဲဒီဆွေးနွေးပွဲကို မန္တလေးမြို့က ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လုပ်ငန်းရှင် ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
တရုတ်နဲ့ ကုန်သွယ်ရေးလုပ်ငန်းလုပ်နေတဲ့ မန္တလေးမြို့ ကုန်သည်တစ်ဦးဖြစ်တဲ့ ဦးဝင်းဌေးကလည်း ဝန်ဆောင်မှုကို စိတ်ဝင်စားတယ်လို့ ပြောပါတယ်။
"မြန်မာက တရုတ်နဲ့ ကုန်သွယ်တာများတာကို၊ ကုန်သွယ်မှုက ထရီယံ (Trillion) နဲ့ချီရှိတယ်၊ အခုချိန်က အကောင့်ဖွင့်ဖို့ကလည်း လွယ်တယ်လေ၊ ဒီမှာပဲ လွယ်လွယ်ကူကူဖွင့်ပေးတယ်"
ဒီဘဏ်မှာဆိုရင် လက်တလောမှာ မြန်မာကျပ်ငွေ၊ အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာ၊ ယူရိုငွေကြေးတွေနဲ့ ဘဏ်အကောင့်တွေ ဖွင့်လို့ရတယ်လို့ ပြောပါတယ်။
ICBC ဘဏ်ဟာ နိုင်ငံပေါင်း ၄၀ လောက်မှာ ဘဏ်ခွဲတွေဖွင့်လှစ်ထားတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ရန်ကုန်မြို့မှာသာ ဖွင့်လှစ်ထားတာပါ။
(RFA သတင်းထောက် မခေမဏီဝင်း စုစည်းတင်ပြသည်။)

