ခရီးသွားလုပ်ငန်းရှင်မှ တော်လှန်ရေးသမားဖြစ်လာသူ

2022.06.10
ခရီးသွားလုပ်ငန်းရှင်မှ တော်လှန်ရေးသမားဖြစ်လာသူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ ဗိုလ်နွေဦးကို တွေ့ရစဉ်
Photo: RFA

စစ်အာဏာမသိမ်းခင်က ပြင်ဦးလွင်မှာခရီးသွားလုပ်ငန်းတစ်ခု ဦးစီးနေခဲ့တဲ့ ကိုမောင်မောင် ဟာ အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ သူ့ဇာတိနယ်ဖြစ်တဲ့ မြောင်မြို့နယ်ကိုပြန်ပြီး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဦးဆောင်ပါ၀င်ခဲ့ပါတယ်။ အဲဒီနောက် ဗိုလ်နွေဦး အဖြစ်နဲ့ ၂၀၂၁ ဧပြီလက စပြီး စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ လက်နက်ကိုင်တော်လှန်ရေး ကို ဦးဆောင်ခဲ့ပါတယ်။

"အရင်ကတော့ ကျွန်တော်ခရီးသွားလုပ်ငန်းကို လုပ်ပါတယ်။ ကျွန်တော် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်လိုက်တာကတော့ စစ်အစိုးရရဲ့အာဏာသိမ်းမှုအောက်မှာ စီးပွားရေးတွေ အကုန်လုံး ရပ်တန့်သလောက်ဖြစ်သွားတယ်။ ကျွန်တော်တို့ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် နိုင်ငံအနေနဲ့က ရှေ့ဆက်ပြီး အနာဂတ်တွေ မကောင်းနိုင်တော့ဘူး။ အလားအလာတွေ ပျောက်ဆုံးသွားတာပေါ့နော်။ အဲဒါတွေဆက်ပြီးမဖြစ်ဖို့အတွက် ဒီလိုလက်နက်ကိုင်ပြီး ကာကွယ်ဖို့ ရွေးချယ်လိုက်တာပေါ့နော်"

သာယာလှပတဲ့ဒေသတွေကိုလည်ပတ်ဖို့ ဝန်ဆောင်မှုပေးရတဲ့ ခရီးသွားလုပ်ငန်းရှင်အဖြစ် ကနေ၊ လက်နက်ကိုင်တော်လှန်ရေးသမား ဖြစ်လာရခြင်းအတွက် သူ့ရဲ့သဘောထား ခံယူချက်ကို အခုလို ပြောပြပါတယ်။

"အရင်တုန်းကတော့ ကျွန်တော်တို့ လုပ်ငန်းတွေ လုပ်နေရတဲ့အချိန်တုန်းက သာသာ ယာယာ ပျော်ပျော်ရွှင်ရွှင်ဘဝတွေပေါ့။ အခုတော်လှန်ရေးထဲ ရောက်လာတဲ့အခါ မှာတော့ အကုန်လုံး စွန့်လွှတ်ခဲ့ရတာပေါ့။ အခုကတော့ရဲဘော်တွေနဲ့ တူတူပဲ။ တစ်ခါ တစ်ခါ မိုးထဲလေထဲ မိုးမလုံ လေမလုံနေရတဲ့အခါမျိုးတွေလည်း ရှိတယ်။ နေပူပူ မိုးရွာရွာ ချွေးတစ်လုံးလုံးနဲ့ လေ့ကျင့်နေရတဲ့အခါမျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့ အဲဒီလိုမျိုးတွေ ကွာခြားတယ်။ ကွာခြားပေမယ့်လည်း ဒီတော်လှန်ရေးကြီးကို နောက်ဆုတ်လို့ မရဘူး။ ဒါကြီးကို အဆုံးသတ်အောင်လုပ်မှရမယ်။ အဲလိုမှတစ်နိုင်ငံလုံးရဲ့မိသားစုဘဝတွေက အေးအေးချမ်းချမ်းနေနိုင်မှာ။ အရင်အခြေအနေ ကိုယ်ဘယ်လိုနေခဲ့ထိုင်ခဲ့၊ ဘယ်လို ရှင်သန်ခဲ့တယ်ဆိုတဲ့ သာယာမှုတွေကို ကျွန်တော်တို့က ဖက်တွယ်နေလို့မရဘူး"

myaungpdf.jpg
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

အခုအချိန်မှာ ဗိုလ်နွေဦးတို့ မြောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ ဒေသခံလူငယ် (၄၀၀၀) လောက်ကို စစ်ပညာသင်ကြားပေးနိုင်ခဲ့ပြီး၊ သင်တန်းအပတ်စဉ် (၁၇) အထိ ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲပေါင်း (၁၇) ကြိမ်လောက်လည်း ဆင်နွှဲခဲ့ပြီးပြီလို့ပြောပါတယ်။ မြောင်မြို့နယ်ရဲ့ ၇၀ ရာခိုင်နှုန်းလောက် စိုးမိုးထားနိုင်ခဲ့ပြီးပြီ လို့ ဆိုပါတယ်။ ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သေဆုံးတာတွေရှိသလို၊ ဗိုလ်နွေဦး တို့ ဘက်ကပါ ကျဆုံးခဲ့ရတာတွေရှိခဲ့တယ်လို့ ပြောပြပါတယ်။ လက်နက်အင်အားခြင်း မမျှပေမယ့် စိတ်မပျက်ဘူးလို့ ဗိုလ်နွေဦးက ပြောပါတယ်။

"တော်လှန်ရေးကိုစတဲ့အချိန်တုန်းက လက်ထဲမှာတူမီးအစုတ်ပဲရှိတာ။ အဲလောက်နဲ့ တောင် အာဏာရှင်ကို တွန်းလှန်ခဲ့တာ။ အခုအချိန်မှာ သင့်တင့်တဲ့လက်နက်တွေလည်း ရှိလာပြီဆိုတဲ့အတွက် လက်နက်ပိုင်းမှာ အားငယ်စရာတော့မရှိဘူး။ ဒါပေမဲ့ သူတို့နဲ့ တန်းတူယှဉ်ပြိုင်နိုင်မယ့် လက်နက်ကိုရရင်တော့ အကောင်းဆုံးပေါ့"

စစ်အာဏာရှင်တော်လှန်ရေးကို တစ်နှစ်ကျော်ကြာ တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်နွေဦးက တော်လှန်ရေး အင်အားစုခြင်း စည်းလုံးဖို့၊ ကူညီဖို့လိုအပ်တယ်လို့ ဗိုလ်နွေဦးက ပြောပါတယ်။

"စိုးရိမ်တာတွေကတော့ရှိတယ်။ ကျွန်တော်တို့တော်လှန်ရေးအဖွဲ့တွေက တော်လှန်ရေး ကြီး ရှည်ကြာလာတဲ့အချိန်မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မညီမညွတ်ဖြစ်သွားမှာ။ မညီမညွတ် ဖြစ်သွားတဲ့အဖွဲ့တွေကြားမှာ စစ်ကောင်စီရဲ့ စိတ်ကြိုက်ဖြစ်သွားမယ့်ကိစ္စတွေ ဖြစ်သွားမှာ။ ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ တစ်မြို့နယ်ထဲတိုက်နေလို့လည်း မပြီးဘူး။ ရှိတာတွေကို မျှတသုံးပြီးတော့ စစ်ကောင်စီကို စည်းစည်းလုံးလုံးတိုက်နိုင်မှ မြန်မြန်ပြီးမှာအတွက်ကြောင့်၊ မကောင်းနိုင်တဲ့ အလားအလာမျိုးတွေ။ အဖွဲ့ငယ်တွေ ကိုယ့်ဆီရောက်လာရင် လုပ်ငန်းတွေ ပိုလုပ်နိုင်အောင် ထောက်ပံ့ပေးရမယ်။ အဲဒါမှတော်လှန်ရေး ကမြန်မြန်ပြီးဆုံးသွားမှာ"

အချိန်ကြာလာပေမယ့် စိတ်ပျက် အားလျော့စိတ်မဖြစ်ရတာက ပြည်သူတွေအားပေးနေလို့ ဖြစ်တယ်လို့ ပြောပြပါတယ်။

"ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ တစ်မြို့နယ်ထဲတိုက်နေလို့လည်း မပြီးဘူး"

စိတ်ပျက်လို့မရတဲ့ဟာတွေက ဘာတွေလဲဆိုတော့ ကိုယ်သွားတဲ့အချိန်မှာ လမ်းမှာတွေ့တဲ့ ပြည်သူတွေက နှုတ်ဆက်တဲ့အခါ လက်သုံးချောင်းထောင်လို့၊ အောင်အောင်မြင်မြင် ပြန်လာနိုင်ပါစေလို့ သူတို့အော်တဲ့အသံနဲ့ နှုတ်ဆက်တဲ့အသံတွေက ကျွန်တော်တို့ စိတ်ပျက် အားလျော့စရာ ကြုံခဲ့မယ်ဆိုရင်တောင် ကျွန်တော်တို့ စိတ်ပျက်အားလျော့သွားလို့မရဘူး ဆိုတဲ့ အင်အားသစ်တွေကို ကျွန်တော်တို့ပြည်သူတွေက ပေးနေတာ။ တော်လှန်ရေးအလွန် အတွက် သူ့ရဲ့စိတ်ကူးကတော့ မိသားစုနဲ့အတူ အေးအေးချမ်းချမ်း ပြန်လည်နေထိုင်ဖို့လို့ ဗိုလ်နွေဦးက မျှော်မှန်းထားပါတယ်။

တော်လှန်ရေးကြီးပီးသွားရင် ဘဝကို ရိုးရိုးရှင်းရှင်း၊ မိသားစုနဲ့ အေးအေးချမ်းချမ်း ဖြတ်သန်း သွားချင်တယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံက လိုအပ်ချက်တွေရှိနေသေးလို့ နိုင်ငံတော်အတွက် တာဝန် တစ်ရပ်ရပ်ကို ထမ်းဆောင်ပေးဖို့ တာဝန်ပေးလာတာရှိရင် နိုင်ငံအတွက် ပေးဆပ် သွားဖို့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။