ရပ်တန့်နေတဲ့ ပုဂံက ယွန်းလုပ်ငန်း

2022.02.18
ရပ်တန့်နေတဲ့ ပုဂံက ယွန်းလုပ်ငန်း ပုဂံမှာ ယွန်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးကို ၂၀၂၂ ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဥ်
Photo: RFA

မြန်မာ့ရိုးရာ ယွန်းထည်လုပ်ငန်းကို အဓိကအများဆုံးလုပ်ကိုင်နေတဲ့ ပုဂံဒေသမှာ အခုဆိုရင် လုပ်ငန်းတွေ ရပ်တန့်နေတာ အချိန်နှစ်နှစ်နီးပါးရှိနေပါပြီ။

ယွန်းတိုက်လို့ ခေါ်တဲ့ ယွန်းလုပ်ငန်းကြီးတွေမှာ အလုပ်သမား ၅၀ ကနေ ၁၀၀ လောက်ကို အလုပ်အကိုင်တွေပေးနိုင်ခဲ့ပါတယ်။ ယွန်းလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်တဲ့ ဒေသခံတွေ အနေနဲ့လည်း တစ်နေ့ကို ဝင်ငွေ ကျပ် ၆၀၀၀ ကနေ ၈၀၀၀ အထိ ရရှိခဲ့ကြပါတယ်။

ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့အတူဖြစ်ပေါ်လာတဲ့ အကျိုး ဆက်တွေကြောင့် အခုအချိန်မှာ ယွန်းထည်လုပ်ငန်းတွေ ရပ်တန့်နေတာပါ။

ယွန်းလုပ်ငန်းကို အမှီပြုလုပ်ကိုင်ခဲ့ကြသူတွေဟာ အခြားအလုပ်ကို ပြောင်းလုပ်နေကြ ရသူတွေရှိသလို အလုပ်လက်မဲ့ဖြစ်သွားသူတွေလည်းရှိတယ်လို့ ပုဂံဒေသခံ မသင်းသင်းယု က ပြောပါတယ်။

"ကျမအရင်တုန်းက ယွန်းထိုးတာလေ။ ကျမကလေးနဲ့ သနပ်ခါးလိမ်းလိုက်ရင်းကနေ အခုကျ သနပ်ခါးလိမ်းအလုပ်က ဒီအပြင်ဘုရားတွေမှာရှိလာတော့ အလုပ်က မဖြစ်တော့ ဘူး။ အခုအကြွေလှယ်တာ။ ကျမတို့ဆို မိသားစု သုံးယောက်ရှိတယ်။ သုံးယောက် ရှိပေမယ့် အခုကျ ကျမက အရင်တုန်းက သနပ်ခါးလိမ်း၊ ပို့စကတ် ရောင်း၊ ကလေးက လမ်းပြ လိုက်တယ်။ ကလေးက ဓာတ်ပုံရိုက်တတ်တယ်။ ကျမသားလေးက အဲလိုလေးနဲ့ပဲ စားနေရတာပေါ့ဗျာ။ အကြွေးလို့မရှိဘူး တစ်နေ့ဝမ်းစာ တစ်နေ့ရှာရတာပေါ့"

မသင်းသင်းယုဟာ တစ်ချိန်က ယွန်းထိုးအလုပ်နဲ့ ရပ်တည်ခဲ့သူပါ။ ဒါပေမဲ့ အခုအချိန် မှာတော့ ဘုရားတွေမှာ အကြွေလဲလှယ်တဲ့အလုပ်ကို ပြောင်းလဲလုပ်ကိုင်နေရပါတယ်။

ဒီအလုပ်မှာတော့ ဘုရားကိုလာတဲ့ ဧည့်သည်တွေက ဘုရားမှာလှူဒါန်းဖို့ အကြွေအနုတ် လဲတဲ့အခါ ၁၀၀၀ ကျပ်လဲရင် ၁၀၀ ကျပ်ရတယ်လို့ ပြောပါတယ်။ အဲဒီလိုလဲလှယ်ဖို့အတွက် ငွေအရင်းအနှီးရှိသူက ငွေကြေးထုတ်ပေးပြီး လဲလှယ်ခကိုတော့ တစ်ယောက်တစ်ဝက်စီ ရတယ်လို့ ဆိုပါတယ်။

ယွန်းအလုပ်မှာ ယွန်းထိုးတာအပြင် ယွန်းစင်၊ ယွန်းခွဲ၊ တိုက်လုပ်၊ ဆေးသုတ် စတဲ့ ကဏ္ဍအလိုက်ခွဲထားပြီး ယောက်ျားလေး၊ မိန်းကလေး စုပေါင်းလုပ်ဆောင်ရတဲ့အလုပ် ဖြစ်ပါတယ်။

ယွန်းစင်အလုပ်ဟာ ယောက်ျားလေးတွေက ကိုယ်လုပ်တဲ့ယွန်းထည်ပေါ်မှာ အရုပ် အကြမ်းရေးတာကိုခေါ်ပြီး မိန်းကလေးတွေကတော့ အဲဒီအရုပ်ပေါ်မှာ အနုစိတ်ထပ်ဆွဲ တာကို ယွန်းခွဲတယ်ဆိုပြီး ခေါ်ကြတာပါ။

ယွန်းထည်ရဲ့ အတွင်းသားကို ဝါး၊ သစ်သားတွေနဲ့ ပြုလုပ်ပြီး အများအားဖြင့် ဝါးကို အသုံးပြု ကြပါတယ်။ ယွန်းထည်တစ်ခု ပြုလုပ်ဖို့ဆိုရင် ဝါးကိုလိုအပ်တဲ့ ပုံသဏ္ဍာန်ရအောင် ရစ်ခွေ တာ၊ ရက်လုပ်တာ၊ နေလှန်းတာတွေ လုပ်ပြီးနောက်  ဓားကောက်နဲ့ ပွတ်ခုံမှာခြစ်ပြီး ကော်ပတ်စားရပါတယ်။ အဲဒီအဆင့်တွေပြီးတော့မှ နွံနဲ့ချောပြီး အခြောက်ခံတာ၊ သစ်စေး သုတ်လိမ်းတာ၊ အရောင်တင်တာတွေကို တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်ရတယ်လို့ ယွန်းပညာနဲ့ လုပ်ကိုင်နေသူ ကိုကျော်စိုးဝင်းက ရှင်းပြပါတယ်။

"ဒီအနက်ထည်ရဖို့ သစ်စေးကို ကျနော်တို့ သုံးခါကိုင်ရတယ်။ ဒီအနက်ထည်ရဖို့ဟာကို ဘယ်လို သုံးခါ ကိုင်လဲ ဆိုတော့ အရောင်နှစ်ခါခံရတယ်။ တစ်ခါကိုင်ရင် သစ်စေးသား နှစ်ထပ်ကိုင်ရတယ်။ ဒါဆို သစ်စေးသား ခြောက်ထပ်ပါတယ်။ သစ်စေးသား ခြောက်ထပ် ပါလို့ပဲ ယွန်းထိုး၊ ယွန်းစင်လို့ ရတာ။ တကယ်လို့ သစ်စေးသား မပါလို့ရှိရင် ယွန်းထိုး လိုက်တဲ့အချိန်မှာ နွံသား အဖြူကြီးတွေ ပေါ်လာတယ်"

တာရှည်ခံတဲ့ ယွန်းထည်ဖြစ်လာဖို့ အနည်းဆုံး ခုနစ်ကြိမ် ရှစ်ကြိမ်အထိ အသေးစိတ် အနုစိတ်ပြုလုပ်ရတယ်လို့ သူက ဆိုပါတယ်။ ဒါကြောင့် ယွန်းအချောထည်ဖြစ်ဖို့ကတော့ အချိန် သုံးလဝန်းကျင်ကြာတတ်ပါတယ်။

"သစ်စေးသား ခြောက်ထပ်ပါတယ်။ သစ်စေးသား ခြောက်ထပ်ပါလို့ပဲ ယွန်းထိုး၊ ယွန်းစင်လို့ ရတာ"

မြန်မာတို့ရဲ့ ယွန်းပညာရပ်ဟာ ၁၅၅၅ - ၁၅၆၂ ခုနှစ်အတွင်း ဘုရင့်နောင်မင်းလက်ထက်က မဏိပူရ ဗန်းမော် ဇင်းမယ် (ယခု ချင်းမိုင်) နဲ့ လင်ဇင်းကို တိုက်ခိုက်သိမ်းပိုက်စဉ်က ကျွမ်း ကျင်တဲ့လက်မှုပညာရှင်တွေကို မြန်မာနိုင်ငံကို ခေါ်ဆောင်လာရာကနေ ပေါ်ထွန်းလာတာ လို့ သမိုင်းသုတေသီတွေက ပြောပါတယ်။

အဲဒီအချိန်က ချင်းမိုင်ဒေသက ယွန်းလူမျိုးလို့ခေါ်တဲ့ လာအိုရှမ်းလူမျိုးစုတွေရဲ့ လက်မှု ပညာရှင်တွေပါလာတဲ့အတွက် သူတို့ကိုအစွဲပြုပြီး ယွန်း လို့ခေါ်တွင်လာတာလို့ဆိုပါတယ်။

အခုအချိန်မှာ မြန်မာ့ယွန်းလုပ်ငန်းကို ပုဂံမြို့သစ်နဲ့ မြင်းကပါရွာဘက်တွေမှာ အများဆုံး ပြုလုပ်ကြပါတယ်။

(ပုဂံက ယွန်းထည်ပစ္စည်းတွေကို ၂၀၂၂ ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဥ်) Photo: RFA
(ပုဂံက ယွန်းထည်ပစ္စည်းတွေကို ၂၀၂၂ ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဥ်) Photo: RFA

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကပင် တစ်ပိုင်တစ်နိုင်ယွန်းလုပ်ငန်းနဲ့ ရပ်တည်လာတဲ့ မြင်းကပါရွာက ကိုဝေမင်းထွန်း ကတော့ အခက်အခဲတွေရှိပေမယ့် အခြားလုပ်ငန်းကို ပြောင်းလုပ်ဖို့ခက်နေတယ်လို့ ပြောပါတယ်။

"ကျနော်တို့က တခြားလုပ်ငန်း ပြောင်းမလုပ်တတ်ဘူး။ သူတို့လည်း အဲလိုပေါ့ မရှိပါဘူး။ ကိုယ်က မတတ်တော့ အဆင်မပြေဘူးလေ။ လုပ်မယ်ဆိုလည်း ကိုယ်က ဦးဆောင်မှု မဟုတ်တော့ အောက်လက်အနေနဲ့ လိုက်ရတယ်။ အခုက ဒီလိုအလုပ်ဆိုရင် ကိုယ်က ဘယ်နေရာသွားသွား ကိုယ့်လုပ်ငန်းနဲ့ကိုယ် ဦးဆောင်မှု ပြုနိုင်မယ့် စွမ်းအားရှိတယ်"

သူ့မိသားစုဝင် ငါးဦးစလုံးဟာ တပိုင်တနိုင် ယွန်းလုပ်ငန်းကို ဇောက်ချလုပ်ကိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ အခုလက်ရှိအချိန်မှာတော့ သူနဲ့ ညီမတစ်ယောက်သာ ဆက်လုပ်နေပြီး အခြား မိသားစု သုံးဦးကတော့ ဘုရားမှာဈေးရောင်းတဲ့အလုပ်ကို ပြောင်းလုပ်နေရတယ်လို့ ပြောပါတယ်။

အိမ်ခြေ တစ်သောင်းလောက်ရှိတဲ့ မြင်းကပါရွာမှာ ရှစ်ထောင်လောက်က ယွန်းလုပ်ငန်းကို အဓိကလုပ်ကိုင်ခဲ့ကြတာပါ။ လက်ရှိအချိန်မှာတော့ မိသားစုအချို့လောက်ကလွဲပြီး အားလုံး နီးပါးက အလုပ်နားထားရတယ်လို့ ဆိုပါတယ်။

 ဒေသခံတွေကတော့ အခြားလုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်ရင်း ယွန်းထည်လုပ်ငန်း တွေ ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်နေကြပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။