မိခင်ကို လုပ်ကျွေးနေတဲ့ ပုဂံက ၁၄ နှစ်အရွယ် ဧည့်လမ်းညွှန်
2023.03.14

သုဝဏ္ဏဘူမိပြည့်ရှင် သထုံဘုရင် မနူဟာရဲ့ ကောင်းမူတော်နဲ့ တည်ထားကိုးကွယ်ထားတဲ့ မနူဟာဘုရား သမိုင်းကြောင်းကို အင်္ဂလိပ်ဘာသာနဲ့ ရှင်းပြနေသူက ထက်ထက်ဝေ ခေါ် ထက်ကြီး ဖြစ်ပါတယ်။
သူဟာ ပုဂံမြို့ မြင်းကပါရွာမှာ နေထိုင်တဲ့ အသက် ၁၄ နှစ် အရွယ် ကလေးတစ်ဦးဖြစ်ပြီး ပုဂံကို လာရောက်လည်ပတ်သူတွေအတွက် ဧည့်လမ်းညွှန် လုပ်ပေးနေသူပါ။
အသက် ၇ နှစ်အရွယ်ကတည်းက ဧည့်လမ်းညွှန်လုပ်လာတဲ့ ထက်ကြီး ဟာ သူရလာသမျှ ပိုက်ဆံတွေကို သားသမီး ကိုးဦးအတွက် ပင်ပင်ပန်းပန်းရှာကျွေးနေတဲ့ မိခင်ထံ ပြန်ပေး တယ်လို့ ပြောပါတယ်။
"သားရတဲ့ ပိုက်ဆံကျ ဂိုက်လိုက်ပြီး ပြန်လာပြီဆိုရင် အမေကို အကုန်ပေးတယ်။ ကိုယ် မုန့်စားချင်မှ အမေ့ဆီက ပြန်တောင်းတာ။ အရင်တုန်းကလည်း မိဘတွေက ကိုယ့်အပေါ် ရှာကျွေးခဲ့တာဆိုတော့ ကိုယ်လည်း ဝင်ငွေရတုန်းကို ကိုယ့်မိဘကို ပင်ပင်ပန်းပန်း မလုပ်စေချင်ဘူးပေါ့။ အမေက သားတို့ ငယ်ငယ်တုန်းကဆိုရင် ထင်းခွေတွေ ဘာတွေ သွားတယ်။ အဝတ်ဖွပ်တယ်။ ပြီးရင် အနင်းလိုက်တယ်။ အဲလိုမျိုးကျ စိတ်မကောင်းဘူး ပေါ့ ကိုယ့်မိဘကို"
ဧည့်လမ်းညွှန်အလုပ်ဟာ ဧည့်သည်အသွားအလာပေါ် မူတည်ပြီး ပုံမှန်ငွေမရှိပေမယ့် ဧည့်သည်ရချိန်မှာလည်း ဈေးမသတ်မှတ်ဘဲ စေတနာနဲ့ပေးသလောက်ပဲ ယူတယ်လို့ ထက်ကြီးက ဆိုပါတယ်။
"အရင်တုန်းကလည်း မိဘတွေက ကိုယ့်အပေါ် ရှာကျွေးခဲ့တာဆိုတော့ ကိုယ်လည်း ဝင်ငွေရတုန်းကို ကိုယ့်မိဘကို ပင်ပင်ပန်းပန်း မလုပ်စေချင်ဘူးပေါ့"
ဧည့်သည်တွေကို တစ်နေကုန် လိုက်ရှင်းပြရင် တစ်ခါတလေ နှစ်သောင်းကနေ သုံးသောင်းကျပ်ရပေမယ့် ဒီထက် နည်းပြီးရတဲ့ အကြိမ်တွေလည်း အများကြီးရှိပါတယ်။
ထက်ကြီးဟာ မိဘတွေ နွမ်းပါးတာကြောင့် လေးတန်းအထိသာ ပညာသင်ကြားခဲ့ရပြီး ကျောင်းထွက်ခဲ့ရသူပါ။
ဒါပေမဲ့ သူငယ်ချင်းတွေနဲ့ ဘုရားတွေမှာဆော့ကစားရင်း ဧည့်လမ်းညွှန်တွေရဲ့ ပြောဆိုတာ ကို လေ့လာမှတ်သားပြီး အခုလို ဂိုက်လုပ်တတ်လာတာလို့ ထက်ကြီးက ပြောပါတယ်။
"သားဘုရားမှာ သွားဆော့ရင်းနဲ့ ဂိုက်တွေရှင်းပြတာနားထောင်ပြီး ကိုယ်က မုန့်ဖိုးရချင် တော့ကျ ဧည့်သည်တွေကို ပြန်ရှင်းပြတာပေါ့။ ရှင်းရှင်းပြတော့ ရှင်းရင်းရှင်းရင်း ကနေပြီးတော့ တတ်သွားတော့ ကိုယ်လည်း ၁၁၊ ၁၂ လောက် ကျတော့ ဂိုက်လိုက်တတ် တာပေါ့"
အရင်က ပုဂံဘုရားဖူးကားပေါ်မှာ ရှင်းပြနေတဲ့ ထက်ကြီးကို ဧည်သည့်တစ်ဦးက တီကောင် ကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲလို့မေးချိန် သူက “တွန့်လိမ် တွန့်လိမ်”လို့ ပြောလိုက်တာ ဟာ လူမှုကွန်ရက် (Tiktok) မှာ နာမည်ကြီးသွားဖူးပါတယ်။
ဒါကြောင့် ထက်ကြီးကို လူမှုကွန်ရက်ကနေ သိနေကြတဲ့ဧည်သည်တွေဟာ သူ့ကို ဧည့်လမ်းညွှန်အဖြစ်ခေါ်ရင်း အမှတ်တရ ဓာတ်ပုံတွဲရိုက်သူတွေပါ ရှိလာတယ်လို့ ထက်ကြီးက ပြောပါတယ်။
သားသမီးကိုးဦးအနက် လေးဦးမြောက်ဖြစ်တဲ့ ထက်ကြီးကိုမွေးပြီးကတည်းက ပင်ပန်းတဲ့အလုပ်တွေ မလုပ်ရတော့လို့ ကျေးဇူးတင်တယ်လို့ ထက်ကြီးရဲ့ မိခင် ဒေါ်မာမာလင်းက RFA ကို ပြောပါတယ်။
"သူ့မွေးရတာ ကိုယ်လည်း မဆင်းရဲတော့ကျ ဒီသမီးကို ကျေးဇူးတင်တာပေါ့။ သူ့မွေးပြီးကတည်းက ညီမ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း မလုပ်ရတာလေ။ အဝတ်ဖွပ်ရတယ်။ ထင်းခွေရတယ်။ အနင်းလိုက် ရတယ်။ ဒီ့အပြင် ဆိုရင်တော့ ဆင်းရဲပင်ပန်း လုပ်ခဲ့ရတယ်လေ။ သူလေး မွေးပြီးတော့ ဘာမှမလုပ်ရဘူး"
ထက်ကြီး ဧည့်လမ်းညွှန်လုပ်ပြီး တစ်ယောက်တည်းမပြန်ရအောင် ဆိုက်ကယ်နဲ့ လိုက်ခေါ်ပေးနေတဲ့ သူငယ်ချင်းဖြစ်သူ ကိုခန့်ကတော့ သူ့ကို ဒီထက်မက တိုးတက်အောင်မြင်စေချင်တယ်လို့ ပြောပြပါတယ်။
"တချို့ ဧည့်သည်တွေကျ အလုပ်တွေနဲ့လေ။ ဒီဘုရားဖူးကို လာသာလာရတာ အလုပ်ကတစ်ဖက်နဲ့ ဆိုတော့ကျ သူတို့က ဒီဘုရားဖူးရင်း တစ်ခါတည်း ပြန်ချင်တာမျိုးတွေ ရှိတယ်ဗျာ။ အဲလိုမျိုးကျ သူ့ကို ဒီပြန်မပို့နိုင်တဲ့ အခါမျိုးကျ သူလမ်းလျှောက်ပြီး ပြန်လို့ရှိရင်လည်း တစ်ယောက်တည်း အဆင်မပြေတော့ကျလေ လိုက်လိုက်ပြီး ခေါ်စရာမလိုအောင် တစ်ခါတည်း သူ့နောက်ကနေ လိုက်လာတာပါဗျ။ သူဒီထက်ပိုပြီး အောင်မြင်စေချင်ပါတယ်။ ဒီထက်ပိုပြီး ကြိုးစားစေချင်တယ်"
မိဘကျေးဇူးကို သိတတ်လိမ္မာတဲ့ ထက်ကြီးလို သားသမီးတစ်ဦးရှိနေတဲ့အပေါ် မိခင်ဖြစ်သူလည်း ကျေနပ်ဂုဏ်ယူ နေသလို သူငယ်ချင်းမိတ်ဆွေတွေကလည်း ဂုဏ်ယူတယ်လို့ ပြောကြပါတယ်။
ဒါပေမဲ့ ကိုဗစ် - ၁၉ နဲ့ နိုင်ငံရေးပဋိပက္ခ နောက်ဆက်တွဲကြောင့် ပုဂံဒေသကို ခရီးသွားလာရောက်မှု အရင်ထက် နည်းသွားတာကြောင့် မိသားစုဝမ်းရေးအတွက် ဧည့်သည်တွေကို မှီခိုနေရတဲ့ ထက်ကြီးအပါအဝင် ဧည့်လမ်းညွှန်ကလေးတွေကတော့ ဘုရားဖူးဧည့်သည်တွေကို စောင့်မျှော်နေကြရဆဲ ဖြစ်ပါတယ်။