ဝယ်သူမရှိလို့ ကုန်စိမ်းသီးနှံစိုက်သူတွေ အရှုံးပေါ်နေ

RFA Burmese
2024.03.05
ဝယ်သူမရှိလို့ ကုန်စိမ်းသီးနှံစိုက်သူတွေ အရှုံးပေါ်နေ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းမှ တောင်သူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းကြီးမြင့်လာတာတွေကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ်‌အသီးသီးမှာ တောင်သူတွေဟာ အရင်းအနှီးများစွာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြရပါတယ်။

"ဒီမှာ တချို့ဆိုရင် နွားတွေ ခုတ်ကျွေးနေကြပြီ။ သူငယ်ချင်းတွေဆိုရင် ဂေါ်ဖီထုပ်တွေရော၊ ပန်းမုံလာပွင့်တွေရော။ မေမြို့ပန်းသမားတွေလည်း ရှုံးတယ်။ ဒီနှစ် ကုန်စိမ်းသမားက အကုန်ရှုံးတယ်။ အခုဆိုရင်ဗျာ ငရုတ်သီးစိမ်းဆိုရင် စျေးမကောင်းဘူး။ အားလုံးရှုံးတယ်"

ဒါကတော့ ရာသီပေါ် သီးနှံစိုက်သူတွေ ဝယ်သူမရှိလို့ အရင်းရှုံးနေတဲ့အကြောင်း ကိုရဲလင်း ပြောပြတာပါ။

"စိတ်ကူးယဥ်ပြီးတော့ ဒါတွေက စိုက်ကြတာပါပဲ။ ပထမဆုံး ငွေအရင်းအနှီးပေါ့"

ကိုရဲလင်းက မန္တလေးမြို့အနီး အင်းဝမြို့ဟောင်းမှာ ဂေါ်ဖီပန်း၊ ဂေါ်ဖီထုပ်၊ ငရုတ်၊ ခရမ်းချဥ် စတဲ့ သီးနှံတွေကို လေးဧကလောက် စိုက်ပျိုးထားတာပါ။

အရင်နှစ်တွေကတော့ တောင်သူတွေ စိုက်သလောက် ပြန်ရောင်းကုန်သလို စျေးကောင်းလည်းရတယ်လို့ ဆိုပါတယ်။ တစ်နှစ်ထက်တစ်နှစ် အထွေထွေကုန်ကျစရိတ်တွေ တက်လာပေမယ့်လည်း ဒီနှစ်သီးနှံစျေးက အရင်နှစ်တွေက ရတဲ့စျေးရဲ့ တစ်ဝက်လောက်သာရပြီး မရောင်းရတဲ့အတွက်ကြောင့် အရင်းရှုံးကြတယ်လို့ ကိုရဲလင်းက ပြောပါတယ်။

"ဝယ်တဲ့သူ များပြီးတော့ စျေးက ဥပမာ မုံလာပွင့် တစ်ပွင့် တစ်ရာ့ငါးဆယ်နဲ့ ရောင်းရတယ်ဆိုရင်ကို ကျွန်တော်တို့က အဆင်ပြေတယ်။ ခုနောက်ပိုင်းကျ ဒီအခင်းထဲတင်ကို ရှစ်ဆယ်၊ တစ်ရာနဲ့ ဝယ်သူကမရှိဘူး ဆိုတော့ ဒိပြင်ဆီ သွားပို့တယ်ဆိုရင်လည်း ဆီစျေးနဲ့ ကားခနဲ့ဆိုတော့ ဒီအခင်းထဲထားလိုက်တာကမှ တော်သေးတယ်လေ။ ကျန်တဲ့ဟာတွေဆိုရင် ဒိပြင်စရိတ်တွေကုန်ပြီး ပိုပြီးရှုံးကုန်ကြမှာ"

ဂေါ်ဖီစိုက်သူတချို့ကတော့ ဝယ်သူမရှိ၊ စျေးကွက်လည်းမရှိလို့ စိုက်ထားသမျှတွေကို စွန့်ပစ်နေကြရတယ်လို့ သူကပြောပါတယ်။

ကိုရဲလင်း အခုလို ရောင်းရတာကတော့ သူစိုက်ထားတဲ့ ဂေါ်ဖီပန်းတွေ ဝယ်မယ့်သူမရှိတဲ့ အကြောင်း အွန်လိုင်းမှာ ပိုစ့်တင်ရေးသားခဲ့တာကြောင့်လို့ ဆိုပါတယ်။

အဲဒီနောက် မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့က အလှူရှင်တွေက လိုအပ်တဲ့နေရာတွေ ပြန်လှူဖို့ သူ့စိုက်ခင်းကို ကိုယ်တိုင် လာရောက်ဝယ်ယူကြပါတယ်။

"ဒီက ညီမတွေက tiktok အကောင့်မှာ တွေ့တာပေါ့နော်။ မုံလာပွင့် စျေးတွေကလည်း တအားကျတယ်ပေါ့။ စျေးက ကျတဲ့အခါကျတော့ မိဘမဲ့ကျောင်းတွေ၊ ပရဟိတကျောင်းတွေတို့၊ ဘုန်းကြီးကျောင်းတွေတို့၊ သီလရှင် ကျောင်းတွေတို့ လှူချင်တယ်ပေါ့။ ဒါဆို သွားကြမယ်ဆိုပြီး ရောက်ခဲ့တာ။ ခုဟာက စျေးက အဝါကလည်း နှစ်ရာပဲ။ ဘရိုကိုလီကလည်း နှစ်ရာပဲ။ အပွင့် ငါးရာဆိုတော့ တစ်သိန်းဖိုးပေါ့။ ကားခနဲ့ တွက်ရင် တစ်သိန်းခွဲဖိုးလောက် သွားကျတာပေါ့"

ဒါက ဂေါ်ဖီပန်းတွေကို မန္တလေးမြို့ကနေ ကားနဲ့လာဝယ်ပြီး လှူဒါန်းကြတဲ့အဖွဲ့က ကားဆရာ ကိုအောင်လင်း ပြောပြတာပါ။

ပြီးခဲ့တဲ့နှစ်တွေက စိုက်ခင်းထဲမှာတင် ဂေါ်ဖီပန်းတစ်ပွင့်ကို ငွေကျပ် လေးရာကျော်အထိ စျေးရခဲ့ကြတာပါ။

လက်ရှိမှာ နှစ်ရာကျပ်လောက်နဲ့သာ ရောင်းချနေရတော့သလို မန္တလေးမြို့က ပွဲရုံတွေကလည်း လမ်းကြောပိတ်ဆို့ ကြန့်ကြာတာတွေကြောင့် ဝယ်ယူရောင်းချတာ မရှိတော့ဘူးလို့ ဆိုပါတယ်။

စိုက်ခင်းကထွက်တဲ့ သီးနှံတွေကို ကားနဲ့သွားရောင်းရင်လည်း သယ်ယူစရိတ်များလို့ အမြတ်မရကြဘူးလို့ ပြောပါတယ်။

ဒီအခြေအနေအတိုင်းဆိုရင် သူရင်းနှီးထားတဲ့ ငွေကျပ် သိန်း ၆၀ ထဲက သိန်း ၂၀ ကျော်သာ ပြန်ရနိုင်မယ်လို့ ကိုရဲလင်းက ခန့်မှန်းပါတယ်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းမှ တောင်သူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းမှ တောင်သူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းအဆမတန် မြင့်တက်လာတာကြောင့် စိုက်ပျိုးရေးဆေးတွေ၊ မြေသြဇာတွေကို စျေးကြီးပေးပြီး ဝယ်ယူအသုံးပြုနေရတယ်လို့ ကုန်စိမ်းသီးနှံစိုက်သူတွေက ပြောပါတယ်။

ဒါပေမဲ့ တောင်သူတွေ စိုက်ပျိုးထားကြတဲ့ ဂေါ်ဖီ၊ ငရုတ်၊ ခရမ်းချဥ် အပြင် တစ်ခြား ကုန်စိမ်းသီးနှံတွေ ဒီနှစ်လှိုင်လှိုင်ပေါ်ချိန်မှာ အရင်နှစ်တွေကလောက် စျေးမရကြဘူးလို့ ဆိုကြပါတယ်။

လက်ရှိစျေးကွက်အခြေအနေတွေကြောင့် အမြတ်ရဖို့မျှော်လင့်လို့ မရတော့ဘဲ အများကြီးမရှုံးဖို့ကိုပဲ ကိုရဲလင်းလို သီးနှံစိုက်သူတွေ စိုးရိမ်နေကြရပါတယ်။

"တောင်သူတွေကတော့ ဒီလိုမျှော်လင့်ချက်နဲ့ စိုက်ကြတာပဲ။ ကောင်းလာမလား ကောင်းလာမလားဆိုပြီး။ ဒီနှစ်မကောင်းရင် နောက်နှစ်ကောင်းမလားဆိုပြီး။ ခု နောက်ထပ်စိုက်တဲ့ဟာလည်း ရှိသေးတယ်။ ကောင်းမလား ဆိုပြီးတော့ စိုက်တာပဲ။ ဒါပေမဲ့ လက်တွေ့ကတော့ ကောင်းကို မကောင်းဘူး။ စိတ်ကူးယဥ်ပြီးတော့ ဒါတွေက စိုက်ကြတာပါပဲ။ ပထမဆုံး ငွေအရင်းအနှီးပေါ့။ ပြီးတော့ အချိန်ပေါ့။ ပြီးရင် လူရော ပင်ပန်းတာပေါ့"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။