ပုဂံက မိရိုးဖလာ နွားမွေးမြူရေး
2023.03.09

ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် ပုဂံရှေးဟောင်းနယ်မြေကို အလည်လာ ရောက်သူတွေ အနေနဲ့ ဘုရား၊ ပုထိုး၊ စေတီနဲ့ ရှေးဟောင်းအဆောက်အအုံတွေ ကြားထဲမှာ နွားတွေအများအပြားနဲ့ နွားကျောင်းနေကြတာကို တွေ့ဖူးကြမှာပါ။
အဲဒီမှာတွေ့ရတဲ့ နွားတွေဟာ ပုဂံမြို့အနီးက အနောက်ဖွားစော၊ အရှေ့ဖွားစော၊ မင်းနန်သူ၊ သူဌေးကန် စတဲ့ရွာတွေကဖြစ်ပြီး ဘုရား၊ ပုထိုး၊ စေတီနဲ့ ရှေးဟောင်းအဆောက်အအုံ တွေကြားက မြေကွက်လပ်တွေ၊ မြက်ရိုင်းတောတွေကလည်း နွားတွေအဖို့ စားကျက်မြေ ဖြစ်ပါတယ်။
"မိုးမရွာဘူးဆိုတော့ နွားစာခက်ခဲတာပေါ့။ အခက်အခဲကတော့ သူတို့ကျွေးဖို့ဝယ်ရတာ မလွယ်တာပေါ့"
ပုဂံ၊ ညောင်ဦးဒေသခံမှာ နွားမွေမြူရေးကို မိရိုးဖလာလုပ်ကိုင်လာကြသလို အငှားနွား ကျောင်းသူတွေကလည်း အများအပြားရှိပါတယ်။
တစ်နေ့သုံးထောင်ကျပ်နဲ့ နွားကျောင်းခဲ့တာ ငါးနှစ်ရှိပြီဖြစ်တဲ့ အနောက်ဖွားစောရွာခံ မဝင်းဌေးက ကိုယ်ပိုင်နွားတွေနဲ့ အခြားနွားတွေအပါအဝင် အကောင်ရေနှစ်ရာခန့်ကို နေ့စဉ် အမျိုးသမီးလေးဦး စုကျောင်းတယ်လို့ RFA ကို ပြောပါတယ်။
"သူများနွား အငှားကျောင်းတာ။ ကိုယ့်နွားလည်း ပါတယ်။ ကိုယ့်နွားကတော့ လေး၊ ငါးကောင်တည်းပါ။ ရွာကလူတွေ စုကျောင်းတာလေ။ ဒီလို လပြတ်နဲ့ကျောင်းတဲ့လူ မရှိတော့ကျတော့ ၁၅ ဦးဆို ၁၅ ဦး၊ ဦး ၂၀ ဆို ဦး ၂၀ စုပြီးတော့ ကျောင်းတာ။ စုလိုက်တော့ အလှည့်ကျတစ်နေ့ကို နွားအကောင် ၂၀၀ ကို နွားများတဲ့လူက ငါးကောင်၊ ခြောက်ကောင်သမားက နှစ်ရက်၊ သုံးကောင်သမားက တစ်ရက်နဲ့ အဲလိုအလှည့်ကျနဲ့ ကျောင်းတာ။ ကိုယ့်အလှည့်ကျလို့ မလိုက်နိုင်တဲ့သူက ၃၀၀၀ ပေးငှားတာ"
နွားကျောင်းသူတွေဟာ နွားတွေနဲ့အတူ မနက် ၁၁ နာရီခွဲကစပြီး ပုဂံမှာရှိတဲ့ ဘုရားတွေ ဘက် နွားကျောင်းထွက်ကြသလို ညနေ ၄ နာရီခွဲမှာတော့ ပြန်သိမ်းကြပါတယ်။
အသက် ၉၂ နှစ်အရွယ် အနောက်ဖွားစောရွာခံ ဒေါ်သန်းရင်ကလည်း ငယ်ငယ်ကတည်းက နွားမွေးမြူခဲ့ပြီး အာနန္ဒာ၊ ထီးလိုမင်းလိုနဲ့ ရွှေဆံတော်ဘုရား အပါအဝင် ပုဂံကသုသာန်ပါ မကျန် နွားကျောင်းခဲ့တာလို့ ပြောပါတယ်။
"အဲဒီ အကောင်ရေ ဘာတွေတော့ မမှတ်ဘူးကွဲ့။ လေးငါးခြောက်ကောင်တွေပဲ။ နို့တွေ ညှစ်ရောင်းပေါ့။ ပုဂံနယ်တွေ ကျောင်းရတာပဲ။ ဟိုး ပုဂံသုသာန်တွေရော ဘာသံတွေရော အကုန်လုံးရောက်ခဲ့။ တောင်သူတွေလုပ်တာ နွားစာတွေ နှုတ်ကျွေးပေါ့"
ပုဂံဒေသက နွားမွေးမြူသူတွေဟာ နွားနို့ညှစ်ရောင်းကြသလို ကျွေးတိုးနွားလို့ခေါ်တဲ့ နွားပေါက်ငါးလသားအရွယ် ဝန်းကျင်တွေကိုပါ ရောင်းချကြပါတယ်။ နို့စားနွားမ တစ်ကောင်ဟာ သားမခွဲခင်ငါးလခန့်အထိ နွားနို့ညှစ်လို့ရပြီး တစ်လီတာတစ်ဘူးကို ၁၅၀၀ ကျပ်ရတယ်လို့ နွားမွေးမြူသူတွေက ပြောပါတယ်။
မိုးတွင်းမှာ နွားစာအတွက် သိပ်မခက်ခဲပေမယ့် နွေရောက်လာရင် ပြောင်းရိုး၊ ပဲမှော်၊ မြက်ခြောက် စတဲ့နွားစာတွေ ဝယ်ယူရပြီး နွားကျောင်းခပါ ပေးရတာကြောင့် တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် နွားနို့ညှစ်ရောင်းချရတာပါ။
နွားမတွေကို နို့ညှစ်တဲ့အခါ နွားသားပေါက်လေးတွေ နို့မဝပေမယ့်လည်း အခြား အလုပ်မရှိတာကြောင့် မဖြစ်မနေလုပ်ရတာပဲလို့ နွားနို့ညှစ်ရောင်းချနေရတဲ့ အနောက်ဖွားစောရွာခံ ဒေါ်တင်ပိုက RFA ကို ပြောပါတယ်။
"ကလေးက နို့မဝဘူး၊ အိမ်ကအစာ ကျွေးရတာပဲ။ မညှစ်ဘဲနေရင်တော့ ပိုကောင်းတာပေါ့၊ သူတို့ ဝတာပေါ့။ သူတို့အတွက်တော့ စို့ချင်တိုင်း မစို့ရဘူးပေါ့။ ပဲမှော်လေးတွေ ဘာလေးတွေ ညှစ်ပြီးချပေါ့။ အလုပ်ကလည်း ဒီအပြင်အလုပ်က မရှိဘူးလေ။ သူတို့ကရမှဖြစ်မှာ ညှစ်ရတာပဲ။ အခုညကျတော့ နွားဖက်ရည်တို့ဘာတို့နဲ့ နို့ပြည့်အောင် ကျွေးရတာလေ။ မိုးမရွာဘူးဆိုတော့ နွားစာခက်ခဲတာပေါ့။ အခက်အခဲကတော့ သူတို့ကျွေးဖို့ဝယ်ရတာ မလွယ်တာပေါ့"
လက်ရှိ သားပေါက်နေတဲ့ သူ့ရဲ့နွားမသုံးကောင်ကနေ တစ်နေ့ကို နွားနို့ငါးလီတာလောက် ရတယ်လို့လည်း ဒေါ်တင်ပိုက ဆိုပါတယ်။
ပုဂံမြို့သစ်ကိုသွားတဲ့လမ်းရဲ့ တစ်ဘက်တခြမ်းမှာရှိတဲ့ အရှေ့ဖွားစောနဲ့ အနောက်ဖွားစော ရွာအနက် အိမ်ခြေတစ်ရာခန့်ရှိတဲ့ အနောက်ဖွားစောရွာကတော့ အိမ်တိုင်းနီးပါး မိရိုးဖလာနွားမွေးမြူကြပြီး စုစုပေါင်း အကောင်ရေ တစ်ထောင်ကျော်ရှိပါတယ်။
ကိုဗစ်-၁၉ နောက်ဆက်တွဲ တရုတ်နယ်စပ်ဂိတ်တွေ ပိတ်လိုက်ပြီးနောက်ပိုင်း နွားဈေးတွေကျနေတယ်လို့ အနောက်ဖွားစောရွာမှာ နွား ၂၃ ကောင်မွေးမြူထားတဲ့ ဦးဝင်းအောင်က RFA ကို ပြောပါတယ်။
"နွားမရှိတဲ့အိမ်က သိပ်မရှိဘူး၊ တစ်ကောင်နှစ်ကောင်ပေါ့လေ။ နွားများတဲ့အိမ်က လေးငါး ဆယ်ကောင်၊ ၁၅ ကောင်၊ အကောင် ၂၀ အဲဒီလိုပေါ့။ အခု ဈေးကကျတယ်။ နွားပိုက်တော်တော်ကြီးမှ လေးငါးသိန်းလောက် ရတာ။ အရင် ၁၀ သိန်း၊ ကိုးသိန်း၊ ရှစ်သိန်း အဲလို နွားတစ်ကောင်ကို။ အခုဝယ်နေကြတာတွေက အောက်ကြေး၊ အောက်ကိုလျှိုလျှိုဝယ်နေတာ။ အောက်ကြေးဆိုတော့ အသားဈေးပေါ့။ ဒီကလည်း မထားနိုင်တဲ့လူက ရောင်းရတာပေါ့"
ကိုဗစ်မဖြစ်ခင်က အဲဒီရွာမှာ နွားအကောင်ရေ နှစ်ထောင်နီးပါးရှိခဲ့ပေမယ့် နွားစာ ဝယ်ယူရခက်ခဲတာနဲ့ စားဝတ်နေရေးကြောင့် ရောင်းလိုက်ရလို့ နွားအကောင်ရေ လျော့နည်းသွားတာလို့ နွားမွေးမြူသူတွေက ဆိုပါတယ်။
အနောက်ဖွားစောရွာ အပါအဝင် အညာဒေသကျေးလက်တွေမှာ နွားကိုမွေးမြူပြီး တောင်ယာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းကြတာဖြစ်လို့ ဒေသခံတွေကတော့ ကောက်ပဲသီးနှံတွေ ဈေးကောင်းရဖို့ မျှော်လင့်သလို နွားဈေးကောင်းဖို့လည်း မျှော်လင့်နေကြပါတယ်။