ပုဂံပြန် လက်ဆောင် ပုန်းရည်ကြီး
2023.01.19
ကမ္ဘာ့အမွေအနှစ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသဟာ ဘုရား၊ ပုထိုး၊ စေတီတွေ၊ ရှေးဟောင်း အနုသုခုမ လက်ရာတွေနဲ့ နာမည်ကြီးသလို ပုဂံဒေသထွက် ပုန်းရည်ကြီး ကလည်း နာမည်ကြီး စားစရာတစ်ခုဖြစ်ပါတယ်။
ပုန်းရည်ကြီးလုပ်ငန်းကို ပုဂံညောင်ဦးမြို့ပေါ်အပြင် အနီးအနားဝန်းကျင်ရွာတွေကပါ ဟိုးအရင်ကတည်းက လုပ်ခဲ့ကြပြီး ပုဂံရဲ့ပတ်ဝန်းကျင်မှာတင် ပုန်းရည်ကြီးလုပ်တဲ့ အလုပ်ရုံ (ဖို)တွေ အများအပြား ရှိပါတယ်။
ပုန်းရည်ကြီးလုပ်တဲ့ ဖိုမရှိသူတွေကလည်း ရွာတွေကထိုးတဲ့ ပုန်းရည်ကြီးတွေယူပြီး ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ ရောင်းချကြပါတယ်။
ပုန်းရည်ကြီးမှာ ပဲနဲ့ဆားသာပါဝင်ပြီး သဘာဝအတိုင်းလုပ်တာဖြစ်လို့ လူကြိုက်များသလို ပုန်းရည်ကြီး ထမင်းသုပ်၊ ဝက်ပုန်းရည်ကြီးဟင်း စသဖြင့် အမျိုးမျိုးလည်း လုပ်စားကြပါတယ်။
ပုန်းရည်ကြီးလုပ်ငန်းကို အဘိုးအဘွား၊ မိဘတွေလက်ထက်ကနေ လက်ရှိအထိ လက်ဆင့်ကမ်း လုပ်ကိုင်ခဲ့တာလို့ ပုဂံမှာရှိတဲ့ ပုန်းရည်ကြီးလုပ်ငန်းရှင် ဒေါ်မာလာက RFA ကို ပြောပါတယ်။
"ကျမတို့က ဒါမိရိုးဖလာပေါ့။ အဘတွေတုန်းကလည်း ဒီလုပ်ငန်းနဲ့ပဲ အသက်မွေး ဝမ်းကြောင်း ပြုခဲ့တယ်ပေါ့။ ကျမတို့ လက်ထက်ကျတော့လည်း ဒီလိုပေါ့ သားသမီးတွေ ဆင့်ပွားပြီးတော့လေ အဲလိုလေးတွေ လုပ်ငန်းလုပ်ခဲ့တာပေါ့။ ကျမတို့ကျတော့ ကိုယ်ကိုယ်တိုင် ကိုယ့်ဖိုနဲ့ကိုယ် လိုသလိုပေါ့။ အဆိမ့်လေးဖြစ်ချင်ရင် ဆိမ့်အောင်ပေါ့။ အကောင်းဆုံးဖြစ်အောင် ပဲအဆီနဲ့ လုပ်တယ်ပေါ့"
လက်ရှိမှာတော့ လုပ်ငန်းခွဲ အမှတ်တံဆိပ်တစ်ခုနဲ့ လုပ်ကိုင်နေတယ်လို့လည်း ဒေါ်မာလာက ပြောပါတယ်။
ပုန်းရည်ကြီးလုပ်ဖို့ ပထမဆုံး ပဲပိစပ်ကို ရေဆေး၊ ဒန်အိုးထဲထည့်ပြီး သုံးနာရီကြာ ပြုတ်ရပါတယ်။ ပြုတ်ပြီးရင် ပဲအဖတ်တွေကိုခပ်ထုတ်ပြီး ပဲအရည်ကို ဒယ်အိုးထဲမှာ နောက်ထပ်သုံးနာရီကြာအောင် ကျိုချက်ရတာပါ။
ဝါသနာအရရော စားဝတ်နေရေးအရရော ပုန်းရည်ကြီးအလုပ်ကို လုပ်နေတာ သုံးနှစ်ရှိပြီလို့ ကိုဝိုင်းမောင်က RFA ကို ပြောပါတယ်။
"ပုန်းရည်ကြီးဖြစ်အာင် ကျနော်တို့က သုံးနာရီလောက် အချိန်ပေးရတယ်။ ပုန်းရည်ကြီး ဖြစ်ဖို့၊ စားသောက်ဖို့ အရေးကို။ ပုန်းရည်ကြီး ထိုးလို့ရှိရင်လည်း ကျနော်တို့က ရေမကျန်အောင် ထိုးရတာဆိုတော့ တော်တော်လေးတော့ အချိန်ပေးရတယ်။ ဒီအလုပ်ကို ဝါသနာပါလို့လည်း လုပ်တယ်။ ပြီးကျတော့ ပညာလည်း ရတာဆိုတော့လေ။ ပညာသင်ယူရင်းနဲ့ သဘောနဲ့လည်း အဲလိုမျိုးလေး ကျနော်ကလုပ်တာပေါ့။ တစ်နေ့လုပ် တစ်နေ့စားဆိုတော့လည်း အဆင်ပြေတဲ့ တစ်နေ့လည်း ရှိတာပေါ့။ မပြေတဲ့ တစ်နေ့လည်းရှိတာပေါ့ "
ပဲပိစပ် တစ်အိတ်ပြုတ်ခ ၁၁၀၀၀ ကျပ်ရတာကြောင့် နှစ်ဦးရှိတဲ့အနက် တစ်ဦးကို ၅၅၀၀ ကျပ်ရပြီး ပဲအရည်ကနေ စားလို့ရတဲ့ ပုန်းရည်ကြီးအထိ ထပ်ထိုးရင် ၂၀၀၀ ကျပ် ထပ်ရလို့ တစ်နေ့ ၇၅၀၀ ကျပ်ရတယ်လို့ ဆိုပါတယ်။
အနယ်နယ်အရပ်ကလာတဲ့ ဘုရားဖူးဧည့်သည်တွေဟာ ပုဂံပြန်လက်ဆောင် ပုန်းရည်ကြီးကိုပဲ အဓိကထား ဝယ်သွားတယ်လို့ ပုဂံပြန်အမှတ်တရပစ္စည်းတွေ ရောင်းချနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီပုန်းရည်ကြီးနဲ့ မကျီးဖလိပ် ဒါဘဲ အဓိကရောင်းရတာ။ တော်တော်များများကတော့ လက်ဆောင်သဘောမျိုးနဲ့လည်း ဝယ်ကြတဲ့ သူတွေလည်းရှိတယ်။ တချို့ကျ ကိုယ် ကိုယ်တိုင် ကြိုက်လို့လာဝယ်တဲ့ သူတွေလည်း ရှိတယ်ရှင့်။ တချို့ကလည်း သုံးလေးဘူး လောက်ပေါ့နော်။ အချို့ကျ ကိုယ့်အလုပ်သမားတွေပေးဖို့ ကုမ္ပဏီပိုင်ရှင်တွေရှိတယ်။ အချို့ကျ မိတ်ဆွေတွေ ပေးဖို့ရှိတယ်။ အဲလို အမျိုးမျိုးပေါ့။ ကုမ္ပဏီတွေကျတော့ ဝန်ထမ်းတွေ ဘာတွေတို့ အသိမိတ်ဆွေတွေ ပေးချင်ရင်တော့ များများရောင်းရပါတယ် ရှင့်"
ပုန်းရည်ကြီး အမှတ်တံဆိပ်အမျိုးမျိုးရှိတဲ့အနက် အမှတ်တံဆိပ်ပေါ် မူတည်ပြီး တစ်ထုပ်ကို ကျပ် ၁၅၀၀ နဲ့ ၁၆၀၀ ဝန်းကျင်အထိ ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အခုနောက်ပိုင်း ပဲပိစပ်စျေးကြီးလာတာ တံဆိပ်အပါအဝင် ထုတ်ပိုးမှုအတွက် ကုန်ကျစားရိတ်တွေ စျေးကြီးလာတာကြောင့် ပုန်းရည်ကြီးလုပ်ငန်း လုပ်ကိုင်သူတွေ အခက်အခဲအချို့နဲ့ ရင်ဆိုင်နေရပါတယ်။
"ပဲဈေးတက်တယ်။ ကုန်ဈေးနှုန်းတက်တယ်။ ကျနော်တို့မှာ တံဆိပ်ဖိုး၊ အိတ်ဖိုးအကုန် အစစအရာရာ ဈေးတက်တယ်။ "
၂၀၁၄ ခုနှစ်ကတည်းက ဒီလုပ်ငန်းကိုစလုပ်ခဲ့တဲ့ ရွှေရစ်မင်းပုန်းရည်ကြီးလုပ်ငန်းပိုင်ရှင် ဦးသောင်းနိုင်ဦးက လက်ရှိကုန်ဈေးနှုန်းတွေ တတ်တာကြောင့် အကျိုးအမြတ် သိပ်မကျန်တော့ဘူးလို့ RFA ကို ပြောပါတယ်။
"ပဲဈေးတက်တယ်။ ကုန်ဈေးနှုန်းတက်တယ်။ ကျနော်တို့မှာ တံဆိပ်ဖိုး၊ အိတ်ဖိုးအကုန် အစစအရာရာ ဈေးတက်တယ်။ ကျနော်တို့တံဆိပ်က နုသေးတယ်။ အဲ တခြားတံဆိပ် များလို မအောင်မြင်သေးဘူးပေါ့လေ။ သူ့အထိုက်အလျောက်ပဲ အောင်မြင်နေသေးတဲ့ အချိန်ဆိုတော့ ကျနော်တို့က တစ်နေ့ကို အချိန်သုံးဆယ်လောက်ပဲ ရောင်းရတယ်။ အကျိုးအမြတ်ခံစားမှုက တစ်နေ့မှ အခုရက်ပိုင်းတွက်မယ်ဆိုရင် ရှစ်ထောင်၊ တစ်သောင်းပါပဲ"
ပဲပိစပ် ပိဿာချိန် ၃၀ ဝင်တစ်အိတ်ဟာ ၂၀၁၅ ခုနှစ်မှာ ၂၅၀၀၀၊ ၃၀၀၀၀ သာရှိပေမယ့် လက်ရှိ ၈၅၀၀၀ နဲ့ ၉၀၀၀၀ အထိရှိသလို အမှတ်တံဆိပ်ရိုက်ခလည်း လက်ရှိ သုံးဆလောက်အထိ တက်သွားတယ်လို့ ဆိုပါတယ်။
ပုံမှန်ဖောက်သည် မရှိပေမယ့်လည်း ရန်ကုန်၊ မန္တလေးအပါအဝင် နယ်တွေက မှာတာကြောင့် ပုန်းရည်ကြီးကျိုတဲ့ အလုပ်သမားသုံးဦး၊ ထုတ်ပိုးသူသုံးဦးနဲ့ တစ်နေ့ ပိဿာချိန်သုံးဆယ် ပုံမှန်လုပ်နေတယ်လို့ ဦးသောင်းနိုင်ဦးက ပြောပါတယ်။
လက်ရှိ ကုန်ကြမ်းပစ္စည်အပါအဝင် အစစရာရာ ဈေးနှုန်းမြင့်တက်မှုကြောင့် ပုန်းရည်ကြီးလုပ်ငန်း လုပ်ကိုင်တွေမှာ စိန်ခေါ်မှု အခက်အခဲတွေ ရှိနေပါတယ်။
ဒါပေမဲ့ ဒေသထွက်ရိုးရာလုပ်ငန်း ဖြစ်သလို ပုဂံကိုလာတဲ့ ဧည့်သည်တွေရဲ့ အိမ်ပြန် လက်ဆောင်တစ်ခုဖြစ်နေတဲ့ ပုန်းရည်ကြီး မတိမ်ကော မပျောက်ပျက်အောင် ဆက်လုပ်နေကြဦးမှာလို့ ပုန်းရည်ကြီးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောကြပါတယ်။