အသက်နဲ့ ရင်းရပေမယ့် ဝမ်းမဝ၊ ခါးမလှတဲ့ ထန်းသမားဘဝ

RFA Burmese
2023.02.23
အသက်နဲ့ ရင်းရပေမယ့် ဝမ်းမဝ၊ ခါးမလှတဲ့ ထန်းသမားဘဝ အညာဒေသ ပုဂံမြို့ဟောင်းမှ ထန်းတက်သမားတစ်ဦးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
RFA

ပုဂံမြို့ဟောင်း အညာဒေသမှာ ထန်းပင်၊ ထန်းတောတွေဟာ လက်ညှိုးထိုး မလွဲအောင် ပေါများလှပါတယ်။ အညာနဲ့ ထန်းဟာ ခွဲခြားလို့ မရပါဘူး။ ဒါပေမဲ့ ထန်းပင်တွေကို အမှီပြုပြီး အသက်မွေးရတဲ့ ထန်းသမားတွေရဲ့ ဘဝကတော့ ခက်ခဲပင်ပန်းပြီး နေ့စဉ်စားဝတ်နေရေးအတွက် အသက်ကို ရင်းထားရတဲ့ အလုပ်မျိုးပါ။

ဆောင်းအကုန် နွေအကူး ပြာသို၊ တပို့တွဲလတွေမှာ ထန်းပင်တွေကနေ ထန်းရည် စထွက်တဲ့အချိန်ကို ဒေသခံတွေက ထန်းဖိုဦးလို့ သတ်မှတ်ပါတယ်။ ထန်းဖိုဦး ပြီးလို့ ထန်းသီး သီးတဲ့အချိန်ကို အလယ်သီးလို့ခေါ်ပြီး ထန်းရည် နောက်ဆုံးထွက်တဲ့ အချိန်ကိုတော့ သီးယဉ်လို့ ခေါ်ကြပါတယ်။

အဲဒီအချိန်အားလုံးဟာ ထန်းသမားတွေ အလုပ်များတဲ့ အချိန်တွေပါပဲ။

ထန်းတက်သမားတစ်ယောက်ရဲ့ဘဝ ဘယ်လောက် အန္တရာယ်များသလဲဆိုတာကို အသက် ၂၅ နှစ်အရွယ် ကတည်းက ထန်းသမားဖြစ်လာတဲ့ အသက် ၄၀ အရွယ် ကိုထွန်းမြိုင်က ရှင်းပြပါတယ်။

"ထန်းသမားရဲ့ဘဝကတော့ အသက်ကို စွန့်ရတာ။ လုံးလုံး အသက်စွန့်ပြီးကို တက်ရတာ။ တစ်ချက်ကလေး မှားလိုက်ရင် မတော်တဆ ကျသွားရင် တစ်ခါတည်း ပွဲချင်းပြီးပဲလေ။ ဒီအလုပ်ကို ကျနော်တို့ရဲ့ ဖခင်တွေက ဒီလို ထန်းတက်လာတာ ဆိုတော့ကျ တောက်လျှောက် သားသမီးတွေပါ တက်ဖြစ်တာပေါ့။ ကျနော်တို့ရဲ့ အဖိုးအဖွားတွေစပြီး ထန်းတက်လာတာကိုး။ ကျနော်တို့ ထန်းရာသီ တုံးသွားရင်ဆိုရင် ကူလီလိုက်ရတာပေါ့"

သူက ထန်းရာသီစပြီဆိုရင် တစ်နေ့ကို အပင်ပေါင်း ၆၀ လောက်အထိ တက်ရတယ်လို့ ပြောပါတယ်။

မိသားစုလိုက် ဝိုင်းလုပ်ကိုင်လို့ တစ်နေ့ကို ထန်းလျက် ပိဿာ ၄၀ လောက်ရရင် သူက သုံးရက်ခကို မိသားစုအတွက် ယူပြီး ထန်းပိုင်ရှင်ကို တစ်ရက်ခ အကြွေးဆပ်ရပါတယ်။

ထန်းရည်ကနေ ထန်းလျက်ဖြစ်အောင် အဆင့်ဆင့် ကျိုချက်ရပုံကို အသက် ၁၇ နှစ်အရွယ်ကတည်းက ထန်းလျက်ကြိုလာတဲ့ ဒေါ်ဇီးကွက်စိန်က ရှင်းပြပါတယ်။

"ဒယ်ထဲကို စစ်လိုက်ရတယ် အဝတ်နဲ့လေ၊ အမှိုက်မပါအောင် စစ်လိုက်ရတယ်၊ စစ်ပြီးတယ်ဆို ဖိုပေါ်ကို တင်လိုက်ရော၊ တင်ပြီးတော့ မီးထိုး၊ ကျပြီဆိုရင် ဖိုက်ပြီ။ ကျမတို့ဆီက ဖိုက်ပြီလို့ ခေါ်တာကိုး၊ ဖိုက်ပြီဆိုရင် မွှေရတယ်၊ ရင့်အောင်မွှေပြီးမှ အောက်ကိုချ၊ ချပြီးမှ အောက်ရောက်တော့မွှေ၊ ပြတ်ပြီဆိုမှ တင်၊ တင်ပြီးမှ ထိုးပြီး လုံးရတာ"

ထန်းရေမြူအိုး ဆယ်အိုးလောက်ကျိုမှ ထန်းလျက် တစ်ပိဿာလောက်ပဲ တင်ပါတယ်။ မနှစ်ကတော့ ထန်းလျက် ၄၃ ပိဿာ ရပြီး ကုန်သည်တွေဆီမှာ ရောင်းချနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ပုဂံမြို့ဟောင်းရှိ ထန်းတောတစ်ခုတွင် ထန်းရည်မြူအိုးများသယ်ဆောင်လာသည့် အမျိုးသမီးတစ်ဦးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ပုဂံမြို့ဟောင်းရှိ ထန်းတောတစ်ခုတွင် ထန်းရည်မြူအိုးများသယ်ဆောင်လာသည့် အမျိုးသမီးတစ်ဦးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ထန်းလျက်လုပ်ငန်းဟာ အရင်းနှီးကြီးပေမယ့် စီးပွားရေး အဆင်ပြေဖို့ကတော့ အတက်အကျ များလှတဲ့ ထန်းလျက်ဈေးပေါ်ပဲ မူတည်တယ်လို့ မိဘမျိုးရိုးစဉ်ဆက် ရိုးရာ ထန်းလျက်လုပ်ငန်း လုပ်ကိုင်သူ မနွယ်နီသန်းက ပြောပါတယ်။

"စီးပွားရေး အဆင်ပြေလားဆိုရင် ထန်းလျက်ဈေး ကောင်းရင် ကောင်းသလိုပေါ့၊ မကောင်းရင် မကောင်း သလိုပေါ့။ ထန်းလျက်ဈေးကောင်းတဲ့ အချိန်ဆိုရင် ဝင်ငွေဖြောင့်တာပေါ့၊ ထန်းလျက်ဈေး တအားကြီး ကျသွားရင် ဝင်ငွေ မဖြောင့်ဘူး။ ထန်းလျက်က အတက်အကျ ရှိတာကို ထန်းလျက်ဈေးက။ အရင်းအနှီး ရှိတာပေါ့။ မြူအိုးတစ်လုံးကို ၂၅၀၊ ၂၃၀။ ကြိုးခွေတစ်ခုကို ခြောက်ဆယ် ခုနှစ်ဆယ် ပေးရတယ်။ မြူအိုး၊ ကြိုးပေါ့၊ ဒယ်ပေါ့။ ဒယ်တစ်လုံးဆို အခု နှစ်သောင်းလောက် ရှိတယ်"

ထန်းပင်ပေါ်က ထန်းသီးကနေ နိုင်ငံတစ်ဝန်း လူအများစားသုံးတဲ့ ထန်းလျက်ဖြစ်လာတဲ့ လုပ်ငန်းမှာ ထန်းတက်သမား၊ မြူအိုးကောက်သူ၊ ထန်းလျက်ကျိုချက်သူ စသဖြင့် အဆင့်ဆင့် လုပ်ကိုင်ရသူ များလှသလို လူတစ်ဦးချင်း စီအတွက် ကုန်ကျစားရိတ်ကလည်း တစ်ဦးကို ကျပ်ငွေ တစ်သိန်းခွဲလောက်အထိ လိုအပ်တယ်လို့ သူက ပြောပါ တယ်။

ထန်းလျက်ပေါ်ကာစမှာ ဈေးက နည်းနည်းကောင်းပေမယ့် ထန်းလျက် လှိုင်လှိုင်ထွက်ချိန်ဆိုရင် ဈေးကျသွားတာမို့ ထင်သလောက် အကျိုးအမြတ် မရတဲ့နှစ်တွေကလည်း အများကြီးပါပဲ။

ပုဂံမြို့ဟောင်းရှိ ထန်းလျက်လုပ်ငန်းခွင်တစ်ခုကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ပုဂံမြို့ဟောင်းရှိ ထန်းလျက်လုပ်ငန်းခွင်တစ်ခုကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အကျိုးအမြတ်များဖို့အတွက် ထန်းမပေါ်ခင်ကတည်းက ထန်းသမားတွေကို ငွေကြိုပေးပြီး ထန်းလျက်ကောက်ရ၊ စုဆောင်းရတာလို့ ထန်းလျက်လုပ်ငန်းရှင် ဒေါ်သန်းဌေးက ရှင်းပြပါတယ်။

"ထန်းသမားတွေကျတော့ ကျမတို့က ငွေကြိုပေးရတယ်။ ငွေကြို နှစ်ပတ်လည်လေ။ တစ်ခါတစ်လေ ငါးသိန်း ခြောက်သိန်း၊ ဆယ်သိန်း အထိရှိတယ် ငွေကြိုပေးရတာ။ အဲဒါကတော့ နှစ်ပတ်လည်ထားရတာ။ သူတို့ ထန်းလျက် ကလေးတွေ တစ်ဆယ်လောက် ရသွားပြီဆိုရင် သုံးရက်ကို တစ်ရက် ကြွေးသွင်းတယ်။ နှစ်ရက်ကို သူတို့က စားဖို့ယူတယ်။ သုံးရက်တစ်ရက် ကြွေးသွင်းတယ်။ ကြွေး ဒီနှစ် မကြေဘူးဆိုရင် နောက်နှစ်တစ်ခါ ပြန် ထပ်တင်ပေါ့။ သူတို့ ဒီနှစ်တော့ မစားလောက်ဘူး၊ ငါးသိန်းပဲ ကျေတယ်ဆိုရင် ငါးသိန်းမှတ်ပေါ့။ ဆယ်သိန်းယူတဲ့ သူက ငါးသိန်းကျန်နေခဲ့တယ်။ သုံးသိန်းယူတဲ့သူက တစ်သိန်းပဲ သွင်းနိုင်တယ်ဆိုရင် နှစ်သိန်း ကျန်နေခဲ့တယ်။ အဲလိုပေါ့"

ဒီနှစ်ထန်းရာသီမှာတော့ ထန်းလျက် တစ်ပိဿာကို ၂၈၀၀ ကျပ် ဈေးနဲ့ ကောက်ယူပြီး အမြတ်များများရဖို့ ရန်ကုန်ကို တင်ပို့ ရောင်းချတယ်လို့ ဆိုပါတယ်။

ထန်းဟာ နှစ်ပေါင်း ရာကျော်သက်တမ်းရှိတဲ့ နှစ်ရှည်ပင်ဖြစ်ပြီး ထန်းတစ်ပင်ကနေ ထန်းရည်ရဖို့ ဆယ်နှစ်ဝန်းကျင် စောင့်ရပါတယ်။

"ထန်းသမားရဲ့ဘဝကတော့ အသက်ကို စွန့်ရတာ။ လုံးလုံး အသက်စွန့်ပြီးကို တက်ရတာ။"

ထန်းပင်ကနေ ထန်းရည်နဲ့ ထန်းလျက်ထွက်သလို အိမ်အတွက် အမိုးအကာ လုပ်နိုင်တာမို့ အညာသားတွေ အတွက် ထန်းက စွယ်စုံ အသုံးဝင်လှပါတယ်၊ ဒါပေမဲ့ အသက်နဲ့ ရင်းရသလောက် ဝင်ငွေမကောင်းတဲ့ ဒီအလုပ်ကို ပုဂံရဲ့ ဒီကနေ့ခေတ် လူငယ်တွေက စိတ်မဝင်စားတော့ပါဘူး။

အသက် ၁၆ နှစ်သားထဲက ထန်းတက်လာတဲ့ ကိုနေအောင်က သူတို့ခေတ်တုန်းက လူငယ်အများစုက ရိုးရာ ထန်းတက်တဲ့အလုပ်ပဲ လုပ်ကိုင်ခဲ့ကြပေမယ့် အခုခေတ် လူငယ်တွေကတော့ ပင်ပန်းပြီး ဝမ်းမဝ၊ ခါးမလှတဲ့ ထန်းသမားအလုပ်ကို စွန့်ခွာစပြုလာပြီလို့ ဆိုပါတယ်။

"ထန်း ရတဲ့အချိန် ရောက်လာရင်တော့ ပြေတော့ပြေလည်တာပေါ့။ ပြေလည်ပေမယ့်လည်း ဆင်းရဲမှ ရတာပေါ့လေ။ ကိုယ့်ဟာကိုယ် လုပ်ကိုင်စားရတာကိုး။ ရသလောက်နဲ့လေ၊ မရလည်း လှီးရတာကို။ ရသလောက်နဲ့ တင်းတိမ်ပေါ့။ များရင် များသလိုပေါ့။ ဒီစားသောက်ရေးက မိသားစုများ များသလို ကုန်ရတာကိုး။ ဝင်ငွေ ထွက်ငွေနဲ့ ကြည့်လုပ်ရတာပေါ့။ ဒီတောင်သူ အလုပ်သမား၊ တောသူတောင်သားက ဒါဘဲ လုပ်စားကြတာပေါ့လေ။ အခုခေတ် ကလေးတွေကတော့ မလုပ်တော့ဘူးလေ။ ပန်းရန်သမားနဲ့ လက်သမားနဲ့ လုပ်ကြတာပေါ့။ အရင်ခေတ်က လူတွေကတော့ ဒါပဲ တက်ကြတာပဲ"

ကိုနေအောင်ဟာ ငယ်ငယ်က ဖခင်ထန်းတက်တာကို ကူညီရာကနေ သူလည်း ထန်းသမား ဖြစ်လာတာပါ။ ငယ်ငယ်က တစ်နေ့ကို ထန်းအပင် ၈၀ လောက်အထိ တက်နိုင်ခဲ့ပေမယ့် အခု အသက်အရွယ် ရလာချိန်မှာတော့ တစ်နေ့ကို အပင် ၂၀ လောက်ပဲ တက်နိုင်ပါတော့တယ်။

နှစ်ပေါင်း ၃၀ ကျော် ထန်းတက်လာခဲ့ပေမယ့် သူ့မှာ ကိုယ်ပိုင် ထန်းပင်တစ်ပင်မှ မရှိပါဘူး။ ခါးလှဖို့ မပြောနဲ့ နေ့စဉ် ဝမ်းဝဖို့ကို မနည်းရုန်းကန်နေရတာလို့ ဆိုပါတယ်။

အညာနဲ့ ထန်းကို ခွဲခြားလို့ မရပေမယ့် ဒီကနေ့ခေတ် အညာသားလူငယ်တွေ ရိုးရာထန်းတက်တဲ့အလုပ်ကို ဆက်လက်ထိန်းသိမ်းဖို့ ဆိုတာကတော့ မသေချာတော့ဘူးလို့ ဘဝတစ်သက်တာ ထန်းတက်သမား ကိုနေအောင်က ရှင်းပြသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။