ယိုးတရုပ်ကျေးရွာ ရဲစခန်းကို ရက္ခိုင့်တပ်မတော် ဝင်ရောက်တိုက်ခိုက်
2019.03.11
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ ရဲစခန်းကို ရက္ခိုင့်တပ်မတော် AA က ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ က တင်ပြထားပါတယ်။
■ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ ရဲစခန်းကို မနေ့က ည ၁၁ နာရီ မိနစ် ၂၀ လောက်မှာ AA အဖွဲ့ဝင်အင်အား ၆၀ လောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ရဲစခန်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦး က RFA ကို အခုလို ပြောပါတယ်။
"မနေ့ညက ၁၁ နာရီ ၁၅ ဝန်းကျင်ခန့်မှာ ယိုးတရုပ်စခန်းမှာရှိတဲ့ ရဲကင်းစခန်းပေါ့ AA သောင်းကျန်းသူက အင်အားသာလွန်အင်အားနဲ့ လာပြီးတိုက်တာပေါ့၊ ၉ ယောက် ကျတာပေ့ါ၊ ၃ ယောက်ကတော့ ဒဏ်ရာရတာပေါ့၊ စခန်းမှူးကတော့ လက်နက်ငယ်မှန်တာပေ့ါ၊ ကျန်တဲ့သူတွေက လက်နက်ငယ်ဒဏ်ရာ ရတာပေါ့၊ လက်နက်ကလား ပါတော့ပါသွားတယ်၊ အရေအတွက်ကတော့ စိစစ်ဆဲဖြစ်နေလို့ မသိဘူးဖြစ်နေတယ်ခင်ဗျ"
အဲဒီရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၁၃ ယောက်ခန့်သာရှိပြီး ပစ်ခတ်မှု နာရီဝက်ခန့်ကြာပြီးတဲ့နောက် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့တာဖြစ်ပါတယ်။ စခန်းမှူး ရဲမှူး စောသိန်းထွန်း အပါအဝင် ၃ ဦးကတော့ ဒဏ်ရာအနည်းငယ်ရခဲ့ကြတယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ယိုးတရုတ်ကျေးရွာဇာတိ ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ကျဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၉ ဦးထဲမှာ ၂ ဦးက ယိုးတရုပ်ကျေးရွာသားတွေဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့က မနေ့ကညက အိမ်မှာအိပ်နေကြပြီခင်ဗျ၊ ၁၁ နာရီခွဲနီးပါးလောက်ဆိုတော့ သေနတ်သံတော့ကြားတယ်၊ ဘာဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မသိဘူး၊ မိုးလင်းမှ ရဲစခန်းကို ဝင်တိုက်တယ်လို့ သတင်းကြားတယ်၊ ရဲ ၉ ယောက်ကျတယ်၊ စခန်းမှူးနဲ့ နောက်တစ်ယောက်က လွတ်သွားတယ်၊ ယိုး တရုပ်ရွာနားမှာ တိုက်ပွဲဖြစ်ပွားတယ်ဆိုတာ မရှိခဲ့ဘူး၊ အလောင်းတွေကိုတင်မယ့် ကားတွေတော့ဝင်လာတယ်၊ ပုဏ္ဏားကျွန်းက အလောင်းတွေကိုတော့ ပုဏ္ဏားကျွန်းမှာ ယိုးတရုတ်ရွာက အလောင်းတွေကိုတော့ ဒီမှာပဲသဂြိၤုဟ်တယ်၊ တိုက်ပွဲတွေဖြစ်တော့ လူတွေက နည်းနည်းစိုးရိမ်ကြတယ်ပေါ့၊ အခုက စာမေးပွဲလည်းနီးဆိုတော့ စိုးရိမ်စိတ်တွေတော့ ပေါ်တယ်ပေါ့၊ ၁၀ တန်းတွေ ဖြေနေကြတယ်၊ အထက်တန်းကျောင်းလည်းရှိတယ် စာစစ်ဌာနတစ်ခုရှိတယ်"
ယိုးတရုပ်ရွာမှာ အခုလို တိုက်ပွဲတွေ မဖြစ်ပွားခဲ့ဖူးတာကြောင့် ရွာသားတွေ ကြောက်ရွံ့နေကြတယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။ ယိုးတရုတ်ကျေးရွာဟာ ရန်ကုန် - စစ်တွေ ပြည်ထောင်စုလမ်းမကြီးဘေးမှာရှိပြီး နေအိမ်တစ်ထောင်ကျော်ရှိတဲ့ ရွာလုံခြုံရေးအတွက် ထားရှိတဲ့ ရဲစခန်းဖြစ်ပါတယ်။ အင်အားနည်းတဲ့ ရဲကင်းစခန်းတွေကို AA အဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်တာဟာ ရည်ရွယ်ချက်ရှိရှိ တမင်သိက္ခာချတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။
"အင်အားနည်းတဲ့စခန်းတွေကို ဒီကောင်တွေက လိုက်ပြီးတော့တိုက်နေတယ်၊ တကယ်တမ်းဆိုရင် ယိုးတရုပ်နားက ပြည်သူလူထုကို အကာအကွယ်ပေးတဲ့ လမ်းဘေးနားက စခန်းပဲလေ၊ ခိုင်သုခက ခဏခဏပြောနေတယ် သူတို့ရဲ့လုပ်ငန်းစဉ်ကို နှောင့်ယှက်တဲ့ကောင်တွေဆိုရင် လုပ်မယ်ဆိုပြီးပြောတယ်၊ အဲဒီယိုးတရုပ်နားမှာရှိတဲ့ စခန်းဟာဆိုရင် ဘာမှတပ်ကိုလည်း သတင်းပေးတာ မဟုတ်ဘူး၊ တပ်နဲ့လည်း ဘာမှဆက်စပ်တာ မဟုတ်ဘူး၊ တမင်ရည်ရွယ်ချက်ရှိရှိ သိက္ခါကျအောင် လုပ်တယ်လို့ထင်တာပဲ"
ညကတိုက်ပွဲနဲ့ပတ်သက်ပြီး AA သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကတော့ --
"ဒီယိုးတရုပ်ရွာက ရဲစခန်းကို တိုက်ခိုက်တယ်ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ဖက်ကနေ ဒီရွာမှာရှိတဲ့ ရဲစခန်းတွေကို တိုက်ခိုက်ဖို့ ညွှန်ကြားထားတာတော့ မရှိဘူးခင်ဗျ၊ ဒီနီးစပ်ရာတွေကို သွားတိုက်တာလည်း ဖြစ်နိုင်တယ်၊ အောက်ခြေတပ်တွေကနော်၊ ဒီကိစ္စဘယ်လိုဖြစ်ရသလဲဆိုတာကို ကျွန်တော်တို့ဖက်က စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်၊ အောက်ခြေတပ်တွေက တိုက်ခိုက်တာတော့ဖြစ်နိုင်တယ်၊ ဒါကတော့ စစ်ရုံးချုပ်ရဲ့ ဗဟိုညွှန်ကြားချက်နဲ့ တိုက်တာတော့ မဟုတ်ဘူး၊ အထက်ကနေညွှန်ကြားချက်နဲ့ တိုက်ခိုက်တာတော့ မဟုတ်ဘူး"
တစ်ဆက်တည်းပါပဲ ဘူးသီးတောင်မြို့နယ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရက္ခိုင့်တပ်မတော်အင်အား ၂၀၀ လောက်က ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ မနေ့က တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ အဲဒီလိုတိုက်ခိုက်တာတွေဟာ နိုင်ငံတော် နယ်မြေပိုင်နက်လုံခြုံရေး အချုပ်အချာတည်တံ့ခိုင်မြဲရေးနဲ့ ဒေသခံတွေ အိုးအိမ်စည်းစိမ် ကာကွယ်ရေးကို နှောင့်ယှက်ဖျက်ဆီးရာရောက်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ AA အဖွဲ့ကိုနှိမ်နင်းဖို့ ထိရောက်တဲ့စစ်ဆင်ရေးတွေနဲ့ ဆက်လက်နှိမ်နင်းသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ကလည်း ဘူးသီးတောင်မြို့နယ်ထဲက ရဲကင်းစခန်း ၄ ခုကို AA က တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပါတယ်။
ရခိုင်ပြည်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေတာ ၃ လ ကျော်နေပြီဖြစ်ပြီး တိုက်ပွဲပေါင်း ၁၀၀ ကျော်နဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိနေပြီလို့ သိရပါတယ်ခင်ဗျာ။
ကျွန်တော် ကျော်သူ ပါ ခင်ဗျာ။