ရန်ကုန်နဲ့ မန္တလေးမှာ နေအိမ်တစ်သောင်းကျော်ကို စစ်ကောင်စီ အမိန့်ထုတ်ဖယ်ရှား

RFA Burmese
2022.11.28
ရန်ကုန်နဲ့ မန္တလေးမှာ နေအိမ်တစ်သောင်းကျော်ကို စစ်ကောင်စီ အမိန့်ထုတ်ဖယ်ရှား စစ်ကောင်စီက ရွှေ့ပြောင်းဖယ်ရှားခိုင်းသည့် မင်္ဂလာဒုံမြို့နယ်ရပ်ကွက်တစ်ခုမှ နေအိမ်များ ပြောင်းရွှေ့နေသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
RFA

ရန်ကုန်နဲ့ မန္တလေးတိုင်းတွေမှာ စစ်တပ်နဲ့ အစိုးရဌာနပိုင် မြေတွေကို ကျူးကျော်တယ်ဆိုပြီး အခုနိုဝင်ဘာလ အတွင်းမှာ နေအိမ်နဲ့ ဆိုင်ခန်းပေါင်း တစ်သောင်းကျော် ဖယ်ရှားဖို့ စစ်ကောင်စီက အမိန့်ထုတ်ခဲ့ပြီး အင်အားသုံး ဖယ်ရှားနေတယ်လို့ နေအိမ်ဖျက်ဆီး ဖယ်ရှားခံရသူတွေက ပြောပါတယ်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရပ်ကွက်ငါးခုမှာရှိတဲ့ နေအိမ် တစ်သောင်းဝန်းကျင်၊ မရမ်းကုန်းမြို့နယ် ရပ်ကွက်နှစ်ခုက နေအိမ် ၄၅၀ ဝန်းကျင်နဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် မီးရထားလမ်းဘေး ဝဲယာက နေအိမ် ၂၀၀ ကျော်၊ အောင်မြေသာစံ မြို့နယ်က နေအိမ် ၂၅၀ ကျော်၊ ပြင်ဦးလွင်မြို့က လူနေဆိုင်ခန်း ၇၆ ခန်း၊ စုစုပေါင်း နေအိမ်နဲ့ ဆိုင်ခန်းပေါင်း တစ်သောင်းကျော်ကို စစ်ကောင်စီက ဖယ်ရှားဖို့အမိန့် ထုတ်ပြန်ပြီး အင်အား သုံး ဖြိုဖျက်နေတာပါ။

ပြည်သူတွေကို ဒုက္ခရောက်စေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် မင်္ဂလာဒုံမြို့နယ်က ဖယ်ရှားဖို့ အမိန့်ထုတ်ခံထားရတဲ့ ကျောင်းသားမိခင်တစ်ဦးကတော့ မေးခွန်းထုတ်ပါတယ်။

“ကျောင်းသားတွေလည်း အများကြီးရှိတယ်။ အန်တီမှာဆိုရင်လည်း ဆယ်တန်း ကျောင်းသားလေး ရှိတယ်။ အဲဒီအတွက် အခုကျောင်းတွေ မတက်ရတော့ဘူး။ သွားရေးလာရေးတွေ အခက်အခဲဖြစ်ပြီ။ ကျောင်းလည်း မတက်ရတော့ဘူး။ အခုဆိုတော့ ဘယ်လိုမှကို အဆင်မပြေဘူး။ ပြောတုန်းက အစိုးရကပြောတုန်းက ကျောင်းပြန်တက်ရမယ်။ အခုကျောင်းသားတွေရဲ့ အနာဂတ်၊ ကလေးတွေရဲ့ အနာဂတ်ဆိုပြီးတော့ အခုလို မျိုးပြောဆို ကြပြီးတော့ အခုဘာကြောင့် ဖျက်ဆီးရတာလဲ။ အဲဒါကို အန်တီတို့အနေနဲ့ သိချင်တယ်”

မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် ကျေးရွာအုပ်စုမှာရှိတဲ့ စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလ၊ မြဝတီစိုက်ခင်း စတဲ့ ရပ်ကွက်ငါးခုက နေအိမ် တစ်သောင်းခန့်ကို နိုဝင်ဘာလ ၁၈ ရက်နေ့နောက်ဆုံးထား ဖယ်ရှားဖို့ စစ်ကောင်စီက ပထမဆုံးအကြိမ် အမိန့်ထုတ်ခဲ့တာပါ။ အဲဒီနောက် နောက်ဆုံးထားဖယ်ရှားမယ့်နေ့ကို နိုဝင်ဘာ ၂၂ နဲ့ ၂၆ ရက်နေ့တွေကို ထပ်မံရွှေ့ဆိုင်းပြီး တစ်ပြိုင်နက် နေအိမ်တွေကို အင်အားသုံးဖယ်ရှားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်က နေအိမ် ၁၅၀ ဝန်းကျင်ကိုလည်း ကျူးကျော်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီရဲ့ ဒေသအာဏာပိုင်တွေက နိုဝင်ဘာလ ၁၉ ရက်နေ့က မြေတူးစက်တွေနဲ့ ဖျက်ဆီး ဖယ်ရှားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဘူဒိုဇာနဲ့ထိုးတဲ့ အတွေ့အကြုံတွေ ရှိခဲ့ဖူးတဲ့ သူတွေကျတော့လည်း ကြောက်လန့်ပြီး ဖျက်သိမ်း၊ အိမ်တွေ ဖျက်ရောင်း"

မရမ်းကုန်းမြို့နယ်က အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ အမှတ်(၁)ရပ်ကွက်ကိုလည်း နိုဝင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့ စစ်ကောင်စီရဲ့ မရမ်းကုန်း မြို့နယ်အုပ်ချုပ်ရေးမှူးက စာထုတ်ထားတယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။ ဒီရပ်ကွက်ကိုတော့ စစ်ကောင်စီက လာရောက်ဖြိုဖျက်တာ မရှိသေးပေမယ့် တချို့အိမ်တွေကတော့ ကြောက်လန့်ပြီး ဖြိုဖျက်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်တွင်း နေထိုင်သူတစ်ဦးက RFA ကိုပြောပါတယ်။

“မနေ့ကဆိုကွယ် တို့တွေ တချို့အိမ်တွေကျတော့လည်း ကြောက်အားလန့်အားနဲ့ ဖျက်ကြတာပေါ့။ တချို့တွေကျတော့ လူကြီးတွေကျတော့ သူတို့ကဟိုတုန်းကလည်း ဒါတွေက ရှိနေခဲ့တာကိုး။ ရှိနေတဲ့အတွက်ကြောင့် ဘူဒိုဇာနဲ့ ထိုးတဲ့ အတွေ့အကြုံတွေ ရှိခဲ့ဖူးတဲ့ သူတွေကျတော့လည်း ကြောက်လန့်ပြီး ဖျက်သိမ်း၊ အိမ်တွေ ဖျက်ရောင်း အဲလို မျိုးတွေ၊ တချို့ကျတော့လည်း ရတာလေးတော့ ယူသွားမယ်ဆိုပြီးတော့ အိမ်တွေ ဖျက်ကြတာပေါ့။ တစ်နေရာမှာ ပြန်ဆောက်လို့ရတယ်ဆိုပြီးတော့”

နိုဝင်ဘာလအတွင်းမှာပဲ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ညည-၂၅ ရပ်ကွက်၊ ၁၁၅/၁၁၆၊ ၅၈ လမ်းက စပြီး မီးရထားလမ်းဘေး ဝဲယာက နေအိမ် ၂၀၀ ကျော်ကို ကျူးကျော်ဆိုတဲ့ စွပ်စွဲချက်နဲ့ စက်ယန္တရားတွေနဲ့ ဖယ်ရှားခံ ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ် ဖြိုဖျက်ခံရသူတွေဟာ အိမ်ငှားမနေနိုင်တာကြောင့် ကြုံသလို နေထိုင်စားသောက် နေရတယ်လို့ ပြည်ကြီး တံခွန်မြို့နယ်က မီးရထားလမ်းဘေးမှာ ရှစ်နှစ်ကြာနေထိုင်ခဲ့သူ မမြဝင်း (အမည်လွှဲ) က RFA ကိုပြောပါတယ်။

“စားဖို့သောက်ဖို့ကတော့ ဒီအတိုင်းတိုင်းပဲ၊ ထမင်းထုတ်တွေဝေရင် ပြေးစားလိုက်ကြ ကိုယ်ဟာကိုယ် ရှာကြံပြီးတော့ စားရတော့တာပေါ့။ ဘာအခက်အခဲတွေ ရှိတုန်းဆိုတော့ စားဝတ်နေရေးတော့ အလုပ်တွေပျက်၊ အိမ်ရှိတဲ့ပစ္စည်းကကြတော့ တချို့ တစ်သောင်းတန်ဟာက နှစ်ထောင်လောက်နဲ့ရောင်း၊ အဲလိုရောင်းပြီးတော့ စားနေ ရတာပေါ့။ စားနေပြီးတော့ အလုပ်တွေကလည်း မမှန်တော့တာပေါ့။ ဆိုင်ကယ်ရှိတဲ့ သူတွေကလည်း ဆိုင်ကယ်လေးတွေရောင်း အိမ်စပေါ်တင် မတင်နိုင်တဲ့ ခု ကျန်နေတာက ကျွန်မတို့အုပ်စုတွေပဲ။ မတင်နိုင်လို့ကျန်နေကြတာ”

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာလည်း အိုးဘိုရပ်ကွက်ထဲ ဆောက်လုပ်ထားတဲ့ နေအိမ် ၂၅၀ ကျော်ကို မီးရထားဌာနပိုင်မြေထဲ ကျူးကျော်ဆောက်လုပ်ထားတယ်ဆိုပြီး နိုဝင်ဘာ ၁၀ ရက်နေ့က အင်အားသုံးဖယ်ရှား ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးအနီး ဇီဝကလမ်းမပေါ်မှာ ဆောက်လုပ် ထားတဲ့ ဆိုင်ခန်း ၇၆ ခန်း ကိုလည်း နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားဖယ်ရှားဖို့ အမိန့်ထုတ်ပြီးနောက် ဖယ်ရှားလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျူးကျော်ကိစ္စကို အရင်အစိုးရတွေ လက်ထက်မှာ လက်ရှောင်ခဲ့တာကြောင့် အခုသူတို့အနေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အဓိကထားလုပ်ဆောင်တာလို့ RFA ကို ပြီးခဲ့တဲ့မတ်လက ပြောဆိုထားပါတယ်။

mdy home moving
ကျူးကျော်ဆောက်လုပ်ထားသည်ဆိုသည့် အကြောင်းပြချက်နှင့် ဖယ်ရှားဖျက်ဆီးခံခဲ့ရသည့် အိမ်များကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်ကောင်စီကအခုလိုပြောနေပေမယ့် နေအိမ်တွေကို အင်အားသုံးဖယ်ရှားနေတာတွေဟာ ဥပဒေနဲ့မညီဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က RFA ကိုပြောပါ တယ်။

“အဲဒါတော့ ဥပဒေနဲ့ဘယ်ညီမလဲဗျာ။ ကိုယ့်နိုင်ငံသားတွေပဲ။ ကျူးကျော်တယ်ဆိုရင် ကျူးကျော်တဲ့ ဥပဒေ ရှိတယ်လေ။ အဲဒီဥပဒေအညီ သတိပေးစာကိုအချိန်မီပေးရတယ်။ နောက်နိုင်ငံသူနိုင်ငံသားတွေကို အဲဒါ ကျနော်တို့ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကိုယ့်နိုင်ငံသားတွေပေါ်မှာ ဒီလိုပဲညင်ညင်သာသာဆက်ဆံတာပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို ကိုယ့်နိုင်ငံသားတွေကို ဆက်ဆံသလိုမဆက်ဆံပဲနဲ့ စစ်တိုက်တဲ့ အခါမှာ စစ်မြေပြင်မှာတွေ့တဲ့ရန်သူကိုချေမှုန်းသလို ချေမှုန်းနေတာ ဥပဒေနဲ့မညီဘူးလို့ ကျွန်တော်ဒီလိုပြောချင်ပါ တယ်ဗျာ”

ကျူးကျော်နေအိမ်တွေကို ဥပဒေအရဖယ်ရှားချင်တယ်ဆိုရင် ပထမဦးဆုံး သတိပေးစာ ပေးဖို့လိုအပ်ပြီး နောက် တစ်ဆင့်အနေနဲ့ တရားစွဲပြီးမှ တရားရုံးဆုံးဖြတ်ချက်အညီ အမှုဖွင့်ဆောင်ရွက်ရမှာဖြစ်တယ်လို့ တရားလွှတ် တော် ရှေ့နေ ဦးကြီးမြင့်ကပြောပါတယ်။

မြန်မာလူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းကတော့ စစ်ကောင်စီရဲ့ အခုလုပ်ရပ် တွေဟာ ရှစ်လေးလုံး အရေးအခင်း နောက်ပိုင်းကာလတွေက လုပ်ခဲ့တဲ့ ပုံစံအတိုင်းလုပ်ဆောင်နေတာလို့ ပြောပါတယ်။

“ကျွန်တော်မြင်တာကတော့ ဒီ ၈၈ နောက်ပိုင်းမှာလည်း ပြန်ကြည့်မယ်ဆိုရင် ဒီပုံစံပဲတွေ့ရတယ်။ ဒီလိုလုပ်ရပ်တွေပဲ ပြန်တွေ့ရတယ်ပေါ့နော်။ ဟို ၈၈ နောက်ပိုင်းမှာလည်း ကျူးကျော်တဲတွေဆိုရင် ဖျက်ချပစ်တယ်။ ဒါပေမဲ့ တိုင်းပြည် တစ်ပြည်ကို တကယ်တာဝန်ယူမယ်ဆိုတဲ့ အုပ်စုဟာ တိုင်းပြည်သူ၊ တိုင်းသူ ပြည်သားတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး၊ပညာရေး ဒါတွေသူတို့ရဲ့ တာဝန်ဖြစ်တယ်။ ဆိုတော့ ဒီမှာတင်ကြည့်လို့ရတာ ဘာလဲဆိုတော့ ဒါသူတို့ရဲ့ ထိုက်တန်တဲ့ အရာမဟုတ်ဘူး။ ဒါအုပ်ချုပ်ရေးဆိုတာ သူတို့ရဲ့ နားလည်မှုထဲမှာ မရှိဘူးဆိုတာ ဒါသက်သေပြတာပဲ”

စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ ကျူးကျော်လို့ သတ်မှတ်ထားတဲ့ ရပ်ကွက်တွေနဲ့ လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ်ဓာတ်အားလိုင်းမြေ၊ အစိုးရဌာနဆိုင်ရာမြေ၊ ပုဂ္ဂလိကပိုင်မြေ စတဲ့ မြေနေရာတွေမှာ နေထိုင်တယ်ဆိုပြီး စွပ်စွဲခံရသူတွေကို သတိပေးစာတွေ ထုတ်ပြန်ပြီး ဖယ်ခိုင်းနေသလို တချို့ကိုတော့ ရဲ၊ စစ်တပ်နဲ့ စည်ပင်အရာရှိတွေပေါင်းပြီး ဆက်တိုက်ဆိုသလို အင်အားသုံးဖယ်ရှားနေတယ်လို့ RFA က ဆက်သွယ် မေးမြန်းခဲ့တဲ့ ရန်ကုန်နဲ့ မန္တလေးဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။