ကျူးကျော်အဖြစ်စွပ်စွဲထားတဲ့ မင်္ဂလာဒုံက ရပ်ကွက်ငါးခုအနက် နှစ်ခုကို စတင်ဖယ်ရှား

RFA Burmese
2022.11.27
ကျူးကျော်အဖြစ်စွပ်စွဲထားတဲ့ မင်္ဂလာဒုံက ရပ်ကွက်ငါးခုအနက် နှစ်ခုကို  စတင်ဖယ်ရှား စစ်ကောင်စီက ရွှေ့ပြောင်းဖယ်ရှားခိုင်းသည့် မင်္ဂလာဒုံမြို့နယ်ရပ်ကွက်တစ်ခုမှ နေအိမ်များ ပြောင်းရွှေ့နေသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
RFA

ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ခံထားရတဲ့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလ၊ မြဝတီစိုက်ခင်း စတဲ့ ရပ်ကွက်ငါးခုထဲက ရပ်ကွက်နှစ်ခုကို စတင် ဖယ်ရှားနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က ဂုံညှင်းနီရပ်ကွက်ကို စတင်ဖယ်ရှားခဲ့ပြီး တစ်ရပ်ကွက်လုံးနီးပါး ဖျက်သိမ်းပြီး ဖြစ်သလို စံသမာဓိရပ်ကွက်ကိုတော့ နိုဝင်ဘာလ ၂၆ ရက် မနေ့က စတင်ဖယ်ရှားခဲ့တာလို့ ဆိုပါတယ်။

 ဒီနေ့မှာတော့ စံသမာဓိရပ်ကွက်က ကျန်နေတဲ့အိမ်တွေကို ဆက်လက်ဖယ်ရှားနေပြီး မြဲမြံအောင်၊ ဓမ္မပါလနဲ့ မြဝတီစိုက်ခင်း ရပ်ကွက်သုံးခုလည်း ဘယ်နေ့ဖျက်သိမ်းခံရမလဲ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

"ကျနော်တို့ဘဝက ပျက်တာမဟုတ်ပါဘူး သေသွားပါပြီ"

အဲဒီရပ်ကွက်ငါးခုက အိမ်ခြေတစ်သောင်းနီးပါးကို တပ်ပိုင်မြေပေါ် ကျူးကျော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး တစ်ပတ်အတွင်းပြောင်းရွှေ့ဖို့ စစ်ကောင်စီဘက်က ဖိအားပေးခဲ့တာလို့ အဲဒီရပ်ကွက်တွေမှာ နေထိုင်သူတွေက ပြောပါ တယ်။

 နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း ရပ်ကွက်တွေအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ် စည်ပင်သာယာရေး အဖွဲ့တွေ လိုက်လံကြေညာခဲ့သလို အမိန့်စာတွေပါ ဖြန့်ဝေပေးခဲ့ ပါတယ်။

နေအိမ် ဖျက်ဆီးခံလိုက်ရတဲ့ စံသမာဓိရပ်ကွက်မှာ နေထိုင်သူတစ်ဦးကတော့ ကိုယ့်အိမ် ဖျက်ဆီးခံရတာကို ဘာမှ ပြောပိုင်ခွင့်မရှိဘဲ ဒီအတိုင်း ထိုင်ကြည့်နေခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်တို့ ရပ်ကွက်ထဲကို ဝင်တယ်။ အခုတော့ ကျနော်တို့အိမ်လည်း ကုန်သွားပြီလေ။ ပထမတစ်လုံး ကုန်သွားတယ်။ အခု ဒုတိယတစ်လုံး ကုန်သွားပြီ။ ကျနော်တို့ တားချိန် တောင် မရဘူး။ ကျနော်တို့ အတွင်းပစ္စည်းတွေ အများကြီးပဲ။ ကျနော်တို့ဘဝက ပျက်တာမဟုတ်ပါဘူး သေသွားပါပြီ။ နိုင်ငံတော်ကိုလည်း မပုန်ကန်ဘူး။ မဆဲဘူး၊ မဆိုဘူး။ ကိုယ်တွေမှာ ဘာမှပြောပိုင်ခွင့် မရှိဘူး”

မနေ့က စံသမာဓိရပ်ကွက်ကို ဖျက်ဆီးနေချိန် ဖုန်းထုတ်ကိုင်တဲ့ အမျိုးသမီးတစ်ဦး ဓာတ်ပုံရိုက်တယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ ဖမ်းဆီးခံရပြီး အခြားအမျိုးသမီးတစ်ဦးကတော့ သူ့အိမ်ကိုမဖျက်ဆီးဖို့ ကာကွယ်ပြောဆိုရင်း မေ့လဲသွားခဲ့တယ်လို့ ဆိုပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်အုပ်စုက ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပျဉ်းမပင်စက်မှုဇုန် ဧရိယာ ၅၆၀ ဒသမ ၀၆ ဧကဝန်းကျင်ပေါ်မှာရှိတဲ့ ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေ အားလုံးကို နိုဝင်ဘာလ ၁၈ ရက်နေ့နောက်ဆုံး ဖယ်ရှား ဖျက်သိမ်းဖို့နဲ့ မဖယ်ရင် ဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့တာပါ။

အခုလိုပဲ ပြောင်းရွှေ့ပေးဖို့ မကြာခဏလာရောက်ပြောဆိုတာတွေ ရှိခဲ့သလို စက်မှုဇုန်မြေ၊ ကာကွယ်ရေးဝန်ကြီး ဌာနပိုင်မြေ၊ တိုက်ဂါး ဘီယာစက်ရုံပိုင်မြေ စသဖြင့် အမျိုးမျိုးပြောပြီး ဖယ်ရှားဖို့ ကြိုးစားခဲ့တာတွေလည်း ရှိခဲ့ဖူး တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရပ်ကွက်တွေမှာ နေထိုင်သူအများစုဟာ အရပ်စာချုပ်နဲ့ အရောင်းအဝယ်လုပ်ပြီး နေထိုင်တဲ့သူတွေ ဖြစ်ကြ သလို အိမ်၊ ခြံအမည်ပေါက် လျှောက်ထားဆဲသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ပင်စင်လစာငွေလေးနဲ့ ဂုံညှင်းနီရပ်ကွက်ထဲမှာ အိမ်တစ်လုံးဝယ်ယူထားတဲ့ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး တစ်ဦးကလည်း နှစ်လအတွင်းမှာပဲ အခုလိုဖျက်သိမ်းခံရတာ စိတ်မကောင်းဘူးလို့ RFA ကို ပြောပါတယ်။

“ကိုယ်နှစ် ၄၀ လောက် ဝန်ထမ်းဘဝနဲ့ လုပ်ခဲ့ရာမှာ Gratuity (ပင်စင်) လေး ရတယ်ပေါ့ကွာ။ ရတဲ့ Gratuity လေးက အဲဒီမှာ ကိုယ်ဝယ်ထားတာလေးက ၆၀၊ ၇၀ (သိန်း) ကိုက်တယ်ဆိုတော့ ကိုယ်က ဝယ်လိုက်တာပေါ့ နော်။ အိမ်ပိုင်ယာပိုင်လေးနဲ့ နေချင်လို့လေ။ အဲဒီလို ဖြစ်သွားတယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့နော်”

ရပ်ကွက်နေသူအများစုဟာ စက်ရုံအလုပ်သမားတွေနဲ့ တစ်နေ့လုပ်တစ်နေ့စား ကျပန်း အလုပ်သမားတွေဖြစ်လို့ အခက်အခဲများစွာ ကြုံ့တွေ့ရနိုင်တာကြောင့် မဖယ်ရှားခင်က စစ်ကောင်စီကို အသနားခံစာတင်ဖို့ ကြိုးစားခဲ့ ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

IMG_20221118_144126.jpg
ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ခံထားရသည့် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ဓမ္မပါလရပ်ကွက်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကျောင်းသားဦးရေ တစ်ထောင်နီးပါးရှိတဲ့ ပျဉ်းမပင်ရွာအုပ်စုထဲမှာ နေထိုင်သူတွေအနေနဲ့ အခုစာသင်နှစ် တစ်နှစ် ပြီးအောင် စောင့်ဆိုင်းပေးဖို့ ဒေသအာဏာပိုင်တွေနဲ့ တိုင်းအဆင့် တာဝန်ရှိသူတွေကို မေတ္တာရပ်ခံစာ ပေးပို့ခဲ့ ပေမယ့် မရခဲ့ဘဲ အခုလိုဖျက်ဆီးခံလိုက်ရ တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ပညာသင်နှစ်က တစ်ဝက်ပဲရှိသေးတယ်။ ကျောင်းသားတွေကို ဘယ်ကျောင်းမှာမှ သွားအပ်လို့မရဘူး။ ကျောင်းအပ်ဖို့ အခက်အခဲရှိသွားပြီ။ အဲဒီအတွက်ကြောင့် စာမေးပွဲဖြေပြီးတဲ့အထိ ဆိုင်းငံ့ပေးဖို့ ဒီကလေးတွေ ကျောင်းခန်းထဲရောက်အောင် ကျနော်တို့ ကြိုးစားခဲ့ရတယ်။ ကျောင်းပိတ်တဲ့အထိ စောင့်ပေးပါ။ စောင့်ပေးမယ် ဆိုရင် ခင်ဗျားတို့ လာဖျက်စရာမလိုဘူး။ မနေနဲ့တော့နဲ့လို့ တစ်ခွန်းတည်းပဲပြော။ ကျနော်တို့ ကိုယ့်စရိတ်ကိုယ် စားပြီး ကိုယ့်ဟာကိုယ် ပြောင်းပါမယ်လို့ ကတိဝန်ခံချက် ပေးခဲ့တာပဲဗျာ”

နေအိမ်ဖျက်ခံလိုက်တဲ့ ဒေသခံတွေအတွက် နေထိုင်ဖို့အခက်အခဲရှိနေပြီး တချို့ကတော့ ဘုန်းကြီးကျောင်းတွေ မှာ ခေတ္တနေထိုင်ကြရတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ အခြေခံလူတန်းစားတွေက သူတို့အတွက် အကျိုးမရှိနိုင်ဘူးလို့ ယူဆ ထားတာကြောင့် အခုလို လုပ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက သုံးသပ်ပါတယ်။

“ခုခံတွန်းလှန်ကြတယ်ဆိုတဲ့ သူတွေထဲမှာ အခြေခံလူတန်းစားတွေက ပိုပြီး တွန်းလှန် ကြတာများတာကို။ သူတို့ (စစ်ကောင်စီ) အတွက်က နဂိုကတည်းက မဲရလဒ်တို့ ဘာတို့ အတွက်လည်းပဲ အကျိုးမရှိဘူးလို့ သူတို့က ယူဆတာပေါ့။ ဒါပေမဲ့ ရွေးကောက်ပွဲနီးရင် ဒီဟာကို ပြန်ကစားမလားဆိုတာလည်းပဲ တွက်ဆကြည့်ရတာပေါ့။ နေရာတစ်ခုခု သူတို့ကို ပြန်ပေးပြီး သူတို့ကို ပြန်အသုံးချမလားပေါ့ ”

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာနဲ့ ပြင်ဦးလွင်မြို့နယ် တွေမှာ ကျူးကျော်ဆိုပြီး ဖျက်ဆီးခံရတဲ့ နေအိမ်တွေအများဆုံး ရှိနေပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာတော့ ရန်ကုန်တိုင်းအတွင်းက ကျူးကျော်တွေကို တစ်ချိန်မှာ နေအိမ်အစားထိုး ပြန်ရနိုင်မယ့် Smart Card တွေ ထုတ်ပေး ခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။