မင်္ဂလာဒုံမှာ ဖယ်ရှားခံမူလနေရာ ပြန်ရဖို့တောင်းဆိုသူတွေ ခြိမ်းခြောက်ခံရ
2023.02.21

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ စစ်တပ်ပိုင်မြေဆိုပြီး အင်အားသုံးဖယ်ရှားခံရတဲ့ ဒေသခံတွေဟာ သူတို့ရဲ့ မူလနေရာပြန်ရဖို့ တောင်းဆိုမှုတွေကြောင့် ခြိမ်းခြောက်ခံရမှုတွေ ရှိနေတယ်လို့ နေအိမ်ဖယ်ရှားခံရသူတွေက ပြောပါတယ်။
မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလ၊ မြဝတီ စိုက်ခင်း စတဲ့ရပ်ကွက်ငါးခုက လူဦးရေ လေးသောင်းခန့်နေထိုင်တဲ့ မြေနေရာတွေဟာ စစ်တပ်ပိုင်မြေဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က စလို့ အင်အားသုံး ဖယ်ရှားခံခဲ့ရတာပါ။
နေအိမ်ဖယ်ရှားခံရသူတွေဟာ နေထိုင်ရေး အခက်အခဲကြောင့် သူတို့ရဲ့ မူလနေရာတွေမှာ ပြန်လည်နေထိုင်ခွင့်ရဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကစလို့ စံသမာဓိရပ်ကွက်အနီး ကားလမ်းဘေးမှာ စုဝေးတောင်းဆိုမှုတွေ လုပ်ခဲ့တာကြောင့် စစ်ကောင်စီ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုကို ကြုံနေရတာလို့လည်း ကာယကံရှင်တွေက ပြောပါတယ်။
သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်မှုတွေအထိ ကြုံနေရတာလို့ မူလနေရာမှာ ပြန်နေထိုင်ခွင့် ရဖို့တောင်းဆိုနေသူ မလှ (အမည်လွှဲ) က RFA ကိုပြောပါတယ်။
“သူတို့က ကျမတို့ကို နင်တို့အားနေလား၊ လာပြီးတော့အလုပ်မရှုပ်နဲ့၊ သွားပြန် နင်တို့အခု ပြန်နင်တို့ကို ဖမ်းထည့် လိုက်လို့ရတယ်တို့၊ နင်တို့ကို ဘယ်လိုလုပ်လိုက်လို့ ရတယ်တို့၊ အခုဖမ်းသွားမှာတို့၊ အခုနင်တို့ မပြန်ဘူးလား ပြန်မလားတို့ နင်တို့ အလုပ်ရှုပ်တယ်တို့ အမျိုးမျိုးခြိမ်းခြောက်ပါတယ်။ သေနတ်ဆိုလည်း မနက် အစောကြီးလာပြီး ခြောက်ချက်ဖောက်တယ်။ အဲဒီနေ့ကဆို ဘယ်သူမှမသွားရဲဘူး။ မသွားရဲဘူးဆိုလည်း အသက်အပိုမပါဘူး နင်တို့မသွားနဲ့။ ကျမကတော့ ဒုက္ခရောက်လို့ကို သွားတယ်။ နေ့တိုင်းတစ်ရက်မှမပျက်ဘူး။ ကျမရောက် အောင်သွားတယ်။ ကျမ ကျမ အသက်ကိုတောင် ပဓာနမထားဘဲ ကလေးနှစ်ယောက်နဲ့ ရှေ့ရေးအတွက် ကျမ ကြည့်ပြီး သွားတောင်းပါတယ်”
မလှတို့မိသားစုမှာ ကလေးနှစ်ယောက်ရှိပြီး သူတို့ရဲ့နေအိမ် ဖယ်ရှားခံခဲ့ရပြီးနောက် ရန်ကုန်မြို့တစ်နေရာမှာ ဆယ်ပေပတ်လည်အဆောင်ခန်းတစ်ခုကို တစ်လကျပ်ငွေ ငါးသောင်းနဲ့ ခက်ခက်ခဲခဲ ငှားရမ်းနေထိုင်နေရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ခင်ပွန်းဖြစ်သူကလည်း အလုပ်အကိုင် အဆင်မပြေတာကြောင့် လစဉ်အဆောင်ခတောင် မပေးနိုင်ဘူးလို့လည်း မလှကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က မူလနေရပ်မှာ ပြန်နေထိုင်ခွင့်ပေးဖို့ ကနဦး စုဝေးတောင်းဆိုသူ ၁၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်တာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက နီးစပ်ရာမှာ နေထိုင်သူတွေကို ဧည့်စာရင်းမပေးတော့ဘူးလို့ ခြိမ်းခြောက်တာတွေကြောင့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ လူ ၇၀ ဝန်းကျင်နဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ လူ ၄၀ ဝန်းကျင်လောက်ပဲ လာရောက် တောင်းဆိုသူရှိတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလက်ရှိမှာတော့ နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဆက်ပြီး မတောင်းဆိုရဲတော့ဘူးလို့ မူလနေရာ ပြန်နေရဖို့ တောင်းဆိုခဲ့သူ မချို (အမည်လွှဲ) က RFA ကိုပြောပါတယ်။
“မသွားရဲဘူးလေ။ အာဏာပိုင်တွေနဲ့ပြီးရင် ဟိုလိုခြိမ်းခြောက်၊ ဒီလိုခြိမ်းခြောက်နဲ့။ နောက်ပြီးတော့ သူတို့က လူမိုက်တွေငှားထားတာ။ ဓားတွေတဝင်းဝင်းနဲ့။ အစ်မတို့က ကြောက်တယ်။ မရှိတာ၊ မရှိတာ ကြောက်တယ်။ ဓားတွေနဲ့လည်း အစ်မတို့ကို သူတို့ကလူမိုက်တွေ ငှားပြီးတော့အစ်မတို့ကို လုပ်ပြတယ်။ အစ်မတို့မှာ အဆင်က မပြေရတဲ့ ကြားထဲမှာ ကိုယ့်ကိုယ်ကို ဒုက္ခတွေရောက်မှာစိုးလို့ ကြောက်လို့ မသွားရဲဘူး။ လိုချင်တာပေါ့ ကိုယ့်မြေလေး ကိုယ်ကိုယ့်ဟာလေးတွေနဲ့ ကိုယ်နေချင်တာပေါ့”
ကျောင်းသားတွေတစ်ဖက်နဲ့ အိမ်ငှားနေရတာ ခက်ခဲလွန်းတာကြောင့် အခုလို အသနားခံပြီး သွားရောက် တောင်းဆိုခဲ့တာလို့လည်း သူကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အခုလိုနေအိမ်တွေကို အင်အားသုံး ဖယ်ရှားတဲ့ လုပ်ရပ်ဟာ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီက နေအိမ်တွေကို ဖယ်ရှားခိုင်းတာကြောင့် မင်္ဂလာဒုံရပ်ကွက်ငါးခုက ဒေသခံ နှစ်ဦးဟာကိုယ့်ကို ကိုယ်သေကြောင်းကြံတဲ့အထိ ဖြစ်ခဲ့တယ်လို့လည်း ကုလအရာရှိတွေက ပြောပါတယ်။
မင်္ဂလာဒုံက နေအိမ်တွေ ဖယ်ရှားတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တရားဥပဒေ စိုးမိုးရေးအတွက် အဓိကထားလုပ်ဆောင်တာလို့ ပြီးခဲ့တဲ့နှစ် မတ်လက RFA ကို ပြောဆိုထားပါတယ်။
"စားဝတ်နေရေးတွေ အဆင်မပြေဘူး။ အလုပ်အကိုင်တွေ မကောင်းတော့ စားဖို့သောက်ဖို့လည်းအဆင်မပြေဘူး။"
နေအိမ်တွေ ဖယ်ရှားခံထားရတဲ့ မင်္ဂလာဒုံ ရပ်ကွက်ငါးခုနေရာမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တပ်ပိုင်မြေဆိုတဲ့ ဆိုင်းဘုတ်တွေ စိုက်ထားတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ နေအိမ်ဖယ်ရှားခံရတဲ့ ဒေသခံတွေကတော့ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် မူလနေရာ ပြန်နေခွင့်ရဖို့ ဆက်လက်တောင်း ဆိုသွားမယ်လို့ ဒေသခံ ကိုမောင်(အမည်လွှဲ) က RFA ကိုပြောပါတယ်။
“ကျနော်တို့တွေကတော့ အခက်အခဲတွေကတော့ အခုဖြစ်နေတယ်လေ။ စားဝတ်နေရေးတွေ အဆင်မပြေဘူး။ အလုပ်အကိုင်တွေ မကောင်းတော့ စားဖို့သောက်ဖို့လည်းအဆင်မပြေဘူး။ အိမ်လခတွေ ပေးဖို့ကလည်းလုံး၀ အဆင်မပြေဘူး။ ဘယ်နည်းနဲ့မှလည်း မဖြစ်နိုင်ဘူး။ အဲတော့ ကျနော်တို့ရပ်ကွက်မှာ ဘယ်လိုပဲနေရနေရ၊ ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ ကိုယ်စားပေါ့နော် ကျနော်တို့ပြန်ပြီးတော့ တောင်းဆိုသွားမှာပါ”
ဖျက်သိမ်းခံလိုက်ရတဲ့ မင်္ဂလာဒုံရပ်ကွက်ငါးခုမှာ အိမ်ခြေတစ်သောင်းဝန်းကျင်နဲ့ လူဦးရေလေးသောင်းနီးပါး နေထိုင်ခဲ့ကြတာပါ။
သူတို့ဟာ အဲဒီနေရာတွေမှာ ဆယ်စုနှစ်နဲ့ ချီနေလာတဲ့သူတွေဖြစ်ပြီး၊ တချို့ဟာ နာဂစ်မုန်တိုင်းဒဏ်ခံရလို့ ပြောင်းလာသူတွေ၊ တချို့ကတော့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ပြောင်းရွှေ့လာသူတွေ ဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။