ကမ္ဘာ့ဒုက္ခသည်နေ့မှာ စစ်ဘေးဒုက္ခသည်တွေရဲ့လိုလားချက်တွေ ဆန္ဒပြတောင်းဆို

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.06.20
ကမ္ဘာ့ဒုက္ခသည်နေ့မှာ စစ်ဘေးဒုက္ခသည်တွေရဲ့လိုလားချက်တွေ ဆန္ဒပြတောင်းဆို ၂ဝ၂၂ ခုနှစ် ဇွန်လ ၂ဝ ရက်နေ့က ထိုင်းနိုင်ငံ၊ မယ်လဒုက္ခသည်စခန်းတွင် ဆန္ဒပြနေကြသော ဒုက္ခသည်များအား တွေ့ရစဉ်။
Photo: Maela Times

ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ကမ္ဘာအရပ်ရပ်မှာ ကျင်းပခဲ့ကြရာမှာ မြန်မာနိုင်ငံရဲ့ အရှေ့ဘက်နဲ့အနောက်ဘက် နှစ်ဖက်စလုံးက ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေက သူတို့ရဲ့ လိုလားချက်တွေကို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံအနောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေအိမ်ပြန်ခွင့်ရဖို့ ဆန္ဒပြတောင်းဆိုပွဲတွေကို စခန်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ရက်နဲ့ ၂၀ ရက်နေ့တွေက ဒုက္ခသည်စခန်းတွေမှာ တပြိုင်နက် ပြုလုပ်ခဲ့ကြပါတယ်။ အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ ကုတုပါလောင်စခန်းမှာ ဒုက္ခသည်တွေ သောင်းနဲ့ချီ ဆန္ဒပြခဲ့ကြရာမှာ အမြန်ဆုံး နေအိမ်ပြန်ခွင့်ရဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လက ရိုဟင်ဂျာဒုက္ခသည်တစ်သိန်းလောက်ပါဝင်တဲ့ ဆန္ဒပြစုဝေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ လူစုလူဝေးပြုလုပ်ခွင့် မပေးတော့ပေမယ့် အခု ဇွန်လ ၂၀ရက်က ရိုဟင်ဂျာတွေ နေအိမ်ပြန်ခွင့်ရဖို့ တောင်းဆိုဆန္ဒပြပွဲတွေကိုတော့ ခွင့်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ တစ်သန်းနီးပါးလောက်ဟာ ၂၀၁၇ ခုနှစ်လောက်ကတည်းက ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၄ ခုရဲ့ ပရဝဏ်အတွင်းမှာပဲ နေထိုင်ကြရတာပါ၊ ဒီဒုက္ခသည်စခန်းတွေအတွင်းမှာ တာပေါ်လင်စနဲ့ တည်ဆောက်ထားတဲ့ တဲတွေအတွင်း၊ ကျပ်ကျပ်တည်းတည်း နေထိုင်ကြရပြီး၊ အလုပ်အကိုင်နဲ့ ပညာသင်ကြားဖို့ အခွင့်အလမ်းတွေ မရှိသလောက် ဖြစ်နေပါတယ်။

တစ်ဖက်မှာလည်း ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်နေကြပြီး၊ အခုနှစ်အတွင်းမှာပဲ ရိုဟင်ဂျာအမြောက်အမြားကို ပြန်ပို့နိုင်ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက မြန်မာစစ်ကောင်စီဘက်ကို တိုက်တွန်းနေတယ်လို့ AFP သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနအာဏာပိုင်တစ်ဦးက အခုနှစ် မိုးရာသီကုန်ဆုံးချိန်မှာ ရိုဟင်ဂျာဒုက္ခသည်တချို့ကို ပြန်ပို့နိုင်ဖို့ မျှော်လင့်နေတယ်လို့ AFP သတင်းဌာနကို ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံအရှေ့ပိုင်း၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှာ တည်ရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာလည်း ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်အခမ်းအနားအချို့ကို ကျင်းပခဲ့ကြပြီး ဒုက္ခသည်တွေရဲ့ လိုလားချက်တွေကို တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ စခန်းပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မယ်လစခန်းထဲမှာ နေထိုင်တဲ့ စစ်ဘေးဒုက္ခသည် ပြည်သူတွေအနေနဲ့ စခန်းပြင်ပကို သွားရောက်ခွင့်ရဖို့၊ ဒုက္ခသည်စခန်းထဲမှာ မွေးဖွားပြီး နိုင်ငံမဲ့ဖြစ်နေတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် တတိယနိုင်ငံတစ်ခုခုမှာ ခိုလှုံခွင့်ပေးဖို့ စတာတွေ အပါအဝင် စစ်ဘေးဒုက္ခသည်တွေရဲ့ ရပိုင်ခွင့်တွေကို ဖြည့်ဆည်းပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ အကြီးအကဲ Fillipo Grandi က ဇွန်လ ၂၀ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ် သတင်းလွှာမှာ အရပ်သားပြည်သူတွေ စစ်ဘေးရှောင်ဒုက္ခသည်တွေအဖြစ် နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့ အကြောင်းရင်းဖြစ်တဲ့ စစ်ရေးပဋိပက္ခတွေကို ရပ်တန့်ခြင်းသာ အကောင်းဆုံးရှင်းနည်း ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

000_32cr7ab.jpg
၂ဝ၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ပေးရန် ဆန္ဒပြတောင်းဆိုနေစဉ်။ (Photo: AFP)

ဖိလစ်ပို ဂရမ်ဒီက အခုနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့ကျရောက်ချိန်မှာ မြန်မာ၊ အီသီယိုပီးယား၊ နိုင်ဂျီးရီးယား၊ အာဖဂန်နစ္စတန်၊ ကွန်ဂို နိုင်ငံတွေအပြင်၊ နောက်တိုး ယူကရိန်းနိုင်ငံမှာ ဖြစ်ပွားတဲ့ စစ်ပွဲတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သန်း၁၀၀ အထိရှိလာနေကြောင်း၊ အခုအချိန်မှာ ဒီစစ်ပြေး ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့၊ တတိယနိုင်ငံမှာ အခြေချခွင့်ပေးဖို့နဲ့ သူတို့ ရောက် ရှိ နေတဲ့ နိုင်ငံမှာ တစ်သားတည်း ဖြစ်အောင်လုပ်ပေးဖို့ ကြိုးပမ်းမှုတွေဟာ ဒုက္ခသည်အရေအတွက် တိုးလာအောင်လုပ်နေတဲ့ ပဋိပက္ခတိုက်ခိုက်မှုတွေကို အမှီမလိုက်နိုင်ဘဲဖြစ်နေပြီး ဒီလိုအခြေ အနေကို ပြောင်းလဲဖို့ လိုတယ်လို့ ဖိလစ်ပို ဂရမ်ဒီက ပြောပါတယ်။

ဒါ့ပြင် အာဖရိကတိုက်က အိုင်ဗရီကို့စ်နိုင်ငံမှာ ပြည်သူသုံးသိန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ပဋိပက္ခချုပ်ငြိမ်းသွားပြီး ဒုက္ခသည် အများစုဟာ လိုလိုလားလားနဲ့ အိမ်ပြန်လာကြတဲ့ အကြောင်း၊ မပြန်နိုင်သေးတဲ့ ဒုက္ခသည်တွေ ကိုလည်း ဒေသတွင်း နိုင်ငံတွေ ပူးပေါင်းပြီး သူတို့ရဲ့ နိုင်ငံသစ်တွေမှာ အခြေတကျ နေထိုင်နိုင်အောင် လုပ်ပေးထားတဲ့အကြောင်း ထောက်ပြပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အိုင်ဗရီကို့စ်နိုင်ငံကို အတူယူကြဖို့ နဲ့ စစ်ရေး ပဋိပက္ခတွေ ရပ်တန့်နိုင်ခြင်းသာ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်တယ်လို့ ဖိလစ်ပို ဂရမ်ဒီက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။