အလုပ်လက်မဲ့ပြဿနာ အမျိုးသမီးတွေ ပိုမိုခံစားနေရ
2023.08.03
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ အစိုးရကို ဖယ်ရှားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာ ၂ နှစ်ခွဲရှိပါပြီ။
အာဏာသိမ်းကာလ ကြာရှည်လာတာနဲ့အမျှ လူမှုစီးပွားဘဝတွေ ယိုယွင်းပျက်စီးလာပြီး အလုပ်လက်မဲ့ပြဿနာတွေ ပိုဆိုးလာတယ်လို့ ရန်ကုန်မြို့ရှိ အခြေခံအလုပ်သမားတွေနဲ့ သမဂ္ဂအဖွဲ့ဝင်တွေက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကလည်း မြန်မာနိုင်ငံက အလုပ်အကိုင် ရှားပါးမှုဒဏ်ကို အမျိုးသားတွေထက် အမျိုးသမီးတွေက နှစ်ဆခံစား နေရကြောင်း ဇူလိုင် ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ ကိုဗစ်ကပ်ရောဂါဒဏ်နဲ့ အာဏာသိမ်းနောက်ဆက်တွဲ လူမှုစီးပွားအခြေအနေတွေကြောင့် အလုပ်အကိုင်ရှားပါးမှုနဲ့ အလုပ်လက်မဲ့အခြေအနေ ပိုဆိုးလာတာလို့ ဆိုပါတယ်။
"ခေါ်ရင်တောင် အမျိုးသမီးဝန်ထမ်းတွေကို ခေါ်တာနည်းပါးလာတယ်"
ဘာကြောင့် အခုလို အလုပ်လက်မဲ့ဒဏ်ကို အမျိုးသမီးတွေက ပိုမိုခံစားရသလဲဆိုတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ (ILO) ဆက်သွယ်ရေးအရာရှိ မစ္စတာ စတိဗ်နီးဒမ် (Steve Needham) ကို RFA က အီးမေးလ်ကတစ်ဆင့် မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။
အရင်က ရွှေပြည်သာစက်မှုဇုန်၊ အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့ပေမယ့် အခု အလုပ်လက်မဲ့ဖြစ်နေတဲ့ မဝင်းလဲ့လဲ့ကတော့ အာဏာသိမ်းပြီးနောက်မှာ အထည်ချုပ် စက်ရုံတချို့ ပိတ်လိုက်ရတာကြောင့် အလုပ်ရဖို့ အတော်ခက်ခဲတယ်လို့ ပြောပါတယ်။
အလုပ်လက်မဲ့ကများပြီး အလုပ်ရုံတွေ နည်းသွားတဲ့အခါ လုပ်ငန်းရှင်တွေက ဆယ်ကျော်သက်အရွယ် အမျိုးသမီးတွေကိုပဲ ရွေးခန့်တော့တယ်လို့လည်း သူက ဆိုပါတယ်။
"အလုပ်အကိုင်ရှာရတာ တော်တော်ခက်သွားတယ်။ သူတို့က မိန်းကလေးတွေဆိုရင် အသက် ၃၀ ကျော်ရင် မခေါ်တော့ဘူး အထည်ချုပ်စက်ရုံတွေက။ ၁၈ နှစ် ၁၉ နှစ် အဲဒီလိုမျိုး အရွယ်တွေပဲ ခေါ်တယ်။ တချို့အသက်မပြည့်သေးတဲ့ ကလေးတွေက သူများမှတ်ပုံတင်ငှားပြီး အသက်ပြည့်တယ်ဆိုပြီး လျှောက်ကြတာ။ ၁၈၊ ၁၉၊ ၂၀ ကျော် ပတ်ဝန်းကျင်တွေကိုပဲ စက်ရုံတွေက အလုပ်ခန့်တာတွေများတယ်"
အသက် ၃၀ ကျော်အရွယ်ရှိ မဝင်းလဲ့လဲ့ဟာ အထည်ချုပ်စက်ရုံတွေမှာ ရှစ်နှစ်ကြာ အလုပ်လုပ်ခဲ့ပေမယ့် အာဏာသိမ်းကာလအတွင်းမှာ အသက်အရွယ်ကြောင့် အလုပ် လေးကြိမ် ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။
ရန်ကုန် လှိုင်သာယာစက်မှုဇုန် က စက်ရုံတွေမှာဆိုရင် နေ့စဉ် အလုပ်လျှောက်သူ ထောင်နဲ့ချီပြီးရှိနေတယ်လို့ အထည်ချုပ်အလုပ်သမတစ်ဦးဖြစ်တဲ့ မဝေဝေဦးက ပြောပါတယ်။
"ခေါ်ရင်တောင် အမျိုးသမီးဝန်ထမ်းတွေကို ခေါ်တာနည်းပါးလာတယ်။ အလုပ်တွေက ဘယ်လိုဖြစ်လဲဆိုတော့ စက်ရုံတွေက ပိတ်ချင်တိုင်းပိတ်၊ ဖွင့်ချင်တိုင်းဖွင့်တော့ လစာတွေက မပေးဘဲ ပိတ်လိုက်တယ်။ အဲဒီအချိန်မှာ အလုပ်သမားတွေကို နေ့စားတွေပဲ ခေါ်ခိုင်းကြတော့တယ်။ စက်မှုဇုန်တွေထဲမှာဆိုရင် တစ်နေ့ကို ထောင်ချီ၊ သောင်းချီ အလုပ်တွေ လိုက်လျှောက်ကြတာရှိတယ်၊ မရကြဘူး။ လုပ်သားအင်အား များနေတော့ ကျွမ်းကျင်တဲ့လုပ်နိုင်တဲ့ သူတွေကိုပဲ ရွေးချယ်ကြတော့တယ်။ တော်ရုံတန်ရုံကိုတော့ နေ့စားပဲ ခေါ်ခိုင်းကြတယ်။ နေ့စားနဲ့ခိုင်းတာကြတော့ ဒီနေ့ခေါ်ပြီး မနက်ဖြန် မခိုင်းချင်ရင် မခိုင်းတော့ဘူးလေ"
အာဏာသိမ်းနှစ်နှစ်ခွဲကျော်အတွင်း တစ်နှစ်နီးပါး အလုပ်လက်မဲ့ဖြစ်နေလို့ စားဝတ်နေရေး ကျပ်တည်းတယ်လို့ သူက ပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရွှေပြည်သာ စက်မှုဇုန်က အထည်ချုပ်အလုပ်ရုံ ၃၀ ခန့် ရပ်ဆိုင်းသွားတယ်လို့ သူက ပြောပါတယ်။
ရန်ကုန်က စက်မှုဇုန်တွေမှာ အထည်ချုပ်စက်ရုံတွေက များပြီး၊ အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်သူတွေဟာ အမျိုးသားထက် အမျိုးသမီးအရေအတွက် ပိုများတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) တာဝန်ရှိသူတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အထည်ချုပ်လုပ်ငန်းတွေ ပိတ်လိုက်ရတာကလည်း အမျိုးသမီးတွေကို အလုပ်လက်မဲ့ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်တယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့ ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က ပြောပါတယ်။
"စက်ရုံအလုပ်ရုံတွေမှာဆိုရင် အထည်ချုပ်စက်ရုံတွေက များကြတယ်။ အထည်ချုပ်စက်ရုံတွေမှာဆိုရင် စက်ရုံတစ်ရုံမှာ အလုပ်သမားဦးရေက ၁၀၀ ရာခိုင်နှုန်းမှာ အမျိုးသမီးဦးရေ ၉၀ ရာခိုင်နှုန်းရှိတယ်။ အမျိုးသားက ၁၀ ရာခိုင်နှုန်းပဲရှိတယ်။ အဲဒီတော့ အမျိုးသမီးရာခိုင်နှုန်းကို ကြည့်ခြင်းအားဖြင့် အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုပြီးတော့ အလုပ်လက်မဲ့အခြေအနေကို ဆိုးရွားစွာနဲ့ သက်ရောက်မှု အများဆုံး ရှိနေတယ်"
အာဏာသိမ်းထားတာကို အခွင့်ကောင်းယူပြီး လုပ်ငန်းရှင်တွေက အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်တွေကို ချိုးဖောက်တာ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေ ကို ပေါ်ပေါ်တင်တင် လုပ်ဆောင်လာတယ်လို့ သူက ဆိုပါတယ်။
ILO (မြန်မာ) ရဲ့ ထုတ်ပြန်ချက်၊ အလုပ်သမားတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
ဒီကာလမှာ အစိုးရကောင်းမရှိတဲ့အတွက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု အဆိုးဆုံးဖြစ်နေပြီး ဒီဒဏ်ကို အမျိုးသမီးတွေ ပိုခံစားနေရတယ်လို့ မြန်မာအမျိုးသမီးများ သမဂ္ဂ (BWU) ရဲ့ အကြံပေး ဒေါ်တင်တင်ညို က RFA ကို ပြောပါတယ်။
"မြန်မာနိုင်ငံက အာဏာသိမ်းပြီး နောက်ပိုင်းမှာ အဆိုးဆုံး အခြေအနေဖြစ်နေတယ်။ အလုပ်လက်မဲ့ဦးရေလို့ ပြောလိုက်ရင် အမျိုးသမီးတွေကို ကြည့်လိုက်မယ်ဆိုရင် ငါးသိန်းကျော်၊ ခြောက်သိန်းကြားမှာ အလုပ်လက်မဲ့ ဖြစ်နေတယ်။ ဒီထက်မကလည်း ပိုပြီးများနိုင်တယ်။ အလုပ်ရှိတယ်ဆိုရင်တောင်မှ လုပ်ငန်းခွင် လုံခြုံရေးပိုင်း ဘာမှ မရှိလည်း ဒီအချိန်မှာ လုပ်နေရတာပဲ။ ဘာလို့လဲဆိုတော့ အစိုးရရဲ့ စနစ်တစ်ခုလုံးက ပုံမှန်လည်ပတ်နိုင်တဲ့ အခြေအနေ မြန်မာပြည်မှာ မရှိနေဘူး"
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO (မြန်မာ) ရဲ့ ဆက်သွယ်ညှိုနှိုင်းရေး အရာရှိ မစ္စတာ ဒုန်လင်းလီကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးဟာ မြန်မာပြည်သူတွေရဲ့ အနာဂတ်အတွက် အလွန်အရေးပါပြီး၊ လူမှုတရားမျှတမှုနဲ့ သင့်တော် ကောင်းမွန်တဲ့ အလုပ်အကိုင်ရရှိဖို့ မဖြစ်မနေလိုအပ်တယ်လို့ ဇူလိုင် ၂၇ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။