သုံးလအတွင်းမှာတင် တစ်နိုင်ငံလုံး အမျိုးသမီးခြောက်ဆယ်ခန့် သတ်ဖြတ်ခံခဲ့ရ
2023.10.21

မြန်မာအမျိုးသမီးများသမဂ္ဂအဖွဲ့ (BWU) ရဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက် အရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကနေ စက်တင်ဘာလ ၂၈ ရက်နေ့အထိ သုံးလအတွင်းမှာတင် စစ်ကောင်စီတပ်သားတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၅၆ ဦး သေဆုံးခဲ့ရပါတယ်။
လက်နက်ကြီးကြောင့် သုံးဆယ်ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်ဦး၊ ပစ်သတ်ခံရတာကြောင့် ၁၃ ဦး၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ တစ်ဦး၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ သုံးဦး၊ အဓမ္မကျင့်ခံရပြီး အသတ်ခံရသူ တစ်ဦး၊ ရိုက်နှက် ခံရတာကြောင့် နှစ်ဦး၊ စုစုပေါင်း ၅၆ ဦး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကြောင့် သေဆုံးသွားရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုရဖို့ နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) တွဲဖက်အထွေထွေအတွင်းရေးမှူး မဝေဝေက RFA ကို ပြောပါတယ်။
"အကြမ်းဖက်စစ်တပ်ရဲ့ ဒီလိုလူမဆန်တဲ့ လုပ်ရပ်တွေ ကျူးလွန်မှုတွေကြောင့် သေဆုံးသွားခဲ့ရတဲ့ အမျိုးသမီးတွေအတွက်၊ နစ်နာသူ၊ ရှင်သန်ကျန်ရစ်သူတွေအတွက် မြန်မာ့အမျိုးသမီးသမဂ္ဂအနေနဲ့ တရားမျှတမှုဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင် သွားမှာဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေး ကြားကာလမှာလည်း အဲဒီ နစ်နာ ဆုံးရှုံးသွားတဲ့သူတွေ၊ အသက်ဆုံးရှုံးသွားတဲ့သူတွေ၊ ရှင်သန်ကျန်ရစ်ခဲ့ရသူတွေအတွက် တရားမျှတမှုရရှိအောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်"
အခုရှိထားတဲ့ အချက်အလက်တွေဟာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ထံကနေတစ်ဆင့် ပြန်လည် ကောက်ယူထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ မဝေဝေကဆိုပါတယ်။
ဩဂုတ်လ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်(မြောက်)ရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး အသက်၂၀ အရွယ် အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံလေးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အသက် ၂၀ အရွယ်အမျိုးသမီးငယ်ကိုတော့ ဖမ်းဆီးပြီး လိင်ပိုင်းဆိုင်ရာကျုးလွန်ပြီးမှ သတ်ပစ်ခဲ့တာလို့ အဲဒီအကြောင်းကိုသိပြီး လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ်သူက RFA ကိုပြောပါတယ်။
"အသက်က ၂၀၊ မရွှေမန်းသူလို့ ခေါ်တယ်။ အဖမ်းခံရတုန်းက သူ့မိသားစုနဲ့ပေါ့၊ သူ့အလောင်းကိုတွေ့တဲ့အချိန်က အဝတ်စားဗလာနဲ့ မိန်းမကိုယ်မှာ Royal - D ဗူး ထိုးခံထားရတယ်။ သူအသတ်ခံထားရတဲ့နေရာကလည်း သရက်ခြံတောထဲမှာပဲ အသတ်ခံထားရတယ်။ အဝတ်အစားတွေ ချွတ်ထားပြီးတော့မှ အနိုင်ကျင့်ခံထားရတဲ့ ပုံစံလည်းတွေ့ရတယ်။ ဒဏ်ရာဒဏ်ချက်ကတော့ မရှိပေမယ့် လည်လှီး သတ်ပစ်ထားခဲ့တာ"
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာလည်း ဩဂုတ်လ ၂၃ ရက်နေ့က အသက် ၄၃ နှစ်အရွယ် စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး သွေးထွက်လွန် သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူ ကိုဗညားက RFA ကိုပြောပါတယ်။
"သူက စစ်ရှောင်စခန်းကနေ ရွာကိုပြန်ရင်း မြေမြှုပ်မိုင်းနင်းမိတာ ဖြစ်ပါတယ်။ သူတို့နေတဲ့ စစ်ရှောင်စခန်းက ကွန်ယမ်ဘက်မှာ။ ကွန်ယမ်ဆိုတာက ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်အစပ်မှာ။ ဒီဘက်မှာ တော်တော် များများက စစ်ကောင်စီက နင်းမိုင်းတွေထောင်တယ်။ တချို့က ၁၄ မိုင်းတို့၊ ၁၆ မိုင်းတို့ပေါ့။ ၁၄ မိုင်းက နင်းမိရင် အများစုကသေလေ့မရှိဘူး။ ခြေထောက်တွေ ထိခိုက်တာ၊ ပြတ်တောက်တာပဲ ဖြစ်တယ်။ ဒီဖြစ်စဉ်ကို ပြန်ကြည့်တဲ့အခါမှာ ၁၆ မိုင်းတွေ အများဆုံးနင်းမိပြီး သွေးထွက်လွန်ပြီး သေဆုံးတာကို တွေ့ရပါတယ်"
ပြည်သူ့ကာကွယ်ရေးတပ်တွေ လှုပ်ရှားတာမရှိဘဲ အရပ်သားတွေနေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က ပြင်းထန်တဲ့မြေမြှုပ်မိုင်းတွေ ထောင်တာကြောင့် ဒေသခံတွေ သေဆုံးနေရတာ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာနေထိုင်တဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးကလည်း စစ်ရေးပဋိပက္ခပြင်းထန်တဲ့ဒေသတွေက အမျိုးသမီးတွေရဲ့ဘဝဟာ မလုံခြုံဘဲ အကြောက်တရားနဲ့ နေနေရတယ်လို့ RFA ကိုပြောပါတယ်။
"အာဏာကြီးက အစ်မတို့ရွာတွေကိုပဲ ကွက်သိမ်းသလားလို့တောင် ထင်မိတယ်။ ဘယ်နေ့ စစ်ကြောင်းထိုးမှာလဲ။ လက်နက်ကြီးနဲ့ကလည်း မဝေးဘူးလေ။ အစ်မတို့ဆီကိုပစ်ရင်လည်း ရောက်နိုင်တယ်လေ။ ဘယ်နေ့ကို စစ်ကြောင်းလာမလဲ။ ကိုယ်အိပ်နေတဲ့အချိန်များ ကားကြီးနဲ့ မောင်းဝင်လာမလား၊ အမြဲတမ်း အကြောက်တရားနဲ့ နေရတယ်။ နောက်ပြီးတော့ အထုပ်ဆိုတာကတော့ လူတိုင်းပြင်ဆင်ထားရတာ။ ဆိုင်ကယ်နောက်ဆိုရင်လည်း အမြဲတမ်း အထုပ်တင်ထားရတယ်။ အိပ်မယ်ဆိုရင်တောင် ကိုယ့်အထုပ်ကိုဘေးချပြီး အဆင်သင့်လေးဖြစ်အောင်လုပ်ပြီး အိပ်ရတယ်။ အစ်မတို့ နယ်တွေက အချိန်မရွေး မလုံခြုံဘူး။ ဘယ်အချိန်ထိုးမှာလဲဆိုပြီး စိုးရိမ်ကြောင့်ကြမှုနဲ့ နေရတာ"
ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
"ဆိုင်ကယ်နောက်ဆိုရင်လည်း အမြဲတမ်း အထုပ်တင်ထားရတယ်။ အိပ်မယ်ဆိုရင်တောင် ကိုယ့်အထုပ်ကိုဘေးချပြီး အဆင်သင့်လေးဖြစ်အောင်လုပ်ပြီး အိပ်ရတယ်"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နော်စူဇန်နာလှလှစိုးကတော့ အာဏာသိမ်းပြီး နောက်ပိုင်း အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အဆိုးရွားဆုံးအကြမ်းဖက်မှု ကျူးလွန်ခံနေရတယ်လို့ RFA ကိုပြောပါတယ်။
"အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ အင်မတန်ကို ဆိုးရွားတဲ့အခြေအနေကို ရောက်နေပါတယ်။ အခုအချိန်မှာဆိုရင် နေရာအနှံ့မှာ စစ်ကောင်စီရဲ့ ပြည်သူတွေကိုဖိနှိပ်မှုကြောင့် နှစ်သန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ အဲဒီမှာ တစ်ဝက်ကျော်က အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ အဲဒါဘယ်သူရဲ့ တာဝန်လဲဆိုတော့ ပြည်သူတွေကို ရန်သူလို ပစ်မှတ်ထားပြီးတော့ လိုက်လံ ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့တာဝန်ပဲ ဖြစ်ပါတယ်"
အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ် ချိုးဖောက်မှုတွေကို စနစ်တကျမှတ်တမ်းတင်ထားပြီး နိုင်ငံတကာ တရားစီရင်ရေး ဌာနတွေထံ ပေးပို့တိုင်ကြားသွားမယ်လို့လည်း ဆိုပါတယ်။
မြန်မာ့အမျိုးသမီးများသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာပါတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်ဆီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့တပ်သားတွေဟာ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်တာမျိုးကို မလုပ်ဘူးလို့ မကြာခဏတုံ့ပြန် ပြောဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းပြီး ၃၁ လ အတွင်း စစ်ကောင်စီတပ်ရဲ့ မတရားသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ လေးထောင်ကျော်ထဲမှာ အမျိုးသမီး ခြောက်ရာကျော်ပါဝင်ပါတယ်။