မွတ်စလင်ကိုယ်စားပြုမှု လွှတ်တော်သစ်မှာ ရှိလာမလား
2020.06.24
လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှာ မွတ်စလင်တွေကို ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ် ဒီနေ့အထိ တစ်ဦးမျှမရှိခဲ့ပါဘူး။ ဒါပေမဲ့ လာမယ့် ၂၀၂၀ မှာတော့ NLD က ဒီအစဉ်အလာထဲကနေ ရုန်းထွက်တော့မှာပါ။
NLD ပါတီရဲ့ မြို့နယ်အလိုက် ကိုယ်စားလှယ်လောင်းတွေထဲမှာမွတ်စလင်ကိုယ်စားလှယ်လောင်း တချို့ ပါဝင်လာပါပြီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို မကြာခင်ရက်ပိုင်းအတွင်း ပါတီဗဟို ကနေ အပြီးသတ် ရွေးချယ်တော့မှာဖြစ်ပါတယ်။ မြို့နယ်အဆင့်ဆင့်ကနေ ပါတီဗဟိုကိုတင်တဲ့ ဦးစားပေး ၁ နဲ့ ဦးစားပေး ၂ စတဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေထဲမှာ လူနည်းစု မွတ်စလင် ကိုယ်စားလှယ်တချို့ ပါဝင်တာကို RFA က စုံစမ်းသိရှိရပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး က သူတို့မြို့နယ် အတွက် ဦးစားပေး ၂ စာရင်းထဲမှာ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်း တစ်ယောက် ပါဝင်တယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့ ဒီဦးစားပေးအဆင့် ၁ ထဲမှာတော့ မပါဘူးဗျ၊ ဦးစားပေးအဆင့် ၂ မှာ တစ်ယောက်ပါတယ် ပြည်သူ့လွှတ်တော်နေရာပေါ့နော်၊ စာရင်းတွေက ဘာမှမထွက်သေးဘူး ဗဟိုကအတည်ပြုမှထွက်မှာ၊ ကျွန်တော်တို့ကတော့ တိတိကျကျ ဘာမှမသိထာဘူးဗျ၊ ပါတီဗဟိုကပဲသိလိမ့်မယ်၊ ဗဟိုက ချမှတ်တဲ့ အခြေအနေပဲရှိပါလိ့မ်မယ်၊ အရည်အချင်းပေါ်မူတည်ပြီးတော့ လုပ်နိုင်ရင်လုပ်နိုင်သလိုတော့ ရွေးချယ် သွားမှာပါပဲ၊ အခုကတော့ အားလုံးကိုခြုံငုံပြီးတော့ သူတို့ စိစစ်ဆုံးဖြတ်သွားမှာပါ။"
ပန်းပဲတန်းမြို့နယ်အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းတဲ့အထဲမှာလည်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဦးစားပေး ၁ ထဲမှာ အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါဝင် တယ်လို့သိရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်း ဘယ်နှစ်ယောက် ပါဝင်လာနိုင်တယ် ဆိုတာကို NLD ပါတီက ထုတ်ပြောခြင်းမရှိသေးပါဘူး။
မွတ်စလင် ကိုယ်စားလှယ်လောင်းတွေကို NLD က ရွေးချယ်ဖို့အတွက် ဦးစားပေးစာရင်းမှာ တင်သွင်းလာလို့ ဝမ်းသာကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံက UC Berkeley တက္ကသိုလ်မှာ ဥပဒေပညာသင်ယူနေတဲ့ မဝေဝေနုက RFA ကိုပြောပါတယ်။
"အခုလိုခြေလှမ်းတွေမှာ ဒီမိုကရေစီကို တကယ်လျှောက်လှမ်းစေတဲ့ ခြေလှမ်းတွေလို့ ကျွန်မအနေနဲ့ မြင်တဲ့အတွက်ကြောင့် ကြိုဆိုပါတယ်၊ အခုလိုမျိုး စပြီးလုပ်ဆောင်လာပြီဆိုလို့ရှိရင် ကျွန်မတို့ ဒီလိုမျိုး အမြစ်တွယ်နေတဲ့ ခွဲခြားတဲ့စိတ်တွေကို ဖယ်ရှားပေးနိုင်မှာဖြစ်သလို တိုင်းပြည်မှာ တကယ့်ကို ဆိုးရွားနေတဲ့ နိုင်ငံတကာမှာရော ပြည်တွင်းထဲမှာပါမြင်နေတဲ့ ဗမာလူမျိုးကြီးဝါဒကိုပါ တဖြည်းဖြည်းနဲ့ ပြောင်းလဲသွား အောင် လုပ်ဆောင်သွားလို့ရမှာဖြစ်ပါတယ်။"
NLD ပါတီမှာ ဘာသာခြားကို မရွေးချယ်ရဘူးဆိုတဲ့ မူမရှိကြောင်းနဲ့ ဘယ်နှစ်ရာခိုင်နှုန်း ရွေးမယ်စတဲ့ ဆုံးဖြတ်ချက်ကို ပါတီဗဟိုထိပ်ပိုင်းခေါင်းဆောင်တွေသာ သိနိုင်မယ်လို့ ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က RFA ကိုပြောပါတယ်။
"ကျွန်တော်တို့ကတော့ ဒီဟာတွေကို မရွေးရဘူးဆိုတဲ့မူတော့မရှိဘူး ဒါသေချာတယ်၊ ဘယ်လိုအခြေအနေမှာ ဘယ်လိုအနေအထားနဲ့ လုပ်ပါဆိုတာလည်း ဒါလည်း ရှိရင်တော့ရှိနိုင်တယ်၊ သို့သော် အခုထိတော့ အဲဒီကိစ္စ ကို ကျွန်တော်တော့မသိဘူး၊ ဘယ်သူတွေပါလဲ ဘယ်လောက်ရှိသလဲဆိုတာလည်း ကျွန်တော်မသိဘူးနော်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က တချို့ဟာတွေက သိဖို့အချိန်နည်းနည်းယူရတယ်ဗျ အဲဒါတွေက၊ CEC ကပဲ ဒီဟာတွေကိုဆုံးဖြတ်တာလေ။"
NLD ပါတီက ဦးစားပေးရွေးချယ်မယ့် ကိုယ်စားလှယ်အရည်အချင်း ၇ ချက် သတ်မှတ်ထားပါတယ်။ ပါတီရဲ့ နိုင်ငံရေးမူဝါဒနဲ့ သဘောထားတွေကို လိုက်နာသူ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား အားပေးထောက်ခံ ပံ့ပိုးကူညီသူ၊ ဒေသနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ပြည်သူယုံကြည်လက်ခံအားကိုးသူ၊ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး အတွေ့အကြုံနဲ့ အမြင်ရှိသူ အစရှိတဲ့ စည်းကမ်းချက်တွေနဲ့ ရွေးချယ်မယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲက တိုင်းရင်းသားနဲ့ လူငယ်အမျိုးသမီးတွေကို ဦးစားပေးမယ်လို့လည်း သိရပါတယ်။
မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်လောင်းတွေကို အောက်ခြေကနေစပြီး တင်သွင်းလာတဲ့အပေါ် ကြိုဆိုတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။
"ကိုယ့်ရဲ့မဲဆန္ဒနယ်ကို ကိုယ်စားပြုနိုင်တဲ့သူကို ရွေးချယ်တာမျိုးဟာ ကောင်းမွန်လာတယ် တိုးတက်လာ တယ်လို့ ကျွန်တော်တို့ အကြမ်းဖျဉ်းပြောချင်တယ်၊ တခြားနိုင်ငံရေးပါတီတွေလည်း ဝင်ရောက်ယှဉ်ပြိုင် တဲ့အခါမှာ မဲဆန္ဒနယ်အလိုက် ကိုယ်စားပြုနိုင်တဲ့သူ၊ မဲဆန္ဒနယ်ကို ထင်ဟပ်စေနိုင်တဲ့သူမျိုးကို ရွေးချယ်နိုင်တဲ့အခါမှာ ပိုကောင်းတာပေါ့။"
ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေထဲမှာရော ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာရော NLD ပါတင်မဟုတ်ဘဲ အခြားပါတီတွေမှာလည်း အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်တွေ မရှိခဲ့ဘူးလို့ စိုင်းရဲကျော်စွာမြင့် က ဆိုပါတယ်။
မွတ်စလင်အများအပြားနေထိုင်ကြတဲ့ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်းမြို့နယ်က မွတ်စလင်တချို့ ဦးစားပေး စာရင်းမှာပါပေမယ့်၊ ကျောက်တံတားမြို့နယ်မှာတော့ ကိုယ်စားလှယ်ဟောင်းတွေက တင်ကြတာများတယ်လို့ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက RFA ကိုပြောပါတယ်။
"ကျွန်မတို့မြို့နယ်မှာ တစ်ယောက်မှမပါဘူး ဘာသာခြားတင်တဲ့အထဲမှာလေ နဂိုလူတွေပဲ ပြန်လုပ်ကြတာ များတော့လေ၊ ကျွန်မတို့ဆီမှာ အသစ်တင်တဲ့သူကိုသိပ်မရှိတာ၊ အဲဒါတွေကတော့ လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပဲ၊"
လူနည်းစုတွေကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေမရှိခဲ့လို့ လွှတ်တော်မှာ မွတ်စလင်လူမှုအသိုင်းအဝိုင်းရဲ့ အသံပျောက်ဆုံးခဲ့ရတာ အကျည်းတန်တယ်လို့ မဝေေ၀နုက ပြောပါတယ်။ ဥပမာအားဖြင့် ၂၀၁၇ တုန်းက ရခိုင်မြောက်ပိုင်းကိစ္စဆိုရင် လက်လွန်ခြေလွန်ဖြစ်သွားပြီးမှ တိုင်းပြည်နစ်နာရတဲ့အထိ ဖြစ်သွားတယ်လို့ သူက ထောက်ပြပါတယ်။
"အခု ရခိုင်မှာဆိုလို့ရှိရင် လူမျိုးတုံးသတ်ဖြတ်မှုလို့တောင် တရားစွဲဆိုခံထားရတဲ့ အနေအထားပေါ့နော်၊ တကယ်လို့သာ နဂိုကတည်းက မွတ်စလင်တွေရဲ့ ကိုယ်စားပြုမှုတွေ ဒီလူနည်းစုတွေရဲ့ ကိုယ်စားပြုမှုတွေ လွှတ်တော်တွေထဲမှာ နိုင်ငံရေးဖြစ်စဉ်တွေထဲမှာ ပါဝင်နေခဲ့တယ်ဆိုရင် ဒီလိုကိစ္စတွေကိုမဖြစ်အောင်လို့ ကျွန်မတို့က ထိန်းထိန်းသိမ်းသိမ်းနဲ့ ဝိုင်းဝန်းပြီးတော့ ကာကွယ်လို့ရမှာဖြစ်ပါတယ်၊ ရခိုင်ဆိုလို့ရှိရင် လုံးဝကို စုတ်ပြတ်သတ်အောင်ဖြစ်သွားတဲ့ အနေအထားအထိပေါ့နော်၊ ဒါဟာ ဒီလူမျိုးစုတစ်စုတည်းကိုပဲ နစ်နာစေ တာမဟုတ်ပါဘူး၊ တစ်တိုင်းပြည်လုံးကိုနစ်နာစေတာလို့ ကျွန်မအနေနဲ့ ယူဆပါတယ်ရှင့်။"
NLD ပါတီဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြည်နယ်နဲ့တိုင်း ၁၄ ခုစလုံးမှာ ကိုယ်စားလှယ်ပေါင်း ၁၁၅၂ ယောက် ဝင်ရောက်ယှဉ်ခဲ့ရာမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ၂၅၅ နေရာ၊ အမျိုးသား လွှတ်တော်အတွက် ၁၃၅ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၄၇၅ နေရာနဲ့ တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် ၂၁ နေရာ အနိုင်ရရှိခဲ့ပါတယ်။
တစ်နိုင်လုံးအတိုင်းအတာနဲ့ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်နေရာ ၈၆၆ ယောက်ထဲမှာ ဘာသာခြားတွေထဲက အစ္စလာမ်ဘာသာအတွက် ကိုယ်စားပြုတဲ့ မွတ်စလင်လူမျိုးကိုယ်စားလှယ် တစ်ယောက်မှ မပါဝင်ခဲ့ပါဘူး။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း အစောပိုင်းကာလမှာ မွတ်စလင် လွှတ်တော်ကိုယ်စားပြုမှုတွေ ရှိခဲ့ပါတယ်။ တပ်မတော်အစိုးရ လက်ထက်ကနေ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ကြံ့ခိုင်ရေးပါတီက ရခိုင် ပြည်နယ်က မွတ်စလင် ကိုယ်စားလှယ်တချို့ရွေးချယ်ခဲ့တာရှိပြီး ၂၀၁၅ ခုနှစ်မှာတော့ တစ်ဦးတစ်ယောက်မှ ရွေးချယ်ခံရခြင်း မရှိခဲ့ပါဘူး။