ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြု ဘယ်သူဖြစ်လာမလဲ
2021.09.15

စက်တင်ဘာ ၁၄ ရက် မနေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ စတင်ကျင်းပတဲ့ ၇၅ ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံပိတ်ပွဲနဲ့ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံဖွင့်ပွဲ အစည်းအဝေး တွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း တက်ရောက်ခွင့်ရခဲ့ကြောင်း နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးက မနေ့က သတင်း ထုတ်ပြန်လိုက်ပါတယ်။
ထူးခြားတာကတော့ ဒီအစည်းအဝေးတွေမှာ စစ်ကောင်စီဘက်က ကိုယ်စားလှယ် တက်ရောက်ခွင့်မရခဲ့ဘူးလို့ နယူးယောက်မြို့ သံတမန် အသိုက်အဝန်းက ပြောပါတယ်။
ဒါပေမဲ့ ဦးကျော်မိုးထွန်းရဲ့ ကိုယ်စားလှယ်သက်တမ်းဟာ ဒီနှစ်ကုန်မှာ ပြီးဆုံးတော့မှာမို့ အခုကျင်းပနေတဲ့ ကုလညီလာခံကနေ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီတို့အနက် နိုင်ငံတကာ မျက်နှာစာမှာ ဘယ်သူက မြန်မာနိုင်ငံကို တရားဝင် ကိုယ်စားပြုခွင့်ရမလဲဆိုတာကို Credentials Committee လို့ခေါ်တဲ့ အရည်အချင်းစစ်ကော်မတီက ဆုံးဖြတ်ရမှာပါ။
ကုလသမဂ္ဂစင်မြင့်မှာ အစိုးရတစ်ရပ်ကို အသိမှတ်ပြုခွင့်ပေးဖို့ စဉ်းစားတဲ့အခါ အခြေခံအားဖြင့် နယ်မြေ ထိန်းချုပ်ထားနိုင်မှု၊ ဒီမိုကရေစီနည်းကျ ဖြစ်တည်မှုနဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာမှု စတဲ့ အခြေခံအချက်တွေပေါ် မူတည်ပြီး စဉ်းစားလေ့ရှိတယ်လို့ နိုင်ငံတကာအရေး ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ဒီလို စဉ်းစားတဲ့အခါ NUG ဟာ ဒီမိုကရေစီနည်းလမ်းတကျ ဖြစ်တည်မှု၊ နိုင်ငံတကာဥပဒေတွေကို လေးစား လိုက်နာနိုင်မှုဆိုတဲ့ အားသားချက်တွေရှိနေသလို၊ စစ်ကောင်စီဘက်ကလည်း လက်တွေ့ နယ်မြေ ထိန်းချုပ်နိုင်မှု ဆိုတဲ့ အားသာချက်က ရှိနေတယ်လို့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ အမျိူးသား ညွန့်ပေါင်း အစိုးရ NCGUB မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးဘိုလှတင့် က ပြောပါတယ်။
"ကုလပဋိညာဉ်က ဘာလဲဆိုတော့ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံကို ကိုယ်စားပြုတဲ့ အစိုးရများ သို့တည်းမဟုတ် ကိုယ်စားလှယ်အဖွဲ့များဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အပံ့ အကူအညီပေးတဲ့ အစဉ်အလာရှိတဲ့ အစိုးရမျိုး၊ ပြည်သူလူထုကနေ တရားဝင် ရွေးချယ်တင်မြောက်ထားတဲ့၊ နိုင်ငံတကာ ကလည်း အသိအမှတ်ပြုထားတဲ့ အစိုးရမျိုး ဖြစ်ဖို့လိုတယ်။ စစ်အုပ်စုအနေနဲ့ ဒီအရည်အသွေး ပျက်ယွင်း နေတာကို တွေ့ရပါတယ်။ သူတို့မှာရှိတာက လက်နက်အားကိုးနဲ့ တိုင်းပြည်ရဲ့ နယ်မြေဒေသကို ထိန်းချုပ်ထားနိုင်တာကလွဲလို့ ပြည်သူလူထုရဲ့ ထောက်ခံမှုလည်း မရှိဘူး၊ နိုင်ငံတကာရဲ့ အသိအမှတ် ပြုမှုလည်း လုံးဝမရှိဘူး"
အခုစတင်ကျင်းပနေတဲ့ ၇၆ ကြိမ်မြောက် ကုလ အထွေထွေညီလာခံမတိုင်ခင် ရက်အနည်းငယ်က အရည်အချင်း စစ်ကော်မတီမှာ ပါဝင်တဲ့ အင်အားကြီး တရုတ်နဲ့ အမေရိကန် ကိုယ်စားလှယ်တွေအကြား မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကြိုတင်ညှိနှိုင်းခဲ့ကြပြီး၊ စစ်ကောင်စီကိုယ်စားလှယ်ကို ညီလာခံတက်ရောက်ခွင့် မပြုဖို့၊ လက်ရှိ ကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကပဲ ညီလာခံတက်ရောက်ဖို့၊ ဒါပေမဲ့ ညီလာခံမှာ စကား ပြောခွင့်မပြုဖို့ အချက်တွေကို သဘောတူခဲ့ကြောင်း အမေရိကန်အခြေစိုက် နိုင်ငံခြားရေးမူဝါဒ Foreign Policy မဂ္ဂဇင်းက ရေးသားဖော်ပြခဲ့ပါတယ်။
ဒီအချက်က စစ်ကောင်စီရဲ့ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သိသာထင်ရှားစေတယ်လို့ နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။
"ဦးကျော်မိုးထွန်းကိုပဲ ကုလမှာ ဆက်လက်ထားရှိမယ်ဆိုတဲ့ အခြေအနေမျိုး ပိုပြီးအားသာနေတာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးကျော်မိုးထွန်းက အရင်ကတည်းက မြန်မာနိုင်ငံ ကိုယ်စားပြုပြီး လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ သံတမန်ဖြစ်တယ်၊ အဲဒီသံတမန်ပေါ်မှာပဲ ဆက်ထားရှိဖို့ သူတို့ဘက်က ဆွေးနွေးကြ တယ်လို့ သိရတယ်။ ဒီပုံစံအတိုင်း ဖြစ်လာရင်တော့ စစ်ကောင်စီဘက်က စေလွတ်တဲ့သူကို အသိအမှတ်ပြုဖို့ ဒါက မဖြစ်နိုင်တော့ဘူး"
အခုစတင်ကျင်းပနေတဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကနေ အရေးပါတဲ့ အရည်အချင်းစစ် ကော်မတီ အဖွဲ့ဝင် ကိုးဦးအဖြစ် အမေရိကန်၊ တရုတ်၊ ရုရှား၊ ဘူတန်၊ ဘဟားမား၊ ချီလီ၊ ဆီရီယာလီယွန်း၊ နမီးဘီးယားနဲ့ ဆွီဒင် နိုင်ငံတို့က ကိုယ်စားလှယ်တွေကို မနေ့က ရွေးချယ်လိုက်ပါတယ်။

ဒီကော်မတီရဲ့ အစည်းအဝေးတွေကို လာမယ့် နိုဝင်ဘာလမှာ စတင်မှာဖြစ်ပြီး၊ မြန်မာနိုင်ငံကို ဘယ်သူ ကိုယ်စားပြုခွင့်ရမလဲဆိုတာကို ကော်မတီက ဆုံးဖြတ်ချက် မချသေးသ၍ ဦးကျော်မိုးထွန်း ကပဲ မြန်မာနိုင်ငံကို ဆက်လက် ကိုယ်စားပြုခွင့် ရနေဦးမယ်လို့ သံတမန်အသိုက်အဝန်းနဲ့ ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းတွေကို ကိုးကားပြီး ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။
သာမန်အားဖြင့်တော့ ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်ပွဲလို့ သုံးသပ်နိုင်ပေမယ့် ဦးကျော်မိုးထွန်း အနေနဲ့ ကုလအစည်းအဝေးတွေမှာ စကားပြောခွင့်မရရင် ဒါဟာ NUG ကိုလည်း အသိအမှတ်ပြုသေးတာ မဟုတ်ဘူးလို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က ထောက်ပြဝေဖန်ပါတယ်။
"သာမန်ကြည့်ရင်တော့ နစက ဘက်က ခန့်အပ်တဲ့ ကိုယ်စားလှယ်ကို လက်မခံလို့ နစက ရှုံးထားတယ်၊ NUG ဘက်က ဦးကျော်မိုးထွန်း ထိုင်နေလို့ နိုင်တယ်။ ဒါကတော့ သာမန်အနိုင်အရှုံး ပါးပါးလေး တွက်ရင်တော့ ထိုင်ခုံနေရာရတဲ့သူက နိုင်တယ်လို့ သာမန်တွက်ကြမှာပေါ့လေ။ ဒါပေမဲ့ ထိုင်ခုံနေရာ ရသွားတဲ့သူတစ်ယောက်က ဘာမှပြောခွင့်မရဘူး၊ ဘယ်သူ့မှ ကိုယ်စားပြုခွင့်မပြုဘူးဆိုတဲ့ သဘောတရား ဟာ NUG ကိုလည်း အသိအမှတ် မပြုသေးဘူးဆိုတဲ့ သဘောတရားပဲ"
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ စစ်ကောင်စီ အိမ်စောင့်အစိုးရဟာ မြန်မာနိုင်ငံကို လက်တွေ့ကျကျ ထိန်းချုပ်ထားနိုင်သလို နိုငံတကာဥပဒေတွေကိုလည်း အရင်ကထက် ပိုလေးစားလိုက်နာလာတဲ့အတွက် ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့် ရရှိဖို့ သူယုံကြည်တယ်လို့လည်း ဦးသိန်းထွန်းဦး က ပြောသွားပါတယ်။
"စစ်ကောင်စီကို အသိအမှတ်ပြုလိုက်ရင်တော့ တိုင်းပြည်ရဲ့အခြေအနေက ပိုဆိုးသွားမှာပေါ့"
ဆွီဒင်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး ကတော့ ကုလ အရည်အချင်းစစ် ကော်မတီအနေနဲ့ စစ်ကောင်စီကို မြန်မာနိုင်ငံအတွက် ကိုယ်စားပြုခွင့် ပေးလိုက်မယ်ဆိုရင် ပဋိပက္ခတွေ ထူပြောနေတဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပိုဆိုးသွားလိမ့်မယ်လို့ သုံးသပ်ပါတယ်။
"စစ်ကောင်စီကို အသိအမှတ်ပြုလိုက်ရင်တော့ တိုင်းပြည်ရဲ့အခြေအနေက ပိုဆိုးသွားမှာပေါ့။ ဘာကြောင့်လဲ ဆိုတော့ သူက အစိုးရတစ်ရပ်အဖြစ်နဲ့ တရားဝင် လည်ပတ်ခွင့်ရသွားပြီ၊ နိုင်ငံတကာနဲ့ ဆက်ဆံရေး လုပ်ခွင့်ရသွားပြီ၊ လက်နက်ဝယ်မယ်ဆိုရင်လည်း သူ့ကို ဥပဒေအရ ပိတ်ပင်တားဆီးထားတာ မရှိဘူးဆိုရင် ဝယ်ခွင့်ရသွားပြီ၊ နိုင်ငံတကာနဲ့ စာချုပ်တွေ ချုပ်ခွင့်ရသွားပြီ၊ ကုမ္ပဏီတွေ ဆက်လက် လက်ခံလို့ရသွားပြီ၊ ဝင်ငွေ အများကြီးဝင်သွားပြီ၊ အဲလိုဆိုရင် စစ်ကောင်စီဘက်က အခြေအနေများစွာ ကောင်းသွားပြီး လူထုနဲ့တိုင်းပြည်အတွက်က ပိုဆိုးသွားမှာ သေချာပါတယ်"
မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အရည်အချင်းစစ် ကော်မတီအနေနဲ့ ကုလသမဂ္ဂမှာ NUG ကို အသိအမှတ်ပြုတာ၊ စစ်ကောင်စီကို အသိအမှတ်ပြုတာ၊ လက်ရှိ ကိုယ်စားလှယ်ကိုပဲ ဆက်လက်ထားရှိတာနဲ့ ဘယ်သူ့ကိုမှ ကိုယ်စားပြုခွင့် မပေးဘဲ နေရာလွတ်ထားတာ စတဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဆုံးဖြတ်ချက်က လေးမျိုး ရှိနေတယ်လို့ နိုင်ငံတကာအရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
တကယ်လို့ NUG ကို အသိအမှတ်ပြုခဲ့ရင် စစ်တပ်ဟာ မြန်မာပြည်ထဲက ကုလယန္တရားတွေအပေါ် သေချာပေါက် နှောက်ယှက်လာမှာဖြစ်သလို စစ်တပ်ကိုသာ ကိုယ်စားပြုခွင့်ပေးခဲ့ရင်လည်း မြန်မာပြည်သူ တွေရဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေကို ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကုလအရေး ကျွမ်းကျင်သူတွေက ပြောပါ တယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး မျက်ခြေမပြတ် လေ့လာစောင့်ကြည့် မှတ်တမ်းတင်နေတဲ့ ISP– Myanmar အဖွဲ့ကတော့ ကုလသမဂ္ဂအဖွဲ့ကြီးက ဘယ်သူ့ကိုမှ ကိုယ်စားပြုခွင့်မပေးဘဲ မြန်မာပြည်ကို နေရာလွတ် ထားမယ်ဆိုရင် ဒါဟာ မြန်မာပြည်သူတွေအတွက် အလွန်နစ်နာလိမ့်မယ်လို့ သုံးသပ်ပါတယ်။
တကယ်လို့ လက်ရှိကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိမယ် ဆိုရင်တောင် NUG အတွက် နိုင်ငံတကာအလယ်မှာ နိုင်ငံရေးအရ မျက်နှာပွင့်တဲ့ အခြေအနေမျိုး မဖြစ်အောင် ကုလအဖွဲ့ကြီးက မျှမျှတတ စီစဥ်မှာဖြစ်ပြီး အနည်းဆုံးတော့ စကားပြောခွင့် မရတာမျိုးဖြစ်နိုင်တယ်လို့လည်း နိုင်ငံတကာအရေး ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ISP Myanmar အဖွဲ့က သုံးသပ်ထားပါတယ်။